၂၀၁၉ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား (တတိယအကြိမ်) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် ၂၉ ဇွန်

 

၂၀၁၉ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီဘော လုံးပြိုင်ပွဲ (တတိယအကြိမ်) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။
 

 

ဗိုလ်လုပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအသင်းနှင့် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းအသင်းတို့ အကြိတ်အနယ် ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားကြပြီး ပွဲကစားချိန် ပြီးဆုံးသည်အထိ တစ်ဂိုးစီသရေဖြင့် အနိုင်၊ အရှုံး မပေါ်သဖြင့် ပယ်နယ်တီ အဆုံးဖြတ်ရယူရာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဘောလုံးအသင်းက (၇)ဂိုး (၆)ဂိုးဖြင့် အနိုင်ရရှိပြီး  ပြည်ထောင်စုဝန်ကြီး  ဂုဏ်ပြုဆုဖလားကို ဆွတ်ခူး ရရှိခဲ့သည်။

 

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက နှစ်သိမ့်ဆုရရှိသည့်  ဝန်ကြီးရုံးအသင်းနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန အသင်းတို့ကို လည်းကောင်း၊  တတိယဆုရရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  အသင်းကိုလည်းကောင်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဒုတိယဆုရရှိသည့် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားအသင်းအား ဂုဏ်ပြုဆုငွေကျပ် သုံးသိန်းကို  ပေးအပ်ချီးမြှင့်ပြီး   ပရိသတ်အားအပေးဆုံးဆုကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများအား ချီးမြှင့်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပထမဆုရရှိသည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အသင်းအား  ဆုငွေကျပ်ငါးသိန်းနှင့်  ဂုဏ်ပြုဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

 

၂၀၁၉ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲ (တတိယအကြိမ်) ကို ဇွန် ၁၅ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဝန်ကြီးဌာနအောက်ရှိ ဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ  အသင်း ၅ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

 

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအသင်းသည် ၂၀၁၇ ခုနှစ် မှ စတင် ကျင်းပသော   ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးပြိုင်ပွဲမှစ၍   သုံးနှစ်ဆက်တိုက် ဆုဖလား ရရှိခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

 

ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့   ပြန်ကြားရေးဝန်ကြီးဌာနမှ  အရာထမ်း၊ အမှုထမ်းများနှင့်  မိသားစုဝင်များ၊  ဘောလုံးချစ်သူပြည်သူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။    

 

(သတင်းစဉ်)