၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ‌ရှေ့ပြေးရလဒ်များ ထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ၃၁ ဩဂုတ်

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း၏ ‌ရှေ့ပြေးရလဒ်များ ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနအသီးသီးမှ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ NGO ၊ INGO ၊ တက္ကသိုလ်များနှင့် လူမှုအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူများသည် Online Meeting အဖြစ် Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan -MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများရရှိရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းလုပ်ငန်းစဉ်တွင် မူလက ရှေ့ပြေးရလဒ်ထုတ်ပြန်ရန် အစီအစဉ်ပါဝင်ခြင်းမရှိသော်လည်း လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ကုစားရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ လိုအပ်နေသည့် စာရင်းအင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ရေးအတွက် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များကို ထုတ်ပြန်ပေးနိုင်ရေးအတွက် စီစဉ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး / ပြည်နယ် / ခရိုင် / မြို့နယ်အဆင့်အထိ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

 

သန်းခေါင်စာရင်းမေးခွန်းပုံစံပြုစုရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြုစုခဲ့ပြီး အခြားဌာန အဖွဲ့အစည်းများ၏ လိုအပ်နေသည့် အချက်အလက်များကို အတတ်နိုင်ဆုံး ထည့်သွင်းကောက်ယူပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကြားဖြတ်လူဦးရေသန်းခေါင် စာရင်းကောက်ယူရာတွင် ယခင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အတွေ့အကြုံများကို အခြေခံ၍ ပိုမိုကောင်းမွန်သည့် ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ခြင်းကြောင့် အချိန်တိုအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြေပုံရေးဆွဲရာတွင် GIS နည်းပညာကိုအသုံးပြုခဲ့ပြီး  စာရင်းကောက်ယူရာတွင်လည်း ခေတ်မီနည်းပညာ Computer - Assisted Personal Interviewing (CAPI) နည်းစနစ်ကို အသုံးပြုကာ Mobile Tablet များဖြင့်ကောက်ယူခဲ့ခြင်းကြောင့် အချက်အလက် သွင်းသည့်အချိန်ကို လျှော့ချနိုင်ခဲ့ပါကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ခရိုင်အဆင့် ကိုယ်စားပြု အညွှန်းကိန်းများရရှိနိုင်ရေး ရည်ရွယ်ကောက်ယူခဲ့ခြင်းဖြစ်ပြီး လူဦးရေဆိုင်ရာမေးခွန်းများ၊ လူမှုစီးပွားဆိုင်ရာ အချက်အလက်များဖြစ်သည့် ပညာရေးနှင့် လုပ်သားအင်အား မေးခွန်းများ၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်း စသည့် လူဦးရေပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအချက်များ၊ မသန်စွမ်းမှု၊ သက်ကြီးရွယ်အို၊ ဘဝပျော်ရွှင်မှု အထောက်အပံ့ရရှိမှု စသည့်လူမှုဘဝလိုအပ်ချက်များကို ဖော်ထုတ်သည့်မေးခွန်းများ၊ အိမ်အကြောင်းအရာ၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး စသည့် ဆက်စပ်မေးခွန်းများ မေးမြန်းခဲ့ခြင်းကြောင့် အညွှန်းကိန်းများစွာကို ဖော်ထုတ်ပံ့ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း။

 

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအချက်အလက်များသည် ကိုဗစ်-၁၉ နှင့် ကိုဗစ်-၁၉ အလွန်ကာလပြောင်းလဲမှုများ၊ ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဆန်းစစ်လေ့လာရန်နှင့် ကုစားရေးလုပ်ငန်းစဉ်များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် စနစ်တကျ အကောင်အထည်ဖော်ရာတွင် များစွာအထောက်အပံ့ ဖြစ်စေနိုင်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အတွက် လိုအပ်နေသည့် လူမှုစီးပွားရေးဆိုင်ရာစာရင်းအင်း အချက်အလက်များ၏ ရှေ့ပြေးရလဒ်များကို အချိန်ကိုက်ပံ့ပိုးပေးနိုင်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်းနှင့် ယခုရလဒ်များကို လူမှုစီးပွားရေးဆိုင်ရာ အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုကြပါရန် တိုက်တွန်းပါကြောင်း ရှင်းလင်းအမှာစကား ပြောကြားသည်။

 

ယင်းနောက် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ်က ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်ကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

 

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအထိ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး / ပြည်နယ်အသီးသီး၌ ခရိုင်အဆင့် အညွှန်းကိန်းများရရှိစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း (၃၉၆၀)၊ အိမ်ထောင်စု (၁၃၂၀၉၂)၊ လူဦးရေ (၅၄၈၅၅၃) ဦးတို့ကို မေးခွန်းပေါင်း (၁၁၀) မေးမြန်းကောက်ယူခဲ့ပြီး ကောက်ကွက်များ သတ်မှတ်ကောက်ယူခဲ့ရာ ယခုအခါ ကြားဖြတ်သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပင်မအစီရင်ခံစာနှင့် သုတေသနစာတမ်းများ ဆက်လက်ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်