၂၀၁၉ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (စတုတ္တ) ပွဲစဉ်တွင် ကျော်သီဟ ဗိုလ်စွဲ

၄ စက်တင်ဘာ

 

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အနာဂတ်တွင် ဂေါက်သီးမျိုးဆက်သစ် လူငယ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ SAE PAING Development Ltd ၏ အဓိကကူညီပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂၀၁၉ခုနှစ်၊ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (စတုတ္ထ)ပွဲစဉ် နောက်ဆုံးနေ့နှင့် ဆုချီးမြင့်ပွဲကို ယနေ့ နံနက်ပိုင်းမှစ၍  ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း) ဆက်လက်ကျင်းပရာ ပညာရှင်အဆင့်တွင် ကျော်သီဟ ဗိုလ်စွဲခဲ့သည်။

 

ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲဆက်လက်ကျင်းပရာ Myanmar Golf Tour ကိုယ်စား မြန်မာနိုင်ငံ  ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေးက ပြိုင်ပွဲကို လက်ခံကျင်းပပေးသော ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) သို့ အမှတ်တရလက်ဆောင်နှင့် လှူဒါန်းငွေကျပ်သိန်း(၂၀)၊  ပြိုင်ပွဲကို အဓိကကူညီပံ့ပိုးပေးသော SAE PAING Development Ltd အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်တို့ကို အသီးသီးပေးအပ်ရာ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)မှ အတွင်းရေးမှူး ဦးအောင်ကြည်နှင့် SAE PAING Development Ltd မှ ဒါရိုက်တာ ဒေါ်စုပိုက်ရတနာတို့က လက်ခံရယူသည်။ ဆက်လက်၍ Popular International Investment Group မှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းက ပြိုင်ပွဲ တတိယနေ့တွင် Hole In One ဆုရရှိသော Professional ကစားသမား ကျော်သီဟ (KM Golf Centre) ကို ဆုကြေးငွေ (၁၀)သိန်း ချက်လက်မှတ် ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် SAE PAING Development Ltd မှ ဒါရိုက်တာ ဒေါ်စုပိုက်ရတနာက ဝါသနာရှင်အဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် (၂၅၆)ဖြင့် ဒုတိယရရှိခဲ့သော မိုးပြည့်စုံခင်နှင့် စုစုပေါင်းရိုက်ချက် (၂၄၃)ချက်ဖြင့် ပထမရရှိခဲ့သော ထက်ထက်နုလွင်တို့ကို  လည်းကောင်း၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် နာယက ပါမောက္ခဒေါက်တာ ဦးမြင့်မောင်မောင်က  ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင်  စုစုပေါင်းရိုက်ချက် (၂၉၆)ချက်ဖြင့်  ဒုတိယရရှိခဲ့သော မင်းနိုင်စိုးနှင့် စုစုပေါင်း ရိုက်ချက်(၂၉၆)ဖြင့် ပထမရရှိခဲ့သော မောင်မဲတို့ကို ဆုများပေးအပ်ချီးမြင့်သည်။

 

ဆက်လက်၍ ပညာရှင်အဆင့်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် (၅)ချက်လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် (၂၈၃) ဖြင့် ပထမရရှိသွားသော ကျော်သီဟ (KM Golf Centre) ကို မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် နာယက ဦးဝင်းလှိုင်က ဆုဖလား၊ SAE PAING Development Ltd  ဥက္ကဋ္ဌ ဦးမောင်ဝိတ်မှ ဆုကြေး ငွေချက်လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်သည်။

 

၂၀၁၉ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲကို Myanmar Zwe Mann Co., Ltd, MWD Bank, Telecom International Myanmar Co., Ltd (Mytel), SAE PAING Development Ltd, Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar), INNWA Bank တို့က အဓိကကူညီပံ့ပိုးပေးထားသည်။

 

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်