၂၀၂၀ အာဆီယံကလပ် ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

၂၈ ဒီဇင်ဘာ

 

အာဆီယံဘောလုံးအဖွဲ့ချုပ်က ပြန်လည်ကျင်းပမည့် ၂၀၂၀ အာဆီယံကလပ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


 

အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၂၀၀၃ နှင့် ၂၀၀၅ ခုနှစ်တွင် နှစ်ကြိမ်ကျင်းပခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် အကြာတွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်း ၁၁ နိုင်ငံမှ ကလပ်အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှတစ်သင်း ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ၂၀၁၉ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် လိဂ်ကော်မတီအစည်းအဝေးတွင် အတည်ပြုခဲ့သည်။

 

အရှေ့တောင်အာရှ အင်အားကြီးနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ ကလပ်အသင်းများမှာ (၂) သင်းစီ၊ မြန်မာနှင့် စင်ကာပူကလပ်အသင်းများမှာ (၁) သင်းစီ ပေါင်း (၁၀) သင်းမှာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားနှင့် တီမောကလပ်အသင်းများမှာ (၁) သင်းစီ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သော်လည်း Play-off  အဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး နှစ်သင်းသာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။  ပြိုင်ပွဲကို မေလမှ နိုဝင်ဘာအထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း (၁၂) သင်းကို ခြောက်သင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုငါးပွဲကို အိမ်ကွင်း၊ အဝေးကွင်း ကစားရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဗိုလ်စွဲမည့်အသင်းမှာ အမေရိကန်ဒေါ်လာ (၄၀၀၀၀၀) ရရှိမည်ဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံးအတွက် စုစုပေါင်းဆုကြေးငွေကို အမေရိကန်ဒေါ်လာ တစ်သန်းအထိ ချီးမြှင့်ရန် စီစဉ်ထားသည်။

 
မြန်မာကလပ်အသင်းများအနေဖြင့် ၂၀၀၅ ပြိုင်ပွဲတစ်ကြိမ်သာ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဘဏ္ဍာအခွန်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာကလပ်အသင်းများသည် ယခင်က အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ကလပ်ပြိုင်ပွဲများတွင်သာ ယှဉ်ပြိုင်နေရသော်လည်း ပြိုင်ပွဲတစ်ခု ထပ်တိုးလာသောကြောင့် အကျိုးရှိမည့် ပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ -စိုးညွန့်