ရန်ကုန်၊ ၁၅ ဒီဇင်ဘာ
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဗီဒီယို မိန့်ခွန်း ပြောကြားသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသား စာပေတစ်သက်တာဆုရ ဆရာကြီးများ၊ စာပေဆုရွေးချယ်ရေးကော်မတီဝင်များ၊ စာပေဆုလက်ခံရယူကြမည့် စာပေပညာရှင်များ၊ စာရေးဆရာ၊ ဆရာမကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားမစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆု ရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်များ၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမျိုးသားစာပေ တစ်သက်တာစာပေဆုရ ရှိသူများ၏ ဓာတ်ပုံများ၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမျိုးသားစာပေဆုရ စာအုပ်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုချီးမြှင့်ပွဲ အခမ်းအနားတွင် Video ဖြင့် မိန့်ခွန်းပြောကြားရာတွင် -
အားလုံးမင်္ဂလာပါ။
ယနေ့ကျင်းပတဲ့ အမျိုးသားစာပေ ဆုနှင်းသဘင် အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စာပေဆုရွေးချယ်ရေး ကော်မတီဝင်များ၊ ဆုချီးမြှင့်ခံရတဲ့ ဆုရပုဂ္ဂိုလ်များ၊ စာပေဝါသနာရှင်များနဲ့ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။
မိမိနိုင်ငံနဲ့ အများပြည်သူတွေရဲ့ ကောင်းကျိုးအဖြာဖြာကို စာပေအနုပညာစွမ်းအားနဲ့ ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြတဲ့ စာပေပညာရှင်ကြီးတွေ၊ စာဆိုတော်ကြီးတွေရဲ့ စာပေကျေးဇူးကို လေးမြတ်ဂုဏ်ပြုပြီး မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်နေ့မှာ စာဆိုတော်နေ့ အခမ်းအနားတွေ ကျင်းပလာကြတာ အခုဆိုရင် ၇၆ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။ စာဆိုတော်နေ့ဟာ မြန်မာတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်အဖြစ် ခေတ်အဆက်ဆက် တည်တံ့ပြီး နိုင်ငံနှင့်အဝန်း နှစ်စဉ်မပျက် ကျင်းပနိုင်ကြတာကို ဂုဏ်ယူမိပါတယ်။ ယခုလိုမင်္ဂလာရှိတဲ့ အခမ်းအနားမှာ စာရေးစာဖတ် ဝါသနာပါပြီး စာပေပညာရှင်တွေကို လေးစားတဲ့ ကျွန်တော့်အနေနဲ့ အမှာစကား ပြောကြားခွင့်ရတဲ့အတွက်လည်း အထူးကြည်နူးဝမ်းမြောက်ပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ မနှစ်ကလို ကိုယ်တိုင်ကိုယ်ကျ ဆုချီးမြှင့်ခြင်း ပြုခွင့်မရတာကိုလည်း များစွာ စိတ်မကောင်းဖြစ်ရပါ တယ်။
စာဆိုတော်လရာသီ ရောက်ပြီဆိုရင် မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ သက်ကြီးဝါကြီး စာပေပညာရှင်ကြီးတွေကို လေးမြတ်ပူဇော် ကန်တော့ပွဲတွေ၊ စာပေဆုနှင်းသဘင်တွေ၊ စာပေဟောပြောပွဲတွေ၊ စာပေပွဲတော်တွေကို ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ့ရှိပါတယ်။ စာပေဟာ နိုင်ငံအသီးသီးအတွက် ဂုဏ်ယူဖွယ်ရာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်တဲ့ အားလျော်စွာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ်ရာမှာလည်း စာပေကို အဓိကအခြေခံထား စဉ်းစားလေ့ရှိကြပါတယ်။ နှစ်ပေါင်းတစ်ထောင်နီးပါး သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ မြန်မာစာပေဟာလည်း မြန်မာ့ယဉ်ကျေးမှု အနုပညာအဖြာဖြာရဲ့ ပင်မ မဏ္ဍိုင်ကြီးအဖြစ် ဝင့်ထည်စွာ တည်ရှိနေပြီ လို့ဆိုရမှာ ဖြစ်ပါတယ်။
စာပေသမိုင်းတစ်လျှောက်မှာ မြန်မာစာပေနဲ့ မြန်မာဘာသာစကားဟာ ခေတ်အဆက်ဆက် ဖန်တီးမှုအသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ပြောင်းလဲဖွံ့ဖြိုးလာခဲ့ပါတယ်။ မြန်မာစာပေဂန္ထဝင်ထဲမှာ ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုကြီးတွေရဲ့ အသိအလိမ္မာ ဉာဏ်ပညာ ပေးတဲ့စာ၊ နိုင်ငံနဲ့လူမျိုးကို ချစ်ခင်မြတ်နိုးစေတဲ့စာ၊ ကမ္ဘာနဲ့အညီ ခေတ်မီဖွံ့ဖြိုး တိုးတက်လာစေတဲ့ စာပေလက်ရာတွေ များစွာပါဝင်ပါတယ်။ စာဆိုကြီးတွေရဲ့ စာပေလက်ရာမွန်တွေကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ ရောက် တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုခြင်းဟာ နိုင်ငံရဲ့ကောင်းမြတ်တဲ့ အစဉ်အလာပဲ ဖြစ်ပါတယ်။
စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား
မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန်မှုနဲ့ ၁၉၄၇ ခုနှစ်၊ ဩဂုတ်လမှာ အသင်းအဖွဲ့ပုံစံနဲ့ တည်ထောင်ခဲ့တဲ့ “မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကြီး” ဟာ ၁၉၄၈ ခုနှစ်၊ မေလမှာ “စာပေဗိမာန်” အမည်နဲ့ထင်ရှားတဲ့ စာပေလုပ်ငန်းဆိုင်ရာဌာန ဖြစ်လာခဲ့ပါတယ်။ စာပေဗိမာန်ဟာ တိုင်းရင်းသားပြည်သူတွေ နိုင်ငံတကာ ဗဟုသုတ တိုးပွားဖို့အတွက် ဘာသာပြန်စာပေတွေ ထုတ်ဝေခဲ့သလို မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်မှာ “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” ကို စတင်ချီးမြှင့် ခဲ့ပါတယ်။
“စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” ကို ‘စာပေဗိမာန်ဆု’၊ ‘အနုပညာဆိုင်ရာ စာပေဆု’၊ ‘အမျိုးသားစာပေဆု’ စသည်ဖြင့် ဆုအမည်ရော၊ ဆုအမျိုးအစားကိုပါ ကာလအလျောက် ပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မယ့် ဘာသာရပ်တွေ၊ ဆုငွေတွေကိုလည်း တိုးတက်ချီးမြှင့် ခဲ့တာ အခုနှစ်အထိဆိုရင် နှစ်ပေါင်း ၇၀ ကျော် တိုင်ခဲ့ပါပြီ။ ဘာသာရပ်တွေကိုလည်း တိုးတက်ချီးမြှင့်လာခဲ့တာ အခုချီးမြှင့်မယ့် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုမှာ ဆုချီးမြှင့်မယ့် ဘာသာရပ် ၁၈ မျိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို မြန်မာစာပေ အနုပညာဖြင့် တစ်သက်တာလုံး ထူးချွန်ပြောင်မြောက်စွာ အားထုတ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေနဲ့ “အမျိုးသားစာပေ တစ်သက်တာဆု” အဖြစ် ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အမျိုးသားစာပေ တစ်သက်တာဆုကို တစ်နှစ်မှာ စာပေပညာရှင် တစ်ဦး သို့မဟုတ် နှစ်ဦးကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က စတင်ပြီး သုတ၊ ရသ စာပေတွေကို တစိုက်မတ်မတ် ရေးသားခဲ့တဲ့ စာရေးဆရာကြီးတစ်ဦးနဲ့ မြန်မာစာပေ ဖွံ့ဖြိုးရေးဆိုင်ရာ၊ စာပေသုတေသနဆိုင်ရာ လုပ်ငန်းတွေကို အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ စာပေပညာရှင်ကြီး တစ်ဦးတို့ကို တစ်သက်တာဆု ချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်မှာလည်း စာရေးဆရာကြီးတစ်ဦးနဲ့ စာပေပညာရှင်ကြီးတစ်ဦးကို အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်မှာဖြစ်တဲ့အတွက် ကြည်နူးပီတိ ဖြစ်ရပါတယ်။
စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား
စာပေဆုတွေကို ရွေးချယ်ရာမှာလည်း ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့်အညီ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အမှန်တကယ် ထိုက်တန်တဲ့ စာအုပ်တွေကို ဆုရွေးချယ် ချီးမြှင့်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် စာပေရေးရာကျွမ်းကျင်သူတွေ ပါဝင်တဲ့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို အဖွဲ့ဝင် ၅၄ ဦးနဲ့ ဖွဲ့စည်းပေးခဲ့ပြီး ပဏာမရွေးချယ်မှု အဆင့်၊ ဆန်ခါတင်ရွေးချယ်မှုအဆင့်၊ အတည်ပြုရွေးချယ်မှုအဆင့် ဆိုပြီး အဆင့် ၃ ဆင့်နဲ့ အဲဒီပညာရှင်တွေက လွတ်လပ်စွာ စိစစ်ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အတွက် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အကျုံးဝင်စာအုပ်ပေါင်း ၁၆၅၃ အုပ်ထဲက အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားတဲ့ ဘာသာရပ် ၁၈ မျိုးအနက် ဘာသာရပ် ၁၀ မျိုးကို ရွေးချယ်ခဲ့ပြီးဖြစ်လို့ ဒီနေ့အခမ်းအနားမှာ ဆုများချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့ကြတဲ့ ပညာရှင်ကြီး နှစ်ဦးဟာ မြန်မာစာပေလောက ဖွံ့ဖြိုးရေးနဲ့ နိုင်ငံသူနိုင်ငံသားတွေ အသိပညာ ကြွယ်ဝရေးအတွက် စာကောင်းပေမွန်တွေကို တစ်သက်တာလုံး ရေးဖွဲ့ဖန်တီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဆရာကြီးနှစ်ဦးအနက် တစ်ဦးက ရသစာပေတွေကို တစိုက်မတ်မတ် ဖန်တီးရေးဖွဲ့ခဲ့တဲ့ စာဆိုကြီးဖြစ်ပြီး တစ်ဦးကတော့ သုတစာပေတွေ အစဉ်တစိုက် ရေးသားပြုစုခဲ့တဲ့ သုတေသီ ပညာရှင်ကြီး ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်လည်း အသက် ၉၀ တန်းတွေ ဖြစ်ကြပြီး ဝယဝုဒ္ဓိ၊ ဂုဏဝုဒ္ဓိနဲ့ ပြည့်စုံကြတဲ့အတွက် ထိုက်ထိုက်တန်တန် လေးစားဂုဏ်ပြု အပ်ပါကြောင်း ပြောကြားလိုပါတယ်။
အမျိုးသားစာပေဆု ရရှိခဲ့တဲ့ စာရေးသူတွေနဲ့ စာအုပ်တွေကို ကြည့်မယ်ဆိုရင်လည်း ခေတ်အတွေး၊ ခေတ်အမြင်တွေကို ထင်ဟပ်ပြီး စေတနာစိတ်၊ စာနာစိတ်တွေ ပွားများစေနိုင်တဲ့ ရသစာပေတွေ၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းသင့်တဲ့ ပြည်တွင်းပြည်ပဆိုင်ရာ ပညာရပ်တွေအကြောင်း ရေးသားထားတဲ့ သုတစာပေတွေကို စာပေအဆင့်အတန်းမီအောင် ရေးဖွဲ့ထားကြတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားပါတယ်။ ဆုရရှိကြတဲ့ စာပေပညာရှင်အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနဲ့ နိုင်ငံရဲ့အကျိုး၊ အများပြည်သူရဲ့ အကျိုးအတွက် ကလောင်စွမ်းနဲ့ ဆတက်ထမ်းပိုး ဆက်လက် သယ်ပိုးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
စာပေပညာရှင်ကြီးများနဲ့ ဧည့်သည်တော်များခင်ဗျား
နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေ အချိုးအစား ညီမျှစွာ တိုးတက်ထွန်းကားမှသာ စာပေအနုပညာနယ်ပယ် ကြီးပွားထွန်းကားလာမှာဖြစ်သလို အပြန်အလှန်အားဖြင့် စာပေအနုပညာနယ်ပယ် ကြီးပွားထွန်းကားတာနဲ့အမျှ အသိပညာမြင့်မားတဲ့ ခေတ်မီ လူ့စွမ်းအားအရင်းအမြစ်တွေ ကြွယ်ဝလာပြီး မိမိတို့ရဲ့နိုင်ငံဟာလည်း တိုးတက်ပြည့်စုံလာမှာ ဖြစ်ပါတယ်။ စာပေအနုပညာ ကဏ္ဍအသီးသီးက ပညာရှင်တွေအနေနဲ့ မိမိတို့ရဲ့ အနုပညာကို အရည်အသွေးမြင့်မားစွာနဲ့ လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်အောင် နိုင်ငံတော်ကလည်း တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းပေးလျက် ရှိပါတယ်။ မိမိတို့ရဲ့ ဖန်တီးမှုလက်ရာကို ကာကွယ်စောင့်ရှောက်နိုင်မယ့် စာပေအနုပညာ မူပိုင်ခွင့်ဥပဒေကိုလည်း ၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဉာဏပစ္စည်းမူပိုင်ခွင့်တွေကို စနစ်တကျ ကာကွယ်စောင့်ရှောက်နိုင်ခြင်းဟာ နိုင်ငံရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှု တိုးတက်ထွန်းကားရေးကိုပါ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် ပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ပြည်သူအားလုံး ဒီမိုကရေစီ အလေ့အထကောင်းတွေ ရရှိအောင် အသိပညာကြွယ်ဝစေဖို့၊ ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားတတ်ဖို့၊ မတူကွဲပြားမှုတွေကို နားလည်လက်ခံတတ်စေဖို့၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း ရင်းနှီးချစ်ခင်စိတ်တွေ ခိုင်မာစေဖို့ ‘စာပေ’ ဟာ အများကြီး အထောက်အကူပေးနိုင်တဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။
စာပေဟာ လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက်သော်လည်းကောင်း၊ အစုအဖွဲ့အတွက်သော်လည်းကောင်း လူမှုဘဝ ရှင်သန်ဖွံ့ဖြိုးရေးမှာ အထောက်အကူပြုနိုင်စွမ်း ရှိပါတယ်။ အသိဉာဏ်အမြင် ပွင့်လင်းစေသလို ဆင်ခြင်တွေးခေါ်မှုအတွက်လည်း အားဆေးသဖွယ် ဖြစ်ပါတယ်။ ဒါ့အပြင် စာကောင်းပေမွန်များဟာ အချိန်ကာလ အပိုင်းအခြား မရှိဘဲ၊ နယ်မြေဒေသ အပိုင်းအခြား မရှိဘဲ စာပေဩဇာ သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် စာပေပညာရှင်တွေက ပြည်သူအများ အမှားအမှန် ပိုင်းခြားဝေဖန်နိုင်တဲ့ ဉာဏ်အမြော်အမြင် တိုးတက်မြင့်မားစေမယ့် စာပေတွေကို စိတ်စေတနာ ပြည့်ဝစွာနဲ့ ဖန်တီးရေးဖွဲ့ပေးကြပါလို့ နှိုးဆော်အပ်ပါတယ်။ စာပေပြုစုသူတွေဟာ စာဖတ်ပရိသတ်တွေ မှန်ကန်တဲ့ အသိအမြင် ရရှိဖို့နဲ့ မွန်မြတ်တဲ့စိတ်ထားတွေ ကိန်းအောင်းဖြစ်ပေါ်စေဖို့ ဦးတည်လမ်းညွှန်ပေးဖို့ လိုအပ်တယ်လို့ ရှုမြင်ပါတယ်။
စာပေစွမ်းအားနဲ့ နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုး တိုးတက်အောင် ဆောင်ရွက်ခဲ့ကြတဲ့ စာဆိုတော် ပညာရှင်ကြီးများကို ချီးကျူးဂုဏ်ပြုခြင်းဟာ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။ ဒီအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကြပြီး မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းကြရန် လိုအပ်ပါတယ်။ မျိုးဆက်သစ်တွေကလည်း စာပေဆိုင်ရာ ကျင့်ဝတ်နီတိတို့ကို ထိန်းသိမ်းပြီး ခေတ်ကာလအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ တိုင်းပြုပြည်ပြုစာပေတွေ၊ တိုင်းကျိုးပြည်ကျိုးစာပေတွေကို ရေးသားသီကုံးဖွဲ့ဆိုနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
ယနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ စာပေပညာရှင်ကြီးများ၊ စာပေဆုရရှိသူများ၊ အထူးသဖြင့် အခုလို စာပေဆုတွေ အောင်မြင်စွာ ချီးမြှင့်နိုင်အောင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ အစည်းအဝေးတွေ ကျင်းပပြုလုပ်ပြီး စာပေစေတနာ အပြည့်အဝနဲ့ ဆောင်ရွက်ပေးခဲ့ကြတဲ့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပညာရှင်များ အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့ မြန်မာစာပေလောက ခိုင်မြဲစည်ပင်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပါဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် မိမိတို့ မြန်မာနိုင်ငံသည် စာပေကို မြတ်နိုးတန်ဖိုးထားသော နိုင်ငံဖြစ်သည့်အလျောက် စာဆိုတော်ကြီးများကို အလေးအမြတ်ပြုသည့် အစဉ်အလာသည် ရှေးယခင်ကတည်းက ရှိခဲ့ပါကြောင်း၊ ၁၉၄၄ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၀၆ ခုနှစ်တွင် မြန်မာစာပေ ပညာရှင်များနှင့် စာရေးဆရာ၊ ဆရာမကြီးများသည် နိုင်ငံတွင် နှစ်စဉ်စာဆိုတော်နေ့ အခမ်းအနားများ ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ အဲဒီနှစ်မှ စတင်ကာ နတ်တော်လဆန်း(၁)ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ပြီး စာပေဆိုင်ရာပွဲလမ်း အခမ်းအနားမျိုးစုံ ဆင်ယင်ကျင်းပခဲ့ကြပါကြောင်း၊ ထိုအခမ်းအနားများထဲတွင် သက်ကြီးဝါကြီး စာရေးဆရာကြီးများကို ငယ်ရွယ်သူ စာပေစာသမားများက ကန်တော့ သည့်ပွဲများ၊ စာအုပ်စာပေပြပွဲ၊ စာပေပြိုင်ပွဲများ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲများ၊ စာဆိုတော်ကြီးများကို ဂုဏ်ပြုပြီး စာရေးဆရာဆရာမများကိုယ်တိုင် ပါဝင်သရုပ်ဆောင်သည့် ပြဇာတ်များ ကပြကြခြင်းများ၊ စာဆိုတော်နေ့ အထိမ်းအမှတ် မဂ္ဂဇင်း၊ စာစောင်ထုတ်ဝေကြခြင်းများ စသဖြင့် ပါဝင်ပါကြောင်း။
