၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ ဆုရကစားသမားများနှင့် အုပ်ချုပ်နည်းပြများအတွက် ဆုကြေးငွေ စုစုပေါင်း ကျပ်သိန်း (၉၈၂၀)သိန်း ချီးမြှင့်

ရန်ကုန် ၁၈ မေ

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သော အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေငွေကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော အားကစားနည်းများမှ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအတွက် နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့သော  ဂုဏ်ပြုဆုကြေးငွေပမာဏမှာ  စုစုပေါင်း (၉၈၂၀) ကျပ်သိန်းရှိသည်ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

နိုင်ငံတော်အစိုးရသည် တစ်ဦးချင်းပြိုင်ပွဲများ၌ ဆုရရှိသူများအနက် ရွှေတံဆိပ်ဆုရ ကစားသမားအား ကျပ်သိန်း ၁၅၀၊ ငွေတံဆိပ်ဆုရကစားသမားအား ကျပ် ၇၅ သိန်း၊ ကြေးတံဆိပ်ဆုရကစားသမားအား ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ အသင်းလိုက်ပြိုင်ပွဲများ၌ ဆုရရှိသူများအနက် ရွှေတံဆိပ်ရရှိသည့် အသင်းမှ ကစားသမားတစ်ဦးချင်းစီအား ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရရှိသည့်အသင်းမှ ကစားသမားတစ်ဦးချင်းစီအား ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ဆုရရှိသည့်အသင်းမှ ကစားသမားတစ်ဦးချင်းစီအား ကျပ်သိန်း ၃၀ စီ ချီးမြှင့်မည်ဖြစ်သည်။

 

"ဥပမာ ဘောလုံးအသင်းဆိုပါတော့။ သူတို့က ကြေးတံဆိပ်ရခဲ့တော့ အသင်းမှာပါတဲ့ ကစားသမားအားလုံး တစ်ယောက်ကို ကျပ်သိန်း ၃၀ စီ ရရှိမှာဖြစ်ပါတယ်"ဟု အဆိုပါ အရာရှိက ရှင်းလင်းပြောကြားခဲ့သည်။

 

အုပ်ချုပ်/နည်းပြအဖွဲ့များအတွက်မူ အမြင့်ဆုံးရရှိခဲ့သည့် ဆုတံဆိပ်အတွက်သာ ဆုကြေးသတ်မှတ်ပေးမည် ဖြစ်သည်။ ရွှေတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြအဖွဲ့ကို ကျပ်သိန်း ၅၀၊ ငွေတံဆိပ်ရရှိစေခဲ့သည့် နည်းပြအဖွဲ့အား ကျပ်သိန်း ၃၀၊ ကြေးတံဆိပ် ရရှိစေခဲ့သည့် နည်းပြအဖွဲ့အား ကျပ်သိန်း ၂၀ ချီးမြှင့်မည်ဖြစ်ပြီး အုပ်ချုပ်မှုအဖွဲ့များအတွက် ဆုကြေးများတွင် ရွှေတံဆိပ် ကျပ်သိန်း ၃၀၊ ငွေတံဆိပ် ကျပ်သိန်း ၂၀ နှင့် ကြေးတံဆိပ် ကျပ် ၁၀ သိန်း ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

 

"အုပ်ချုပ်/နည်းပြတွေအတွက်တော့ အဖွဲ့လိုက်အတွက် ချီးမြှင့်တာဖြစ်ပါတယ်။ ဒီအဖွဲ့ထဲက တစ်ဦးချင်းအတွက်ကတော့ ဆိုင်ရာအဖွဲ့ချုပ်တွေရဲ့ စီမံခန့်ခွဲမှုအတိုင်းဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီအုပ်ချုပ်/နည်းပြအဖွဲ့တွေဟာ ရွှေငွေကြေး ဘယ်နှခုပဲ ရခဲ့ရခဲ့ အမြင့်ဆုံးရရှိတဲ့ ဆုတံဆိပ်အတွက်သာ ဆုကြေးငွေ သတ်မှတ်ချီးမြှင့်တာ ဖြစ်ပါတယ်"ဟုလည်း အဆိုပါ အရာရှိက ပြောသည်။

 

ယခုချီးမြှင့်မှုများတွင် ကစားသမားပေါင်း ၁၆၆ ဦး အပါအဝင် အုပ်ချုပ်/နည်းပြများအား စုစုပေါင်း ချီးမြှင့်ဆုကြေးငွေ စုစုပေါင်း ကျပ်သိန်း (၉၈၂၀) သိန်းရှိသည်ဟု သိရသည်။ ရန်ကုန်မြို့၌ ရှိသော ဆုရသူများသည် မေ ၂၀ ရက်တွင် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာန (၁)၌ နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအတွင်း အားကစားအဖွဲ့ ရှစ်ဖွဲ့၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအတွင်း အားကစားအဖွဲ့ ၁၀ ဖွဲ့ ခွဲ၍ ထုတ်ယူကြရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

 

အာကာစိုး၊