နေပြည်တော် ၁၀ ဇူလိုင် 

 

(၂၀၂၀-၂၁) ပညာသင်နှစ် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ် သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းဝင်ခွင့် လျှောက်လွှာစိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် အရေးကြီးသည့် အခန်းကဏ္ဍ၌ သူနာပြုနှင့် သားဖွားဆရာမများ ပါဝင်နေ ပါကြောင်း၊ ထိုသို့အရေးကြီးသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေး ထုတ်နိုင်ရန် အတွက် သင်တန်းဝင်ခွင့်များ စိစစ်ရွေးချယ်ရာတွင် သတ်မှတ်ထားရှိသော စည်းကမ်းချက်များနှင့်အညီ တိကျစွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အမှန်တကယ်စိတ်ပါဝင်စားပြီး အရည်အချင်းပြည့်မီသူများ သင်တန်းတက်ရောက်ခွင့်ရစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်နိုင်ပြီး သူနာပြုနှင့် သားဖွားဆရာမများ ဖြစ်လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေး အတွက် သင်တန်းတက် ရောက်မည့်သူများသည် သတ်မှတ်ထားသည့် ကျန်းမာရေးကောင်းမွန်မှု အဆင့်ပြည့်မီရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကောင်းမွန်မှု စစ်ဆေးရာတွင်လည်း စနစ်တကျ တိကျသေချာစွာ စစ်ဆေးမှုသည် အထူး အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၂၀၁၇-၁၈) ပညာသင်နှစ်တွင် သူနာပြုသင်တန်းသား/သူ (၁၇၀၀) ဝန်းကျင်ခန့် သာ ခေါ်ယူခဲ့ရာမှ (၂၀၁၈-၁၉) ပညာသင်နှစ်မှ စတင်၍ သင်တန်းသား/သူ (၃၅၀၀) ဝန်းကျင်ခန့် အရေအတွက် တိုးမြှင့်ခေါ်ယူခဲ့ပြီး (၂၀၂၀-၂၁) ပညာသင်နှစ်တွင် (၄,၃၀၀) အထိ တိုးမြှင့်ခေါ်ယူသွား ရန်လျာထားပါကြောင်း၊ ထိုသို့ အရေအတွက် တိုးမြှင့်ခေါ်ယူရုံသာမက အရည်အသွေးတိုးမြင့်စေရေးအတွက် နိုင်ငံတကာစံနှုန်းမီ သူနာပြု သင်ရိုးညွှန်းတမ်းသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များနှင့် ဝန်ကြီးဌာနမှ ပညာရှင်များပူးပေါင်းကာ ရေးဆွဲခဲ့ပြီး အသုံးပြုလျက် ရှိပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ သင်တန်းကျောင်း အဆောက်အဦများ၊ အိမ်ရာများ၊ စာကြည့်တိုက်များကိုလည်း တိုးချဲ့ဆောက်လုပ်ခဲ့ပါကြောင်း၊ ရွှေဘိုနှင့် မြောင်းမြမြို့များတွင် သူနာပြုနှင့် သားဖွားသင်တန်း ကျောင်း၊ ဟားခါးမြို့တွင် သားဖွားသင်တန်းကျောင်းတို့ကို ဖွင့်လှစ်နေပြီဖြစ်ပြီး ကျောက်ဖြူမြို့တွင်လည်း သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းအားလာမည့်နှစ်တွင်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက သူနာပြု သင်တန်းကျောင်းများအား စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ပံ့ပိုးဆောင်ရွက်ခဲ့ရာ မကြာမီတွင် ပုဂ္ဂလိကသူနာပြု သင်တန်းကျောင်းများလည်း ဖွင့်လှစ်တော့မည် ဖြစ်ပါကြောင်း၊ သူနာပြုတက္ကသိုလ်များတွင် အထူးပြုသူနာပြု ဒီပလိုမာသင်တန်း အမျိုးအစားများပိုမိုတိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုထက်ပို၍လည်း အထူးပြုသူနာပြု ဒီပလိုမာသင်တန်း အမျိုးအစားနှင့် တက်ရောက်သည့် အရေအတွက် ပိုမိုတိုးမြှင့်နိုင်ရေး ဆက်လက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွားသင် တန်းများတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပညာရပ်ကိုသာမက အင်္ဂလိပ်စာနှင့် အခြေခံကွန်ပျူတာပညာကိုပါ ထည့်သွင်းသင်ကြားလျက်ရှိသည်မှာ ကောင်းမွန်ပါကြောင်း၊ ဆက်သွယ်ပြောဆိုဆက်ဆံမှုဆိုင်ရာနှင့် အခြေခံ နှစ်သိမ့်ဆွေးနွေးပညာပေးမှုဆိုင်ရာ ပညာရပ်များကိုလည်း သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားရ မည်ဖြစ်ပါကြောင်း၊ သူနာပြုတက္ကသိုလ် များနှင့် သူနာပြု - သားဖွားသင်တန်းကျောင်း (၅၃) ခုတို့တွင် သင်ကြားလေ့ကျင့်မှုများ ပြုလုပ်ရာ၌ နေ့လယ်စာစားချိန် ဟောပြောပို့ချမှု (lunch-time-talk) များ၊ ကျပန်းစကားပြောပွဲများ၊ စကားရည်လုပွဲများ ပုံစံတို့ဖြင့်လည်း ပြုလုပ်စေလိုပါကြောင်း၊ အလုပ်ခွင်ရှိ သူနာပြုအုပ်များ၊ သူနာပြုဆရာမကြီးများ၊ သူနာပြုများအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများနှင့် မွမ်းမံသင်တန်းများကိုလည်း ယခုထက်ပိုမို ပြုလုပ်ပေးစေလိုပါကြောင်း၊ လုပ်ငန်းကဏ္ဍတစ်ခုကို ပိုမိုမြင့်မားတိုးတက်ရန် ဆောင်ရွက်ရာ၌လည်းကောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ရာတွင် လည်းကောင်း အဘက်ဘက်မှ စဉ်းစားကာရေတို၊ ရေရှည်ကာလအတွက် စီမံချက်များချထားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဦးတည်ရည်မှန်းချက်ကို ဖြစ်မြောက်ရန် အကောင်အထည်ဖော်ရမည်ဟူသော နိယာမကို စွဲမြဲစွာမှတ်ယူပြီး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတိုးတက်စေလိုသော လုပ်ငန်းနယ်ပယ်၏ လက်ရှိအခြေအနေနှင့် သဘောသဘာဝကို သိရှိရန်အတွက် တိကျသော အချက်အလက်များ လိုအပ်ပါကြောင်း၊ သူနာပြုတက္ကသိုလ်နှင့် သူနာပြု-သားဖွားသင်တန်းကျောင်းအလိုက် နှစ်အလိုက် သင်တန်းသား/ သူ ဦးရေ၊ ဆရာ/ ဆရာမအင်အားစသည့် အချက်အလက်များ၊ သင်တန်းသား/ သူများ၏ ပညာသင် နှစ်အလိုက် စွမ်းဆောင်မှုမှတ်တမ်းနှင့် ကိုယ်ရေး အချက်အလက် မှတ်တမ်းများအား ကွန်ပျူတာစနစ်ဖြင့် ပြုစုထားရှိစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး က နှုတ်ခွန်းဆက်စကားနှင့် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ် သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းဝင်ခွင့်များအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီစိစစ်ရွေးချယ်ရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူး(သူနာပြု)၊ သူနာပြု-သားဖွားသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု) နှင့် တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)