စာပေဆုချီးမြှင့်ခြင်းများသည်လည်း မြန်မာနိုင်ငံတွင် ယခင်အစဉ်အဆက် ရှိခဲ့ပါကြောင်း၊ ယနေ့ ချီးမြှင့်မည့် အမျိုးသားစာပေဆုကတော့ အားလုံးသိကြသည့်အတိုင်း နိုင်ငံတော်တွင် အဆင့်အမြင့်ဆုံး စာပေဆုဖြစ်ပါကြောင်း၊ စာပေသမားများ သိကြသည့်အတိုင်း ဤဆုသည် ၁၉၄၈ ခုနှစ်မှ စတင်ပေါ်ပေါက်ခဲ့ပါကြောင်း၊ ၁၉၄၈ ခုနှစ် တစ်နှစ် တာအတွင်း ထွက်ရှိခဲ့သည့် လုံးချင်းဝတ္ထုများထဲမှ အကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့သည့် ဆရာမင်းအောင်၏ မိုးအောက်မြေပြင်ဝတ္ထုကို “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု”အမည်ဖြင့် ချီးမြှင့်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ဆုအမည်ကို ယနေ့ အခေါ်အဝေါ်အနေဖြင့် “အမျိုးသားစာပေဆု”အဖြစ် သတ်မှတ်ခဲ့ပြီး ဆုအမျိုးအစား အရေအတွက်ကလည်း တိုးတက်လာသည့်အတွက် ယခုအခါတွင် စာပေကဏ္ဍ ၁၈ မျိုးအတွက် ဆုများ သတ်မှတ် ထားရှိပြီး ဖြစ်ပါကြောင်း၊ ဤ ကဏ္ဍ သို့မဟုတ် ဘာသာရပ် ၁၈ မျိုးရှိသည့်အထဲမှ ယခု နှစ်တွင် ၁၀ မျိုးအတွက် ချီးမြှင့်နိုင်မည် ဖြစ်ပါကြောင်း။
ဆုချီးမြှင့်ငွေကိုလည်း ၁၉၄၈ ခုနှစ်တွင် တစ်ထောင်ကျပ်ချီးမြှင့်ခဲ့ရာမှ နောက်ပိုင်းတွင် ကာလအလျှောက် တိုးမြှင့်ခဲ့ပြီး ယခုအခါတွင် ကျပ်ငွေ ၂၅ သိန်းအထိ တိုးတက် ချီးမြှင့်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။
ဘာသာရပ်အလိုက် အမျိုးသားစာပေဆုများအပြင် တစ်သက်တာလုံး စာပေဖန်တီး ပြုစုသည့်အလုပ်ကို စွဲမြဲစွာဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီးများကို လေးစားဂုဏ်ပြုသောအားဖြင့် အမျိုးသားစာပေ တစ်သက်တာဆုကိုလည်း ၂၀၀၁ ခုနှစ်မှစပြီး ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်အတွက် ဆရာကြီး နှစ်ဦးနှင့်ပါဆိုလျှင် ဆရာကြီး၊ ဆရာမကြီး ၃၁ ဦးကို ချီးမြှင့်နိုင်ပြီဖြစ်ပါကြောင်း၊ တစ်သက်တာစာပေဆုကို ကျပ် သိန်း ၅၀ ချီးမြှင့်မည် ဖြစ်ပါကြောင်း။
အမျိုးသားစာပေဆုချီးမြှင့်ပွဲအခမ်းအနားများကို ဆု၏ ဂုဏ်အဆင့်အတန်းနှင့် လျော်ညီစွာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် နှစ်စဉ်စီစဉ် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ စာပေပညာရှင်ကြီးများ၊ စာရေးဆရာဆရာမကြီးများ၏ ဂုဏ်ရည်ကို လေးစားသတ်မှတ်သည့်အနေဖြင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ စသည့် အကြီးအကဲ ပုဂ္ဂိုလ်များ ကိုယ်တိုင်လည်း တက်ရောက်ချီးမြှင့်ပေးခဲ့ကြပါကြောင်း။
သို့သော် ယခုနှစ်တွင် တစ်ကမ္ဘာလုံး ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အန္တရာယ်ကြောင့် စည်ကားသိုက်မြိုက်သည့် ပွဲလမ်းအခမ်းအနားများ ကျင်းပဖို့ရာ အင်မတန်ခက်ခဲလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှာရော၊ နိုင်ငံတကာမှာပါ ကြီးကျယ်စည်ကားစွာ ကျင်းပဖို့ ရည်ရွယ်ထားကြသည့် နေ့ကြီးရက်ကြီး ပွဲလမ်းအခမ်းအနား ကြီးများကို ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်း၊ အကျဉ်းရုံးပြုလုပ်ကာ စတိ သဘောလောက်သာ အထိမ်းအမှတ်ပြုခြင်းများ လုပ်နေကြရပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲအခမ်းအနားကို တစ်နှစ်ထက်တစ်နှစ် ပိုပြီး ခမ်းနားပြည့်စုံစွာ ကျင်းပလိုသည့် ဆန္ဒရှိပါကြောင်း၊ ဤအခမ်းအနားသည် ဆုရပုဂ္ဂိုလ်ကြီးများအတွက်သာမက ဤ ဆုချီးမြှင့်ပွဲကို စီစဉ်ကျင်းပခွင့်ရသည့် မိမိတို့ ဝန်ကြီးဌာနအတွက်ပါ ဂုဏ်ယူစရာ၊ အလေးအမြတ်ပြုစရာဟု ခံယူပါကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင်လည်း တတ်နိုင်သမျှ အပြည့်စုံဆုံး ကျင်းပနိုင်ရန် ရည်ရွယ်ခဲ့ပါကြောင်း။
သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို လေးစားလိုက်နာရမှာဖြစ်သလို အခမ်းအနားတက်ရောက်ကြမည့် စာပေပညာရှင်ကြီးများ၊ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သော ဆရာကြီး၊ ဆရာမကြီးများ၏ ကျန်းမာရေးသည်လည်း အလွန်အရေးကြီးသည့်အတွက် မိမိတို့အနေဖြင့် ယနေ့ပွဲကို ဖြစ်နိုင်သမျှ အတိုင်းအတာအထိ တင့်တယ်ခမ်းနားမှုလည်းရှိစေ၊ ဘေးအန္တရာယ်လည်း ကင်းစေဆိုသည့် ပုံသဏ္ဌာန်မျိုးဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ တကယ်တော့ ယနေ့ အခမ်းအနားကျင်းပရာမှာသာ မဟုတ်ဘဲ ဆုစိစစ်ရွေးချယ်ရေးကော်မတီ၏ လုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကတည်းက ကိုဗစ်-၁၉ ၏ အကန့်အသတ်များ ရှိနေခဲ့တာဖြစ်၍ ကော်မတီအနေဖြင့် အစည်းအဝေးများဖြစ်မြောက်ရန် ယခင်နှစ်များကထက် ပိုပြီးအားထုတ်ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယနေ့မှာလည်း ဆုရွေးချယ်ရေး ကော်မတီဝင်များထဲမှာရော၊ စာပေဆုရပုဂ္ဂိုလ်ကြီးများထဲမှာပါ ကျန်းမာရေးနှင့် ခရီးသွားလာရေးဆိုင်ရာ အခြေအနေများကြောင့် အခမ်းအနား တက်ရောက်ရန် အခက်အခဲ ကြုံတွေ့နေရတာ ရှိပါကြောင်း၊ ဆုရပုဂ္ဂိုလ်ကြီးများထဲမှ ဘာသာပြန်(ရသ)ဆု ရရှိသည့် ဆရာစိန်ဝင်းစိန်သည် စာအုပ်ထုတ်ဝေပြီးနောက် ကွယ်လွန်သွားခဲ့သည့်အတွက် အထူးဝမ်းနည်းရပါသည်ဟု မှတ်တမ်းတင်အပ်ပါကြောင်း။
မည်သို့ပင်ဖြစ်စေ ယခုအခြေအနေများကြားကပဲ ၁၃၈၂ ခုနှစ် နတ်တော်လဆန်း (၁)ရက် စာဆိုတော်နေ့ (၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်) တွင် အစဉ်အလာမပျက် ကျင်းပနိုင်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ သက်ဆိုင်သူများအားလုံး အမှတ်တရ ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
ယနေ့ အမျိုးသားစာပေ တစ်သက်တာဆုရရှိကြသည့် ဆရာကြီး ဦးအံ့မောင်နှင့် ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်) တို့နှင့်တကွ ဘာသာရပ် ၁၀ မျိုးတွင် အမျိုးသားစာပေဆု အသီးသီးရရှိကြသည့် ဆရာ၊ ဆရာမကြီး ၁၀ ဦးတို့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် သက်ရှည်ကျန်းမာပြီး နိုင်ငံ့အကျိုး၊ မြန်မာစာပေ အကျိုးအတွက် ပီပြင်ပြောင်မြောက်သည့် စာကောင်းပေမွန်များ ဆက်လက် ဖန်တီးရေးသားနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၁၉ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုရရှိကြသည့် စာပေပညာရှင် ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်) နှင့် စာရေးဆရာကြီးဦးအံ့မောင် (အံ့မောင်) (ကိုယ်စား) ဦးသောင်းဌေးတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ငါးဖမ်းသမား စာအုပ်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရ မိုးကျော်ဇင် (ကိုယ်စား) မင်းဝေဟင်၊ လမ်းဆုံးတော့ရွာ မဂ္ဂဇင်းဝတ္ထုရှည်များ စာအုပ်ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုဆုရ နတ်မောက် အနီချို၊ ခရုပစ်လောင်ချာ စာအုပ်ဖြင့် အမျိုးသားစာပေ ကဗျာဆုရ ပန်ဒိုရာ၊ နှင်းတောင်တန်းက ပန်းဥယျာဉ်စာအုပ်ဖြင့် အမျိုးသားစာပေ စာပဒေသာဆုရ ဉာဏ်ဝေ (မြစ်သာမြေ) တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က ဂျဝါဟာ လားနေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်း စာအုပ်ဖြင့် အမျိုးသားစာပေ ဘာသာပြန် (သုတ)ဆုရ ဘိုးလှိုင်၊ ဝါဆောက ရုပ်သေး ဆရာလေး စာအုပ်ဖြင့် အမျိုးသားစာပေ ဘာသာပြန် (ရသ)ဆုရ စိန်ဝင်းစိန်(ကိုယ်စား) ဇနီးဖြစ်သူ ဒေါ်တိုးတိုးဝင်း၊ ၂၀ ရာစု မြန်မာကဗျာများ ပြောင်းလဲ ဖြစ်တည်လာပုံ စာအုပ်ဖြင့် အမျိုးသားစာပေ သုတပဒေသာ (ဝိဇ္ဇာ)ဆုရ ဒေါက်တာဇော်နိုင် (ကိုယ်စား) ဦးဝင်းချို၊ ကင်ဆာရောဂါနှင့် မြန်မာ့ အစားအစာ စာအုပ်ဖြင့် အမျိုးသားစာပေ သုတပဒေသာ (အသုံးချသိပ္ပံ)ဆုရ ဒေါက်တာလှကြည် (အာဟာရ ဆရာဝန်ကြီး)၊ မြန်မာ့နိုင်ငံခြားဆက်ဆံရေးများ စာအုပ်ဖြင့် အမျိုးသားစာပေ နိုင်ငံရေးစာပေဆုရ ဆင်ဖြူကျွန်းသန်းထွန်းနှင့် ဘုရားသခင်နဲ့ ကြွေအန် ကစားသူများအက်ဆေးစုစည်းမှု စာအုပ်ဖြင့် အမျိုးသားစာပေရသစာတမ်း (အက်ဆေး) ဆုရ မောင်ခိုင်လတ်တို့ကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် စာပေဆုရရှိသူများ ကိုယ်စား ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆုရရှိသည့် စာပေပညာရှင်ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်)က ကျေးဇူးတင်စကားပြောကြားရာတွင် ယခုနှစ် စာပေဆုနှင်း သဘင်အခမ်းအနားတွင် ဆုရရှိသူများအားလုံး၏ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။
မိမိကိုယ်တိုင် လေ့လာအားထုတ် ဖွဲ့ဆိုရေးသားခဲ့သည့်လက်ရာများကို ဆုချီးမြှင့် ခံကြရသူများအားလုံးလည်း မိမိနည်းတူ ဝမ်းမြောက်ဂုဏ်ယူနေကြမည်ဟု မျှော်လင့်သလို တက်ရောက်လာကြသူများကလည်း မုဒိတာပွားကြလိမ့်မည်ဟု ယုံကြည်မိပါကြောင်း။
မိမိအနေဖြင့် စာပေများများ ရေးခဲ့သည့်သူ မဟုတ်ပါကြောင်း၊ အဲဒီလို စာများများ မရေးဘဲ ယခုလို တစ်သက်တာစာပေဆု ချီးမြှင့်ခြင်းခံရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်လောက်အောင် ဖြစ်ပြီး အတိုင်းမသိ ဝမ်းသာကြည်နူးမိပါကြောင်း။
