၂၀၁၉ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ(ပဉ္စမပွဲစဉ်) ဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားအား ပုဂံဂေါက်ကွင်း၌ ကျင်းပမည်

၇  အောက်တိုဘာ

 

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar) က အဓိကကူညီပံ့ပိုးသည့် ၂၀၁၉ခုနှစ်၊ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပဉ္စမပွဲစဉ်) ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားကို အောက်တိုဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ပုဂံဂေါက်ကွင်း၌  ကျင်းပမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် သက်ကြီးတန်းပညာရှင်အဆင့်၊ ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်(အမျိုးသား)(H’cap 0-12) ဝါသနာရှင်အဆင့်(အမျိုးသမီး) (H’cap 0-18)ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး  ဝါသနာရှင်အဆင့် (အမျိုးသား) ပြိုင်ပွဲတွင် ကစားသမားဦးရေအား (၁၂၀) ကန့်သတ်ထားသည်။ အဆိုပါပြိုင်ပွဲကို စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်သည်။

 

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဂေါက်သီးအားကစားသမားများသည် အောက်တိုဘာ ၇ ရက်မှစ၍ အမည်စာရင်းပေးသွင်းနိုင်ပြီဖြစ်ပြီး    အောက်တိုဘာ ၁၆ ရက် မန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ ပညာရှင်အဆင့်ပြိုင်ပွဲဝင် တစ်ဦးလျှင် ငွေကျပ် ၃၀ဝဝဝ ဝါသနာရှင်အဆင့်ပြိုင်ပွဲဝင် တစ်ဦးလျှင်ငွေကျပ် ၁၀ဝဝဝ ဖြင့် ဖုန်း ဝ၉-၇၇၉၈၄၆၇၆၁ ထံ ပြိုင်ပွဲဝင်ကြေးနှင့်အတူ စာရင်းပေးသွင်းနိုင်ပါသည်။

 

စာရင်းပေးသွင်း၍  ပြိုင်ပွဲဝင် ကြေးပေးသွင်းထားသူများသည် အောက်တိုဘာ ၂၀၊ ၂၁ ရက်တွင် (Official Practice Round) ကစားနိုင်မည်ဖြစ်သည်။ အမည်စာရင်း ပေးသွင်းထားပြီး ပြိုင်ပွဲမဝင်နိုင်ပါက ပြိုင်ပွဲမတိုင်မီကြိုတင် အကြောင်းကြားရန် ဖြစ်ပါသည်။ အကြောင်းကြားခြင်းမရှိပါက နောက်ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် ပြိုင်ပွဲဝင်ကြေးပေးသွင်းရန် နောက်ကျသော ကစားသမားများအား ပြိုင်ပွဲအတွဲဇယားများတွင်ထည့်သွင်း ရေးဆွဲမည်မဟုတ်ကြောင်း သိရသည်။

 

ပြိုင်ပွဲဝင် ကစားသမားများအတွက် အောက်တိုဘာ ၁၉ရက် နံနက် ၆ နာရီတွင် (၉)မိုင်ဂေါက်ကွင်း ပြည်လမ်းမှ ပုဂံသို့ Player Bus ထွက်ခွာမည်ဖြစ်သည်။

 

၂၀၁၉ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲကို Myanmar Zwe Mann Co,.Ltd, MWD Bank, Telecom International Myanmar Co., Ltd (Mytel), SAE PAING Development Ltd, Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar), INNWA Bank, တို့က အဓိက ကူညီပံ့ပိုးပေးထားပြီး အားကစားသမားများ သွားလာမှု လွယ်ကူစေရန်အတွက် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်က အခမဲ့ကူညီပံ့ပိုးပေးထားသည်။

 

သတင်း-ဖိုးသော်ဇင်