နေပြည်တော် ၈ ဇူလိုင်
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏ သားသမီးများနှင့် ဘက်စုံပညာ ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
တက်ရောက်
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ် ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဝင်း(အငြိမ်းစား)၊ ဆုရစစ်သည်များ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများ၊ ဆရာ ဆရာမများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ နိုင်ငံတော်တွင်လိုအပ်နေသည့် နည်းပညာနှင့် လူသားစွမ်းရည်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရာတွင် ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများဆိုသည့် ပညာရေးစတုဂံအားကောင်းရန်လိုကြောင်း၊ ကျောင်းသားက ပညာကို တတ်အောင် ကြိုးစားသင်ယူ၊ ဆရာ များက ပညာကိုတတ်မြောက်အောင် သင်ကြားပေး၊ မိဘများက သားသမီးများအတွက်ပညာရေးကို အားပေး၊ အုပ်ချုပ်ရေးတာဝန်ရှိသူများက ရုပ်ဝတ္ထုများနှင့် သင်ထောက်ကူပစ္စည်းများအပါအဝင် အေးချမ်း၊ လုံခြုံ၊ ပျော်ရွှင်စွာဖြင့် ပြည့်စုံသည့်သင်ကြားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးပြီး ဝိုင်းဝန်းကူညီအထောက်အကူပေးကြခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကဏ္ဍသည် တိုးတက်လာမည်ဖြစ်ကြောင်း၊ ပညာရေးစနစ်များ မည်သို့ပင် ပြောင်းလဲသင်ကြားသည်ဖြစ်စေ ကျောင်းသား ကျောင်းသူများအနေဖြင့် သတ်မှတ်ထားသည့် အတန်းလိုက်ပညာရပ်များအား အမှန်တကယ်တတ်မြောက်ကြရန်လိုကြောင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်င ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတ မည်မျှပင်ပေါကြွယ်ဝသည်ဖြစ်စေ လူသားအရင်းအမြစ်ကြွယ်ဝမှုမရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကောင်းစွာဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လူသားအရင်းအမြစ် ပေါကြွယ်ဝစေရန်အတွက် မျိုးဆက်သစ်လူငယ်များကို ပညာရေးကဏ္ဍ အထူးမြှင့်တင်ဆောင်ရွက်ပေးနေကြသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ယနေ့လူငယ်များဖြစ်သည့် မောင်မယ်တို့သည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့်မျိုးဆက်သစ်များဖြစ်ကြောင်း၊ အခြေခံပညာ များကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မောင်မယ်တို့သည် အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူကြရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာများကို သင်ယူကြသည့်အခါတွင်လည်း မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆက်လက်သင်ယူကြရန်၊ မိမိတို့၏ဘာသာရပ် သင်ရိုးòန်းတမ်းများအပြင် အထွေထွေဗဟုသုတများကိုလည်း ဆက်စပ်လေ့လာကြရန်လိုအပ်ကြောင်း၊ ပညာဆိုသည်မှာ ဘောင်အကန့်အသတ်မရှိ နက်ရှိုင်းကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် မိမိ၏ကာယ၊ ဉာဏ စွမ်းအားအပေါ်မူတည်ပြီး ထူးချွန်ထက်မြက်မည်ဖြစ်ကြောင်း၊ ပညာတတ်ချင်း တူလျှင် စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေသူက သာလွန်သည်ကို အစဉ်သတိချပ်ရန်လိုသည်ကို မှာကြားလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သောစစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများ၊ ဘက်စုံထူးချွန်လူငယ်များ၊ နိုင်ငံတော်အဆင့်ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းဆုရရှိသူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ခံရသော ကျောင်းသား ကျောင်းသူများ၏ ထူးချွန်ဆုရရှိမှု၊ ဂုဏ်ပြုဆုချီးမြှင့်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်း၊ တပ်မတော်ပညာရေး ကျောင်းများမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးပထမဆုရရှိသော အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(မင်္ဂလာဒုံ) အောင်ဆန်းသူရိယလှသောင်းကျောင်း၊ ဒုတိယဆုရရှိသည့် အခြေခံပညာအထက်တန်း ကျောင်း(ရွှေနတ်တောင်)၊ တတိယဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း(သိန်းနီ)တို့မှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိများကို လည်းကောင်း၊ အောင်ချက်အကောင်းဆုံးပထမဆုရရှိသော အမှတ်(၃)တပ်မတော်ပညာရေးကျောင်း (အောင်ပန်း)၊ ဒုတိယဆုရရှိသည့် အမှတ်(၂) တပ်မတော်ပညာရေးကျောင်း(မိတ္ထီလာ)၊ တတိယဆုရရှိသော အမှတ်(၆)တပ်မတော ပညာရေးကျောင်း (မော်လမြိုင်)တို့မှကျောင်းအုပ်ကြီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ တပ်မတော် အခြေခံပညာအထက်တန်း ကျောင်း ၂၆ ကျောင်းနှင့် တပ်မတော်ပညာရေးကျောင်း ကိုးကျောင်းအတွက် ငွေသားဆုများအား တာဝန်ရှိသူများကို လည်းကောင်း ပေးအပ်သည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၂၀၁၈-၂၀၁၉ ပညာသင်နှစ် စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားများ၊ အခြေခံပညာမူလတန်း စတုတ္ထတန်း အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ပထမဆုရရှိသော မဆုလင်းထက်တို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက ခြောက်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူများအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ခြောက်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားများအား လည်းကောင်း၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်း နွယ်က ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသူများအား လည်းကောင်း ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
ဆက်လက်၍ တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာမျာ ပေးအပ်ကြသည်။
ယနေ့ကျင်းပပြုလုပ်သော ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဖြစ်သည့် တပ်မတော်အခြေခံပညာ အထက်တန်းကျောင်း သုံးကျောင်း၊ တပ်မတော်ပညာရေးကျောင်း သုံးကျောင်း၊ တစ်ဘာသာနှင့် နှစ်ဘာသာ ဂုဏ်ထူးရရှိခဲ့သူစစ်သည် ၃၂ ဦး၊ တပ်မတော်သား မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများနှင့် စစ်သည်အစားခန့်အရပ်သား အမှုထမ်းများ၏ သားသမီးများ ဖြစ်သော ခြောက်ဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၇၂ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၈၈ ဦး၊ မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အတူပညာဒါန စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် တပ်မတော်သားမိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများထဲမှ တစ်ဘာသာဂုဏ်ထူး ရရှိသူ ၆၉၃ ဦးနှင့် နှစ်ဘာသာဂုဏ်ထူးရရှိသူ၂၀၇ ဦး စုစုပေါင်း ၉၀ဝ တို့အား ဂုဏ်ထူး တစ်ဘာသာလျှင် ဂုဏ်ပြုငွေ ၁၁၀ဝ၀ဝ ကျပ်နှုန်းဖြင့်လည်းကောင်း အဝေးရောက် ချီးမြှင့်ခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သောစစ်သည်များ၊ တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်း ဟောင်းမိသားစုဝင် သားသမီးများနှင့်စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို၂၀၁၁-၂၀၁၂ ခုနှစ်မှ စတင်ပေးအပ်ခဲ့ရာ ယခုအကြိမ်သည် အဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း ခြောက်ဘာသာဂုဏ်ထူးရှင် ၃၁၆ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၆၄၆ ဦး၊ လေး ဘာသာဂုဏ်ထူးရှင် ၁၀၃၈ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၁၉၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်၁၅၆၃ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၅၄၀၃ ဦးတို့အား ဂုဏ်ပြုရွှေသားဆုနှင့် ငွေသားဆုများချီးမြှင့်ပေးခဲ့သည်။ ထို့ပြင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်၍ အဆင့်မြင့်ပညာ အဆင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ပညာသင်ဆုများကိုလည်း ချီးမြှင့်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ၇၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၈၆ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၈၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၈၁ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၈၄ ဦးနှင့် ယခုနှစ်တွင်၈၃ ဦးပေးအပ်ခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်း ၄၈၈ ဦးအား လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်းနှင့် ဆုရရှိသူများအနက် ထူးချွန်စစ်သည်များနှင့် ဘက်စုံထူးချွန်လူငယ်များကို ၂၀၁၃ ခုနှစ်မှစတင်၍ ပြည်ပ နိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ၍ ပြည်ပလေ့လာရေးခရီး စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