မိမိအခု အသက် ၉၁ နှစ်အရွယ် ဆည်းဆာချိန်မှာ ဘဝတစ်လျှောက်လုံး မိမိဝါသနာနှင့် မိမိကျွမ်းကျင်ရာ ဘာသာရပ်ကို တစိုက်မတ်မတ် ကြိုးစားအားထုတ်သည်ကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အတွက် ပီတိဖြစ်ရပါကြောင်း။
စာနယ်ဇင်းများထဲတွင် မိမိက စာစတင်ရေးခဲ့သည်မှာ ၁၉၆၆ ခုနှစ်လောက်က ဖြစ်ပါကြောင်း၊ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာတွင် ဆရာမောင်သိဒ္ဓိ၏ “ဖြင့်” သုံးမျိုး ဆောင်းပါး ပါလာသည့်အခါ နှစ်မျိုးက လွဲမှားနေသည့်အတွက် မိမိ၏ ဆရာက မင်း အဲဒီ “ဖြင့်” သုံးမျိုးကို အမှန်ဖြစ်အောင် ဖြေရှင်းချက် ဆောင်းပါးရေးပါလားလို့ တိုက်တွန်းခြင်းကြောင့် “အမှန်ဖြစ်စေချင်သော ‘ဖြင့်’နှစ်မျိုး ”ခေါင်းစဉ်ဖြင့် လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးထည့်လိုက်သည်မှစပြီး မိမိ၏ စာရေးသူ ဘဝ စတင်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ အဲဒီအချိန်မှစပြီး ယခုအချိန်အထိ စာပေဘဝခရီးတစ်လျှောက် စာရေးခြင်း၊ သုတေသနပြုခြင်းနှင့် အထူးသဖြင့် မြန်မာ့ရှေးဟောင်းကျမ်းစာပေများကို အထူးလေ့လာ စုဆောင်းပြီး ရေးသားခဲ့ပါကြောင်း၊ ရေးသားခဲ့သည့် စာမူများထဲတွင် ပခုက္ကူ ဦးအုံးဖေ ကျမ်းစာမူဆု ၄ ကြိမ်၊ ထွန်းဖောင်ဒေးရှင်းစာပေဆု တစ်ကြိမ် ရရှိခဲ့ပါကြောင်း၊ အခုအထိလည်း အကြောင်းသင့်လျှင် သင့်သလို စာပေများ ရေးသားလျက် ရှိပါ ကြောင်း။
ယခုနှစ် မိမိနှင့် အတူ တစ်သက်တာစာပေဆုရရှိသည့် စာရေးဆရာကြီး ဦးအံ့မောင်မှာ မုံရွာတွင် နေထိုင်သဖြင့် အခမ်းအနားတက်ရန် ကြိုးစားပြီးမှ မတက်ရောက်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် တစ်သက်တာစာပေဆုရ ပညာရှင်နှစ်ဦးတွင် တစ်ဦးက ရသစာပေများကို တစ်ဘဝလုံး ရေးသားခဲ့သူဖြစ်ပြီး တစ်ဦးကတော့ သုတစာပေများကို ရေးသားခဲ့သူ ဖြစ်သည့်အတွက် ထူးခြားသည်ဟုလည်း ဆိုနိုင်ပါကြောင်း။
မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးတွင် သုတ၊ ရသ နှစ်ဖြာ အရေးကြီးသည့်အတွက် ယင်း ကဏ္ဍနှစ်ခုစလုံးကို ဖွံ့ဖြိုးရန်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်များကို လက်ဆင့်ကမ်းယူမည့် မျိုးဆက်သစ်များကိုလည်း လှိုက်လှဲစွာ ကြိုဆိုပါကြောင်း။
အထူးသဖြင့် မျိုးဆက်သစ်များအတွက် မေတ္တာရပ်ခံချင်သည်မှာ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပပျောက်စေရန်အတွက် ရှေးဟောင်းစာပေများကို ဖတ်ရှုကြပါ၊ လေ့လာသုတေသန ပြုကြပါ၊ စာအုပ်စာပေအဖြစ် ထုတ်ဝေကြပါဟု အကြံပြုချင်ပါကြောင်း။
ရှေးဟောင်းစာပေများကို ရေးသားရန်အတွက်ကတော့ ရှေးက ထွက်ရှိခဲ့ပြီးဖြစ်သည့် ရှေးဟောင်းစာပေများဖြစ်သော ပုဂံဝန်ထောက်မင်း ဦးတင်၏ “မြန်မာမင်း အုပ်ချုပ်ပုံ” စာတမ်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ “သခင်ဋီကာ”၊ “မှာတော်ပုံ” ဝတ္ထု စသည့် ဂန္ထဝင်စာပေများကို များများ ဖတ်စေချင်ပါကြောင်း၊ ဖတ်ပြီးသည့်အထဲမှ ကောင်းနိုးရာရာ ဗဟုသုတတွေ့လျှင် ကိုယ့်မှတ်စုစာအုပ်ထဲမှာ တစ်ခါတည်း ကူးယူထားစေချင်ပါကြောင်း၊ ထိုမှ စာအုပ်စာပေများ ထုတ်ဝေရန် တစ်ဆင့်တက်ပြီး ဆက်လက် ကြိုးစားကြစေချင်ပါကြောင်း။
လက်ရှိစာပေလောကအခြေအနေကို မိမိမြင်သလောက် ပြောရမည်ဆိုလျှင် ငယ်စဉ် နဂါးနီခေတ်ကလို စာကောင်းပေမွန်များ အထွက်နည်းလာသည်ဟု မြင်မိပါကြောင်း၊ စာပေအရည်အသွေးလည်း ကျလာသည်ဟု မြင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စာပေလောကကို မြှင့်တင်ပေးချင်သည်ဆိုလျှင် နှစ်စဉ်ကဗျာစာပေပြိုင်ပွဲ၊ ဝတ္ထုတိုရှည်ပြိုင်ပွဲ၊ ကျမ်းစာပေပြိုင်ပွဲများကို ကျင်းပပေးပြီး ယခုထက် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သင့်ပါကြောင်း၊ စာမူသာရှိပြီး စာအုပ်မထုတ်ဝေနိုင်သည့် စာမူမျိုးကိုလည်း ထုတ်ဝေနိုင်အောင် ကူညီပေးသင့်သည်ဟု ကြုံကြိုက်တုန်း အကြံပြုချင်ပါကြောင်း။
နိုင်ငံတော်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးကြိုးစားစား ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသည်မှာ စာကြည့်တိုက်ပညာရှင်တစ်ဦးအနေဖြင့် ဝမ်းသာကြည်နူးရပါကြောင်း၊ ဆက်လက်ပြီး စာကြည့်တိုက်ပညာရှင်များ၊ စာပေချစ်မြတ်နိုးသူများ၊ ပုဂ္ဂလိက စေတနာရှင်များ ပါဝင်ပြီး နိုင်ငံတွင် စာဖတ်သူများ တိုးပွားအောင် လုပ်ဆောင်နိုင်ကြပါစေဟု ဆန္ဒပြုပါကြောင်း။
