၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၄ ဒီဇင်ဘာ

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံ အားကစားကွင်း ( B )ရုံတွင် ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသားကျောင်းသူ လူငယ်များ၏ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင် သန်စွမ်းစေဖို့ အခြေခံပညာကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်အထိ ကျောင်းသားအားကစားပြိုင်ပွဲများကို အဆင့်ဆင့်ကျင်းပနေပြီ ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် အားကစားပြိုင်ပွဲမှ နိုင်ငံတော်က အားထားရသည့် လက်ရွေးစင်အားကစားမောင်မယ်များ ပေါ်ထွက်လာရေး မျှော်မှန်းပါကြောင်း၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်များကို ၁၉၉၀ ပြည့်နှစ် ပထမအကြိမ်မှသည် ၁၉၉၈ ခုနှစ် အဋ္ဌမအကြိမ်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် လည်းကောင်း၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တွင် နေပြည်တော်တွင်လည်းကောင်း ကျင်းပပြုလုပ်ပေးခဲ့ပြီး ယင်းနောက်ပိုင်း ကျင်းပပေးနိုင်ခဲ့ခြင်းမရှိဘဲ ယခုနှစ်မှစ၍ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်နှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲထည့်သွင်းပြီး ပြန်လည်ကျင်းပခြင်းဖြစ်ပါကြောင်း။

 

၂၀၂၀ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံ ကျောင်းသားအားကစားပွဲတော်အား မြန်မာနိုင်ငံကိုယ်စားပြု  သွားရောက်ယှဉ်ပြိုင်သည့် အခါအောင်မြင်မှု ရရှိစေရေးအတွက်လည်း ရည်ရွယ်ကာကျင်းပခြင်း ဖြစ်ပါကြောင်း။ ကျောင်းသားအား ကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် အားကစားအပေါ် ချစ်မြတ်နိုးတတ်သည့် အလေ့အကျင့်များရရှိပြီး အားကစားသမားအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးမှုကို ရရှိမည်ဖြစ်ပါကြောင်း၊ အားကစားမောင်မယ်များအနေဖြင့် မိမိတို့ တိုင်းဒေသကြီး ပြည်နယ်ဂုဏ်ကိုသာမက နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုပါ ဖော်ဆောင်နိုင်သည့် လက်ရွေးစင် အားကစားသမားများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက အမှာစကားပြောကြား၍ ကျောင်းသားအားကစားပွဲတော်အား ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ကျောင်းသား အားကစားပွဲတော်အထိမ်း အမှတ်အလံအားလွှင့်တင်ကာ အားကစားအဖွဲ့များက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များကတိုင်းဒေသကြီး ပြည်နယ်များမှ အားကစားသမားများအား လိုက်လံနှုတ်ဆက်သည်။

 

ယင်းနောက် အားကစားအဖွဲ့များ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး ကျောင်းသား ကျောင်းသူများက Physical Fitness Dance အစီအစဉ်နှင့် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးအစီအစဉ် အတွဲ(၃/၄) တို့ဖြင့် သရုပ်ပြတင်ဆက်ကြသည်။

 

ယနေ့ စတင်ဖွင့်လှစ်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁)ရကအထိ နေပြည်တော်ရှိ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများကို ဗဟိုပြု၍ ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို အားကစားနည်း (၄)မျိုး၊ (ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း)တို့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ (၁၆၉၅)ဦး စုစုပေါင်း အင်အား (၁၉၃၅)ဦးတို့ ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်