၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးအသင်း တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ

နေပြည်တော်  ၃ ဧပြီ 

 

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ(၄)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်တို့ တက်ရောက်ကြည့်ရှုအားပေးသည်။

 

ထို့ပြင် ဗိုလ်လုပွဲသို့ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမှုရေးဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာ့အားကစားကို ကူညီထောက်ပံ့ပေးနိုင်ရေး တရုတ်နိုင်ငံဆိုင်ရာ ကွင်းဆင်းလေ့လာရေး ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘောလုံးဝါသနာရှင် ပရိသတ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

 

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မတ် ၂၁ ရက်မှ ဧပြီ ၃ ရက်အထိ ယှဉ်ပြိုင်ကစားကြရာ တတိယနေရာ လုပွဲစဉ်ကို ယနေ့နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ် အသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းအား (၃) ဂိုး၊ (၁)ဂိုးလည်းကောင်း အနိုင်ရကာ တံခွန်စိုက်ဒိုင်းကို ရရှိခဲ့သည်။

 

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အကောင်းဆုံးဂိုးသမားဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ယဉ်ယဉ်မိုးနိုင်၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆု ရရှိသည့် ကရင်ပြည်နယ်အသင်းမှ နှင်းထက်ထက်ဝေ၊  အလယ်တန်းအကောင်းဆုံး အားကစားသမားဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းမှ နန်းချိုမွှေး၊ ရှေ့တန်းအကောင်းဆုံး အားကစား သမားဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ နန်းထက်ထက်ဝင်းနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စန်းစန်းမော် တို့ကို ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

 

aa

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား ငွေသားဆု(၇)သိန်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား ငွေသားဆု (၁၀)သိန်းနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား ငွေသားဆု(၁၅)သိန်း၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။

 

(သတင်းစဉ်)