ယခုနှစ် အမျိုးသားစာပေဆုရရှိသူများ၏ လက်ရာများကို ပြန်ကြည့်လျှင် အတိတ်ကာလကို ဖော်ထုတ်တင်ပြသည့် စာအုပ်များပါသလို ပစ္စုပ္ပန်ကာလ၏ သရုပ်မှန် အတွေးအမြင်များကို ဖော်ကျူးသည့်စာအုပ်များလည်း ပါဝင်ပါကြောင်း၊ အနာဂတ်ကို မျှော်မှန်း ဆင်ခြင်သည့် စာအုပ်များလည်း ပါသည့်အတွက် ဆုရရှိသူအားလုံးသည် ထိုက်တန်စွာ ဆုချီးမြှင့်ခံရသူများဖြစ်ကြောင်း ဂုဏ်ယူစွာ ဖော်ပြလိုပါကြောင်း။
ဖြည့်စွက်ပြောချင်သည်မှာ အိုမင်းမစွမ်းဖြစ်နေသည့် စာပေအနုပညာရှင်များ၊ သက်ကြီးစာရေးဆရာကြီးများကို ထောက်ပံ့ရန် စာပေရန်ပုံငွေတစ်ရပ် ထူထောင်ပြီး အိုမင်းမစွမ်းရှိသူ၊ ရောဂါဝေဒနာခံစားနေရသူ စာပေသမားစာရေးဆရာများကို ထိုက်ထိုက်တန်တန် ထောက်ပံ့ကူညီပေးနိုင်မည်ဆိုလျှင် လူသာဓုခေါ်၊ နတ်သာဓု ခေါ်လိမ့်မည်ဟု အကြံပြုလိုပါကြောင်း။
စာပေနှင့် စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းအသီးသီးသည် ညီညွတ်စွာဖြင့် နိုင်ငံတော်နှင့် ပူးပေါင်းပြီး မြန်မာစာပေအဆင့်အတန်း မြင့်မားရေးကို ဆောင်ရွက်ကြသလို ချို့တဲ့သက်ကြီး စာပေပညာရှင်ကြီးများ၏ ဘဝနောင်ရေးစိတ်အေးချမ်းသာ ဖြစ်သည်ကိုလည်း မြင်လိုလှပါကြောင်း ပြောကြားသည်။
ထို့နောက် စာပေဆုရရှိသူများကိုယ်စား အမျိုးသားစာပေ ဝတ္တုတိုဆုရ ဆရာမကြီး နတ်မောက်အနီချိုက ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုလို နိုင်ငံတော်၏ အထင်ကရ ပွဲတွေထဲမှ စာပေအနုပညာပွဲ တစ်ခုဖြစ်သည့် အမျိုးသားစာပေဆုနှင်း သဘင်ပွဲတွင် စာပေဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြောခွင့်ရသည့်အတွက် အထူးပင်ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားဆိုချင်ပါကြောင်း၊
လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်ကတည်းက စာပေဗိမာန်က စတင်ချီးမြှင့်ခဲ့သည့် ဝတ္ထုရှည်ဆုပေးပွဲက စမည်ဆိုလျှင် ဒီနှစ်ဆုပေးပွဲသည် စာပေအနုပညာရှင်များကို ဂုဏ်ပြုချီးမြှင့်သည့် (၇၂)ကြိမ်မြောက်ပွဲ ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များထဲမှ ဆန်ခါတင်ရွေးချယ်ပြီး အသင့်တော်ဆုံး သတ်မှတ်ဆုပေးတာ ဖြစ်၍ ဆုရသူတစ်ဉီးအနေဖြင့် လေးလေးစားစားတန်ဖိုးထား ဂုဏ်ယူမိပါကြောင်း၊ မိမိနည်းတူ ဆုလက်ခံရရှိသူအပေါင်းကလည်း ဂုဏ်ယူဝမ်းသာ နေကြမည်ဖြစ်ပါကြောင်း။
တကယ်တော့ စာပေပညာရှင်များထဲတွင် အစဉ်အဆက် ဆုရလာခဲ့သည့် စာရင်းဇယားကို ကြည့်မည်ဆိုလျှင် မိမိတို့အမျိုးသမီးများက လူနည်းစုသာ ဖြစ်ပါကြောင်း၊ ဒီလူနည်းစုကလည်း ကဗျာနှင့် ဝတ္ထုတို၊ ဝတ္ထုရှည်ရေးသားတာမှာ ပိုပြီး မွေ့လျော်သည့်သူတွေ ဖြစ်နေကြပါကြောင်း၊ သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာစာပေနှင့် သုတေသနလုပ်ငန်း၊ အသုံးချသိပ္ပံ၊ ဘာသာပြန် ကဏ္ဍ၊ နိုင်ငံရေးစာပေများတွင် မိမိတို့ အမျိုးသမီးများ၏ လှုပ်ရှားမှုပိုင်း၊ ရေးသားသည့်အပိုင်းသည် သိပ်ကို အားနည်းနေပါ သေးကြောင်း၊ တစ်ယောက်ကောင်း၊ နှစ်ယောက်ကောင်းလောက်သာ ရှိတယ်လို့ ဆိုနိုင်ပါကြောင်း၊ စစ်မဖြစ်ခင်နှင့် စစ်ပြီးခေတ်ကာလကိုကြည့်မည်ဆိုလျှင် ဒေါ်ဒဂုန်ခင်ခင်လေး တို့လို ပုဂ္ဂိုလ်မျိုးတွေ၊ ကိုယ်တိုင် အင်မတန် ထက်မြက်ထွန်းတောက်ရုံသာမက အမျိုးသမီးကဏ္ဍကြီး တစ်ခုလုံးကို မြှင့်တင်ပေးဖို့အတွက် ယုဝတီဂျာနယ်ကို ထူထောင်ခဲ့ပြီး အမျိုးသမီးများ၏ စာပေမျိုးစေ့ကို ချပေးခဲ့သည့်သူ၊ ဒါ့အပြင် အမျိုးသမီးများအတွက် ထောင့်စုံအောင် ရေးသားပြီး နည်းပေးလမ်းပြလုပ်ပေးသည့်ပုဂ္ဂိုလ်မျိုးတွေ ရှိခဲ့ပါကြောင်း၊ ထို့ပြင် ဒေါ်ခင်မျိုးချစ်တို့လို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာစလုံးကို ကောင်းကောင်းမွန်မွန် ကျေကျေလည်လည်ရေးသားပြီး နိုင်ငံခြားစာပေမှာပါ ပေါက်ရောက်သည့် အမျိုးသမီးများ ရှိခဲ့ပါကြောင်း၊ နောက် လူထုဒေါ်အမာတို့လို သတင်းစာလောကရော၊ အတ္ထုပ္ပတ္တိစာပေ ရေးသားရာမှာပါ လှလှပပ၊ ကျစ်ကျစ်လျစ်လျစ်ဖြင့် စွဲလန်းစရာဖြစ်အောင် ရေးသားထားတဲ့ပုဂ္ဂိုလ်မျိုးတွေ ရှိပါကြောင်း၊ နောက် ဒေါ်စောမုံညင်းတို့လို မြန်မာ မှုအနုပညာနှင့် ပတ်သက်လို့ ထဲထဲဝင်ဝင်ရေးသားထားတဲ့ ပညာရှင်များ ရှိပါကြောင်း၊ ဒေါ်ကြန်တို့လို သမိုင်းအခြေခံသည့်၊ သမိုင်းကြောင်းနောက်ခံနှင့်၊ သမိုင်းနှင့် ပတ်သက်သည့် သုတေသန လုပ်ငန်းတွေရော၊ သမိုင်းကြောင်းကိုရော သေသေချာချာ ကျစ်ကျစ်လျစ်လျစ် ရေးသားနိုင်သည့် ပညာရှင်မျိုးတွေ ရှိပါကြောင်း၊ အဲဒီလို နေရာမျိုးတွေကို မိမိတို့ လူငယ်တွေထဲက အများကြီး အစားဝင်နိုင်အောင် ကြိုးစားကြစေချင်ပါကြောင်း။
