၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၂၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ်နေရာ ၂၅၀၀၀ ကျော်အားခန့်ထားနိုင်ခဲ့

နေပြည်တော်  ၁၂  မတ် 

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်း နှင့်ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

၂၀၁၇ ခုနှစ် အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီးသင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့်အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက် စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အလုပ်ရရှိမှုအခြေအနေမှာ အစိုးရအလုပ်အကိုင်၁၂၄၆ ဦး ပုဂ္ဂလိက အလုပ်အကိုင် ၂၄၂၀၅ ဦး စုစုပေါင်း ၂၅၄၅၁ ဦးဖြစ်သည်။

 

ဖေဖော်ဝါရီလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအခြေအနေမှာ မလေးရှားနိုင်ငံသို့ ၄၂၂၅ ဦး၊ စင်ကာပူနိုင်ငံသို့ ၃၀ဦး၊ ကိုရီးယားနိုင်ငံသို့ ၁၅၄ဦး၊ ထိုင်းနိုင်ငံသို့ ၁၇၇၄၈ ဦး၊ ဂျပန်နိုင်ငံသို့ ၃၁၇ ဦး၊ ယူအေအီးသို့ ၂၀ဦး၊ ကာတာနိုင်ငံသို့ ၁၀ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၁၇ ဦး၊ မကာအိုနိုင်ငံသို့ ၂ ဦး စုစုပေါင်း ၂၂၅၂၃ ဦး စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)