၂၀၂၀ AFC Cup ပြိုင်ပွဲခြေစစ်ပွဲတွင် ရန်ကုန်နှင့် ဘရူနိုင်းကလပ်အသင်း တွေ့ဆုံ

ရန်ကုန် ၂၁ ဒီဇင်ဘာ

 

၂၀၂၀ AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲများကို ဇန်နဝါရီနောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရူနိုင်းကလပ် အင်ဒရာအသင်းနှင့် တွေ့ဆုံနေသည်။

 

အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ မြန်မာကလပ်အသင်းများအနက် အမှတ်ပေးချန်ပီယံအသင်းသာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ရှုံးထွက်ချန်ပီယံအသင်းမှာ ခြေစစ်ပွဲအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။ အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ရှုံးထွက်ချန်ပီယံ ရန်ကုန်အသင်းမှာ ခြေစစ်ပွဲအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။

 

ရန်ကုန်အသင်းသည် ဘရူနိုင်းကလပ် အင်ဒရာအသင်းနှင့် နှစ်ကျော့ကစားရမည်ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်တွင် အဝေးကွင်းကစားရမည်ဖြစ်ကာ ဇန်နဝါရီ ၂၉ ရက်တွင် အိမ်ကွင်းပြန်လည်ကစားရမည် ဖြစ်သည်။ ရန်ကုန်အသင်းသည် ခြေစစ်ပွဲအောင်မြင်ပါက အုပ်စု (F) တွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ စင်ကာပူကလပ် ဟောင်အန်ယူနိုက်တက်အသင်း၊ လာအိုကလပ် လာအိုတိုယိုတာအသင်းတို့နှင့် ကျရောက်မည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲတွင် ခုနစ်ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ပုံစံသစ်ပြောင်းလဲပြီးနောက်ပိုင်း အမြင့်ဆုံးအဖြစ် အာဆီယံဇုန် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

 

ရန်ကုန်အသင်းသည် ရာသီကြိုအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များစွာ ခေါ်ယူထားပြီး နိုင်ငံခြားသားကစားသမားများအဖြစ် တိုက်စစ်မှူးများဖြစ်သော ဘာဖိုနှင့် အီမန်နျူရယ်၊ ကွင်းလယ်လူ ရှိုရာ၊ နောက်ခံလူ အဘူဘာကာတို့အပြင် ပြည်တွင်းကစားသမားများဖြစ်သည့် ထိုက်ထိုက်အောင်၊ သိန်းသန်းဝင်း၊ အောင်ကျော်နိုင်၊ ရန်ပိုင်စိုး၊ မောင်မောင်ဝင်းနှင့် ကြည်လင်းတို့ကို ခေါ်ယူထားသည်။

 

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်