၂၀၁၉ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ၂၁  အောက်တိုဘာ

 

၂၀၁၉ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသည်။

 

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ၃ နာရီ တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာဆိုင်ရာများမှ ဝန်ထမ်းများနှင့် ဘောလုံးပွဲဝါသနာရှင် ပြည်သူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

1

 

ဗိုလ်လုပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအသင်းတို့ မိနစ် (၉၀) ပွဲချိန်ပြည့် ယှဉ်ပြိုင်ကစားကြပြီး တစ်ဖက် တစ်ဂိုးစီ သရေကျ၍ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်က အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းဆု ရရှိကြသည့် ကစားသမားများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အကောင်းဆုံး အလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိကြသည့် အားကစားသမားများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အသန့်ရှင်းဆုံး အသင်းဆုရရှိသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် စတုတ္ထဆုရရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသင်းတို့ကိုလည်းကောင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

5

 

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေပေး အပ်ချီးမြှင့်ပြီး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ဒုတိယဆုရရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေပေးအပ်ချီး မြှင့်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပထမဆုရရှိသည့် ပြည်ထောင်စုရှေ့နေချုပ်ရုံးအသင်းကို တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေနှင့် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

 

(သတင်းစဉ်)