နောက်တစ်ခါ တိုင်းရင်းမေခေတ်ဟု ပြောရလောက်အောင် စစ်ပြီးခေတ်၏ နောက်ပိုင်းမှာဆိုလျှင် သမီးပျိုရှိသည့် မိဘတိုင်း မှန်သမျှသည် တိုင်းရင်းမေကိုဝယ်ပြီး တစ်ခါတည်း သမီးများကိုပေးပြီး ဖတ်ကြသည်အထိ အောင်မြင်ကျော်ကြားခဲ့သည့် ဂျာနယ်ခေတ်၊ အမျိုးသမီးများ၏ လုပ်အားသက်သက်ဖြင့် ဖွဲ့စည်းအုပ်ချုပ် စီမံရေးသားထုတ်ဝေသည့်၊ ထွန်းပေါက်ခဲ့သည့်ခေတ်လည်း ရှိခဲ့ဖူးပါကြောင်း၊ ယခုခေတ်တွင်တော့ အဲဒီလောက်အထိ ထွန်းပေါက်နိုင်သည့်သူ မရှိသည်မှာ ခေတ်အခြေအနေကြောင့်ရော၊ တခြားအကြောင်းရင်းမျိုးစုံကြောင့်လို့ပဲ ပြောရမည်ဖြစ်ပါကြောင်း၊ ဒါပေမယ့် ဒီကြားထဲကပဲ ကြည့်မည်ဆိုလျှင် အမျိုးသမီးစာရေးသူ၏ အင်အားများက လျော့ပါးမသွားဘဲ တိုးပွားနေတာကို တွေ့ရပါကြောင်း၊ အဲဒီတိုးပွားနေသည့် အမျိုးသမီးစာရေးသူများကို အမျိုးသား လောကကလည်း၊ အမျိုးသားစာပေပညာရှင်များကလည်း တစ်ခါမျှ ခွဲခြားပြီး ဆက်ဆံဖူးတာ မရှိပါကြောင်း၊ မိမိတို့၏ မြန်မာစာပေလောကကို ကြည့်မည်ဆိုလျှင် အမျိုးသားနှင့် အမျိုးသမီးသည် တန်းခွဲတာမျိုး၊ နှိမ်ချပြီး ဆက်ဆံတာမျိုး တစ်ခါမျှ မရှိခဲ့ဖူးပါကြောင်း၊ အဲဒီလို ပံ့ပိုးမည့်သူများ၊ ကူညီမည့်သူများ ရှိနေချိန်တွင် ယခင်ပညာရှင်တွေကို မမီရင်တောင်မှ ယိုးစွဲနီးပါးလောက် မလိုက်နိုင်ရင်တော့ မိမိတို့အမျိုးသမီးစာပေပညာရှင်များ ညံ့နေသေးသည်ဟု ဆိုရမှာဖြစ်ပါကြောင်း။
အခုခေတ်လိုမျိုး အမျိုးသားစာပေဆုမှာရော၊ ကလောင်သစ်များကို မြေတောင် မြှောက်ပေးနေသည့် စာပေဗိမာန်စာမူဆုတွေမှာပါ ဆုအမျိုးမျိုး ထပ်တိုး၊ ဆုငွေများလည်း တိုးပြီး ချီးမြှင့်သည်မှာ အားတက်စရာ ဖြစ်ပါကြောင်း၊ ထုတ်ဝေသည့် စာပေများတွင်လည်း ဟိုတစ်ခေတ်ကတော့ ချစ်တီးခေါင်းသန်းရှာသလိုမျိုး ရမယ်ရှာပြီး ဟိုစာကြောင်းပယ်၊ ဒီစာပိုဒ်ဖြုတ်၊ မကျေနပ်ရင် ငွေမင်ပိတ်၊ သဘောမကျရင် စာတစ်ပိုဒ်လုံး မဂ္ဂဇင်းက အဆုတ်ခံရ၊ စာအုပ်အပိတ်ခံရအဖြစ်မျိုးတွေနဲ့ တိုးတက်တဲ့ စာပေကင်ပေတိုင်လို့ခေါ်တဲ့ စာပေစိစစ်ရေးလည်း မရှိတော့ပါကြောင်း၊ စာပေလွတ်လပ်ခွင့်များ အများကြီးရလာသည့်အတွက် ဘက်စုံနယ်စုံ နယ်နိမိတ် ကျယ်ကျယ်ဝန်းဝန်း အကြောင်းအရာစုံ စာတွေထွက်လာတာ တွေ့ရပါကြောင်း၊ အဲဒီလိုနေရာများတွင် အမျိုးသားပညာရှင်တွေက ခြေလှမ်းကြဲကြီးများဖြင့် တစ်ရှိန်ထိုး ချီတက်နေကြသလို ဖြစ်နေပါကြောင်း၊ မိမိတို့က အမျိုးသားပညာရှင်များ ထိုက်ထိုက်တန်တန်နှင့် ဆုယူသွားသည့် အဲဒီလို နယ်ပယ်မျိုးတွေကိုလည်း မိမိတို့အမျိုးသမီးများအနေဖြင့် တည့်တည့်မကြည့်ရဲလျှင်တောင် နည်းနည်းလေး မျက်စောင်းလေးထိုးပြီး အားကျဖို့ သင့်ပြီလို့ ထင်ပါကြောင်း၊ ကဗျာလေးတွေ၊ ဝတ္ထုတို ရှည်လေးတွေ ရေးတဲ့ခွင်လောက်နဲ့ ကျေနပ်နေဖို့ မသင့်ပါကြောင်း။
တစ်ခါ ဒီနှစ်ဆုချီးမြှင့်ခံရတဲ့သူတွေထဲမှာ ထူးထူးခြားခြား တော်တဲ့လူငယ်လေးတွေ ဆုရွေးချယ်ခံရတဲ့ အထဲမှာ ပါလာတာကိုလည်း ဝမ်းသာမိပါကြောင်း၊ အထူးသဖြင့် ဝတ္ထု ရှည်ဆုနှင့် စာပဒေသာဆုရသည့် စာအုပ်များကို ဖတ်မိသူမှန်သမျှ ချီးကျူးပြီး အမှတ်တရ ပြောကြတာမို့ ရေးသားသည့် လူငယ်တွေကိုယ်စား ပီတိဖြာမိပါကြောင်း၊ ဒီလို စာကောင်းစာမွန်မျာကို ရွေးချယ်ဆုပေးနိုင်သည့် ခေတ်နဲ့အခြေအနေအရပ်ရပ်အတွက်လည်း ကျေးဇူးတင်မိပါကြောင်း။
ဆုရသူအားလုံးလိုလိုဆီက တူညီသည့် စကားသံများကို ကြားရပါကြောင်း၊ ဆရာ ဆင်ဖြူကျွန်း သန်းထွန်းပြောသလို တစ်ခုခုကို မျှော်လင့်ပြီး ရေးသည့်စာမဟုတ်ပေမယ့် အသိအမှတ်ပြုခံရတော့ စာဆက်ရေးဖို့ အင်အား ဖြစ်တယ်ဆိုတာ မှန်သောသစ္စာ စကားဖြစ်ပါကြောင်း၊ ဆရာဘိုးလှိုင် ပြောသလို ကိုယ်ကျိုးစီးပွား၊ ထင်ပေါ်ကျော်စောလိုမှုအတွက်ထက် အများဖတ်သင့်လို့ ဖတ်စေချင်တဲ့ စာမျိုးကိုရေးတာပါဆိုတဲ့ စေတနာက အဓိက ဖြစ်ပါကြောင်း၊ နာဂတိုင်းရင်းသားတွေရဲ့ဒေသ၊ လူနေမှုဘဝ အကြောင်း ရေးသားပြီး စာပဒေသာဆုရသည့် ဆရာဉာဏ်ဝေ (မြစ်သာမြေ) စကားထဲကလို နိုင်ငံတော်က ပေးသည့်ဆုသည် ဆုယူသည့်သူတစ်ယောက်တည်းအတွက် မဟုတ်ပါကြောင်း၊ အားလုံးအတွက် ဂုဏ်ပြုတယ်လို့ ခံယူပါတယ်ဆိုတာလေးကို ကိုးကားရင်း ဆုရရှိသူ အားလုံးကိုယ်စား နိုင်ငံတော်သမ္မတကြီးနှင့်တစ်ကွ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့များနှင့် ကြွရောက်လာသည့် ဧည့်သည်တော်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရ စာပေပညာရှင်ကြီးများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၅၄ ဦးဖြင့် ဖွဲ့စည်းကာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် အမျိုးသားစာပေဆုများကို စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀၊ အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ် ၂၅ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အမျိုးသားစာပေ တစ်သက်တာဆုများကို ၂၀၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ယခုနှစ်အတွက် စာပေပညာရှင်နှစ်ဦး အပါအဝင် စာပေပညာရှင် ၃၁ ဦးကို ချီးမြှင့်နိုင်ခဲ့ပြီဖြစ်သည်။
သတင်းစဉ်


