နေပြည်တော် ၇ ဇွန်
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် လစ်လပ်မဲဆန္ဒနယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်အမှတ် (၆၀/၂၀၁၈) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။ လစ်လပ်မဲဆန္ဒနယ်များအတွက် ပြည်တွင်းရှိမဲဆန္ဒနယ်ပြင်ပရောက်မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရန် ဖြစ်ပါသည်-
(က) သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအမှူးများသည် မိမိတို့ ဌာနတည်ရှိရာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ဆက်သွယ်၍ ပုံစံ (၁၅) များကို တောင်းခံသွားရန်၊
(ခ) သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအမှူးများသည် မဲဆန္ဒရှင်များက ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့(၂၄-၈-၂၀၁၈) ရက်အရောက် ပေးပို့သွားရန်၊
(ဂ) မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသည် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများသို့ (၃-၁၀-၂၀၁၈) ရက်အရောက် ပေးပို့ရန်၊
(ဃ) သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများတွင် (၅-၁၀-၂၀၁၈) ရက်မှ (၁၂-၁၀-၂၀၁၈) ရက်အတွင်း သင့်လျော်သည့်ရက်၌ ကြိုတင်ဆန္ဒမဲပေး နိုင်ရေးဆောင်ရွက်ရန်၊
(င) ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်များကို သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ (၃-၁၁-၂၀၁၈) ရက်နေ့ ညနေ ၄ နာရီထက် နောက်မကျဘဲ အရောက်ပေးပို့သွားရန်။
၃။ သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအမှူးများသည် အပိုဒ် ၂ (ဃ) ပါကြိုတင်ဆန္ဒမဲပေးမည့် ရက်ကို မိမိတို့ဌာနတည်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ အနည်းဆုံး (၃) ရက် ကြိုတင်အကြောင်းကြား၍ ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်သည်။
၄။ ဆေးရုံများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနအောက်ရှိ ရဲအချုပ်စခန်း၊ အကျဉ်း စခန်းများတွင် (၂၄-၈-၂၀၁၈) ရက်နေ့ နောက်ပိုင်းတွင်မှ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ တက်ရောက် ကုသရသူများနှင့် အချုပ်ခံနေရသူများ ရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်သည်။
၅။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပတွင်ရောက်ရှိနေသော သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများရှိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ အကြီးအမှူးများက ပူးပေါင်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်း မေတ္တာရပ်ခံ အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်