၂၀၁၈ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲ အတွက် အနုပညာရှင်များ၏ ရင်ခုန်သံစကားများ

ရန်ကုန် ၈ ဖေဖော်ဝါရီ

 

ယခုနှစ် မတ်လကုန်တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခမ်းမတွင် ကျင်းပပြုလုပ်မည့်  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။  ယခုနှစ်အတွက် ထူးခြားမှုအနေဖြင့် ရုပ်ရှင်ထူးချွန်ဆု (၁၂)ဆုကို ချီးမြုင့်သွားမည်ဖြစ်ပြီး  ရုပ်ရှင်ဇာတ်ကားပေါင်း (၃၀)ကျော် ကို စီစစ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရွေးချယ်ထားသော အကယ်ဒမီရွေးချယ်ရေးအဖွဲ့မှ စတင်ရွေးချယ်နေကြောင်း သိရသည်။

 

လတ်တလော ပရိသတ်များ ခန့်မှန်းပေးထားကြသည့် အနုပညာရှင်များဖြစ်ကြသည့်၊  မြင့်မြတ်၊ အိန္ဒြာကျော်ဇင်၊ စိုးပြည့်သဇင်တို့၏ အကယ်ဒမီအပေါ် ရင်ခုန်သက်ဝင်လှုပ်ရှား စကားသံများကိုလည်း ယခုလို ကြားသိခဲ့ရ ပြန်သည်။

 

 

 

မြင့်မြတ်

 

အကယ်ဒမီကတော့ ရင်မခုန်ပါဘူး။ ဘာလို့လည်းဆိုတော့ ဇာတ်ကားတွေကများပေမယ့် ဒရာမာ ဇာတ်သိပ်မပါဘူး။ မနှစ်ကမှ ဒရာမာနည်းနည်းပါသေးတယ်။ ဒီနှစ်အတွက် မမှန်းဘူး။ မသေချာဘူး။ ပရိသတ်တွေက အကယ်ဒမီ  မှန်းပေမယ့် မသေချာပါဘူး။ ကိုယ့်အတွက် ဇာတ်ကားကောင်းကောင်းပါတဲ့ နှစ်ကတော့ အကယ်ဒမီရမယ် ထင်တယ်။ ကျွန်တော်ကိုတော့ ပရိသတ်က “ကျူး” ဇာတ်ကားတွေက အမည်ပေါက်နဲ့ကျူး၊ တောကျီကန်း ၊  ကျွန်တော်ကားတွေ အကုန်လုံးကလည်း အက်ရှင်ကားတွေ များနေတယ်၊ ဒရာမာ ကားက အရမ်းနည်းတယ်။

 

 

 

အကယ်ဒမီ အိန္ဒြာကျော်ဇင်(ရင်ဘတ်ထဲကဓား)

အကယ်ဒမီနီးလာရင်တော့ သရုပ်ဆောင်တိုင်း ရင်ခုန်ကြတာပါပဲ၊ ကိုယ့်မောင်နှမတွေထဲက ဒီနှစ်ဘယ်သူ များရမလဲဆိုပြီးပေါ့၊ ရရင်တော့ အတိုင်းမသိဝမ်းသာရတာပေါ့၊ ကိုယ့်ထက်တော်တဲ့ အတက်ပညာရှင်တွေ အသိပညာရှင်တွေက စနစ်တကျ ရွေးချယ်တာဆိုတော့ ဘာပြောပြော ထိုက်တန်တဲ့ ဆုတစ်ဆု ဖြစ်တာမို့ ရချင်ပါတယ်၊ စိတ်ထဲတော့ နှစ်မထားပါဘူး၊ ဒီနှစ်အတွက် အူဝဲကို ပရိသတ်ကပေးကြတဲ့ ဆုတော့ ကြိုရထားလို့ အားလုံးကျေးဇူးတင်ပါတယ်၊ ကိုယ့်ဘက်ကတော့ တက်နိုင်သမျှအကောင်းဆုံး ကြိုးစားခဲ့တာပါပဲ" ရင်ဘက်ထဲက ဓား" ကတော့ အူဝဲ တကယ်ကိုကျေနပ်ရလောက်တဲ့ သရုပ်ဆောင် လုပ်ကွက်တွေ ရခဲ့တယ်၊ ဒါပေမယ့် လိုအပ်ချက်လေးတွေ အနည်းငယ်တော့ ရှိနေပါသေးတယ်၊ ကြိုးစားရအုန်းမှာပါ ၊ပရိသတ်ကလည်း ရစေချင်တယ် ၊ကိုယ်တိုင်လဲအများကြီး ကြိုးစားထားတယ်ဆိုတော့ ပရိသတ်အတွက်ရော ၊ကိုယ့်ကြိုးစားမူလေးအတွက်ပါ အရာထင်စေချင်တယ် ၊အကယ်ဒမီဆုပေးတဲ့ စည်းမျဉ်းစည်းကမ်းအရကတော့ ဘယ်လိုလာမလဲ အူဝဲ မပြောတက်ဘူးဆိုတော့ ကံ ကိုပဲပြောရတော့မှာပေါ့နော်။

