၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ

၁၁ မတ်

မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။

သက်ထားသူဇာသည် ယခုနောက်ပိုင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရယူနိုင်ခဲ့ပြီး သူမအနေဖြင့် အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ်မှစ၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရယူနိုင်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၀ဝ အတွင်းဝင်ရန် လိုအပ်ကြောင်း သိရသည်။

သက်ထားသူဇာအနေဖြင့် လက်ရှိတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၃၆ သာ ရှိသေးသောကြောင့် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရအောင် ကြိုးပမ်းပြီး အဆင့်တက်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ 

ထို့ကြောင့် သက်ထားသူဇာသည် မတ်လစတုတ္ထပတ်မှ ဧပြီအတွင်းကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲသုံးခုတွင် ဆက်တိုက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ကျင်းပနေသည့်ပြိုင်ပွဲများအနက် မတ် ၂၁ ရက်မှ ၂၄ ရက်အထိ နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် Future Series ပြိုင်ပွဲတစ်ခုဖြစ်သော Yonex North Harbour International ပြိုင်ပွဲ၊ မတ် ၂၈ ရက်မှ ၃၁ ရက်အထိ နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲတစ်ခုဖြစ်သော Yonex Waikato International ပြိုင်ပွဲနှင့် ဧပြီ ၉ ရက်မှ ၁၄ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် International Challenge ပြိုင်ပွဲတစ်ခုဖြစ်သော Yonex Sunrise Vietnam International Challenge ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး ကင်ညာနိုင်ငံ၌ ကျင်းပသည့် ကြက်တောင်ပြိုင်ပွဲအပြီး ပြန်လည်ရောက်ရှိလာကတည်းက ပြန်လည်လေ့ကျင့်နေခြင်းဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် မတ်လဆန်းအထိ နိုင်ငံတကာပြိုင်ပွဲငါးခု ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲလေးခုတွင် အောင်မြင်မှုရယူနိုင်ခဲ့သည်။ သက်ထားသူဇာသည် အောက်တိုဘာတွင် အီဂျစ်နိုင်ငံ၌ကျင်းပသည့် International Series ပြိုင်ပွဲတွင် ချန်ပီယံဆု၊ ဖေဖော်ဝါရီတွင် ယူဂန္ဓာနိုင်ငံ၌ကျင်းပသည့် International Series ပြိုင်ပွဲတွင် ချန်ပီယံဆု၊ ဖေဖော်ဝါရီနောက်ဆုံးပတ်မှ မတ်လဆန်းအထိ ကင်ညာနိုင်ငံ၌ ကျင်းပသည့် Future Series ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့ပြီး ဒီဇင်ဘာတွင် နီပေါနိုင်ငံ၌ ကျင်းပသည့် International Series ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်