 

 

 

အကယ်ဒမီစိုးပြည့်သဇင်  (ခေါတ်ထီးလေးမလုံတစ်လုံ)

 

စိုးပြည့်အနေနဲ့ကတော့ "ခေါတ်ထီးလေးမလုံတစ်လုံမှာ အကောင်းဆုံးတော့ သရုပ်ဆောင်ထားတာပဲ၊ ကိုယ့်ထက်တော်တဲ့သူတွေလဲပါတော့ ဘာပြောပြော စိုးပြည့်မရလည်း ဇာတ်ကားထဲမှာပါတဲ့ မောင်နှမတွေရရင် ပျော်ပါတယ်။ ပရိသတ်တွေကလည်း စိုးပြည့်ကို မျှော်မှန်းပေးကြလို့ ဝမ်းသာမိပါတယ်၊ စိုးပြည့်လည်း အမြဲကြိုးစား နေပါတယ်၊ စိုးပြည့်တို့ရဲ့ ဇာတ်ကားလေးက အကယ်ဒမီဆန်ခါတင်ထဲမှာ ပါဝင်ပြီး ရင်ခုန်ခွင့်ရတာကိုလည်း ကျေးဇူးတင်တယ်၊ အရမ်းတော့ စိုးပြည့် မျှော်လင့်မထားဘူး၊ အကယ်ဒမီက နတ်ကြီးတယ်၊ နောက်အကယ်ဒမီဆိုတာက တော်တဲ့တက်တဲ့သူတွေကို ပညာရှင်တွေက ပေးမဲ့ဆုတစ်ခုပါ၊ ပညာရှင်တွေကရွေးချယ်ပြီး အမှတ်ပေးမယ်ဆိုတဲ့အခါကျတော့ ကိုယ်တွေ actor တွေအနေနဲ့ကတော့ ကိုယ်လုပ်ရမဲ့ ဇာတ်ရုပ်၊ ကိုယ်လုပ်ရမဲ့ ကားမှာအတတ်နိုင်ဆုံး ပြင်ဆင်ဖို့ စိုးပြည့်က အဲ့လိုမျိုးပဲ စိတ်ထဲထားတယ်။ ကျန်တာကတော့ပညာရှင်တွေရဲ့ သဘောပါ။ ရင်တော့ခုန်မိတယ်၊ ပရိတ်သတ်တွေ ကလည်းအားပေးပြတယ်၊ စိုးပြည့်ပရိတ်သတ်ကို ဒီနှစ်မှာပုံစံမတူတာတွေ အများကြီးချ ပြဖို့ရှိတယ်''

 

ဝတ်မှုန်ရွှေရည်   ( ကျွန်)

 

ကစ်ကတော့ ကိုယ့် မောင်နှမတွေထဲက ဘယ်သူရရ ဝမ်းသာပါတယ် ၊ ကစ် ကားတွေ ပါလို့လည်း ဝမ်းသာပါတယ်၊ အကယ်ဒမီက နတ်ကြီးတာဆိုတော့ ကံနဲ့လဲဆိုင်ပါတယ်၊ အကယ်ဒမီကတော့ အနုပညာသမားတိုင်း လိုချင်တဲ့ဆုလေ၊ ကစ်လဲ လိုချင်ပါတယ် ဒါပေမယ့် ကိုယ့်ထက်တော်တဲ့ သူတွေအများကြီး ရှိတယ်ဆိုတော့ ဘယ်သူရမယ်၊ ဘယ်သူပေးမယ်ဆိုတာ လူကြီးတွေ ပညာရှင်တွေရဲ့ အဆုံးအဖြတ်မို့ ကစ်ကတော့ အားလုံးတော်ပြီး တကယ်ကို တက်တဲ့ပညာရှင်တွေ အကုန်ရစေချင်ပါတယ်။