၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသားကျောင်းသူ ရှစ်သိန်းကျော် ပျော်ရွှင်စွာတက်ရောက်သင်ကြား

ရန်ကုန် ၁ ဇွန်

 

မေလကုန် ဇွန်လဆန်း၏ မိုးစက်ပွင့်များအောက်တွင် ပတ်ဝန်းကျင်သည် စွတ်စိုမှုတို့ဖြင့် စိမ်းမြနေသည်။ သက်မဲ့ပန်းကလေးများကလည်း ဖူးငုံပွင့်လန်းရန် အားယူနေသကဲ့သို့ သက်ရှိပန်းကလေးများကလည်း လှုပ်ရှားသက်ဝင်လာပြန်ပါသည်။

 

ယနေ့သည် ဇွန် ၁ ရက်ဖြစ်၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများစတင်ဖွင့်လှစ်သည့်နေ့ဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း အိမ်တွင်းအောင်းနေကြရရှာသည့် ကျောင်းသား ကျောင်းသူကလေးများသည် ယနေ့တွင်မူ ကာလအတန်ကြာ ဝေးကွာခဲ့ရသည့် ဆရာ ဆရာမများနှင့် သူငယ်ချင်းများကို တစ်စုတစ်ဝေးတည်း ပြန်လည်တွေ့ဆုံကြသည့်နေ့ရက်လည်း ဖြစ်သည်။

 

အဖြူအစိမ်းကျောင်းဝတ်စုံကိုယ်စီဖြင့် ပြေးလွှားဆော့ကစားနေကြသည့် ပုံရိပ်များ၊ ခေါင်းလောင်းသံချိုချိုနှင့် ကျောင်းသားလူငယ်မောင်မယ်တို့၏ ဆော့ကစားရာမှ ထွက်ပေါ်လာသည့် အသံချိုမြမြတို့ကို ပေါင်းစပ်လိုက်သောအခါ ဇွန် ၁ ရက်နေ့သည် လွန်စွာ ကြည်နူးစရာကောင်းသော မင်္ဂလာရှိသော နေ့ရက်ဟုဆိုရပေမည်။

 

၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ယနေ့စတင်ဖွင့်လိုက်ပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး (၄၃)မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် KG အပါအဝင် မူလတန်းအဆင့်တွင် ၄၄၃၄၆၂ ဦး၊ အလယ်တန်းကျောင်းအဆင့်တွင် ၃၁၁၄၉၈ ဦး၊ အထက်တန်းကျောင်းအဆင့်တွင် ၁၁၉၄၄၀ ဦး စုစုပေါင်းကျောင်းသားကျောင်းသူ  ၈၇၄၄၀ဝ ဦးတို့သည် ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာအခြေခံပညာကျောင်းအသီးသီးတွင် ပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

 

 “ဒီနေ့ ကျောင်းစဖွင့်တဲ့ နေ့ဖြစ်လို့ သူငယ်ချင်းတွေနဲ့တွေ့ရလို့ တော်တော်ပျော် ပါတယ်။ သားတို့ကို စာသင်ခန်းထဲမှာ ဆရာမတွေက မေးခွန်းပုံစံပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။ ကျောင်းစဖွင့်တဲ့နေ့မှာပဲ ဆရာမတွေက သင်ကြားမှုတွေကို စသင်ကြားပေးပြီး အသင်းလိုက် ဖွဲ့စည်းပြီး တာဝန်တွေပေးပါတယ်။ ကျောင်းမှန်မှန်တက်ပြီး စာကြိုးစားဖို့ကိုလည်း ဆုံးမသြဝါဒတွေပေးပါတယ်”ဟု ဒဂုံ အထက(၁) ဒသမတန်းကျောင်းသား  မောင်မင်းခန့်ကို က ပြောသည်။

 

မရမ်းကုန်းမြို့နယ် အထက(၁)မှ အဋ္ဌမတန်းကျောင်းသူ မရွှန်းလဲ့သူက ပထမဦးဆုံး ကျောင်းစတက်ရသည့်နေ့တွင် သူငယ်ချင်းများနှင့်  တွေ့ရမည်ဖြစ်၍ ပျော်ရွှင်မိကြောင်း၊  ရှစ်တန်းက အရေးကြီးသည့်အတွက် စာကိုပဲ တစိုက်မတ်မတ် ကြိုးစားသွားမည်ဟု ပြောသည်။

 

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်၍ ကျောင်းသားမိဘတိုင်းသည် ၎င်းတို့  သားသမီးများ အနာဂတ်တွင် ပညာတတ်များဖြစ်လာစေရန် ငယ်စဉ်ကတည်းက ရင်အုပ်မကွာ လိုက်ပါပို့ဆောင် စောင့်ရှောက်ကြသည့် မြင်ကွင်းကိုလည်း အခြေခံပညာ ကျောင်းတိုင်း နီးနီး၌ တွေ့မြင်ခဲ့ရသည်။

 

 “ကျွန်မသားက အထက(၁) ဒဂုံ ဒသမတန်းမှာကျောင်းတက်နေပါတယ်။ ဒီနေ့ကျောင်းစဖွင့်တဲ့နေ့ဖြစ်လို့ ကျောင်းလိုက်ပို့ တာပါ။  ကျောင်းက ဆရာ ဆရာမတွေကလည်း ကျောင်းသား ကျောင်းသူတွေကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။ ကျောင်းအပ်တုန်းကလည်း  ဖတ်စာအုပ်တွေ အခမဲ့ပေးပါတယ်။ ဘာအတွက်မှ ငွေကြေးကောက်ခံခြင်းမရှိပါဘူး။ ဒါကြောင့် မိဘတွေအတွက် အခက်အခဲ ဘာမှမရှိပါဘူး”ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အေးမူက ဆိုသည်။

 

ပညာရေးဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများ အားလုံးနှင့် မိဘအုပ်ထိန်းသူ ပြည်သူများ သိရှိလိုက်နာစေရန် မေတ္တာရပ်ခံချက်များ ကြိုတင်ထုတ်ပြန်ထားသည်။

 

ဗိုလ်တထောင်မြို့နယ် အမှတ်(၄) အခြေခံပညာအထက်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ရင်ရင်သိန်း က    ဇွန် ၁ ရက် နေ့မှာ ကျောင်းဖွင့်နိုင်ရန်အတွက် အားလုံးပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ကျောင်းသား ဦးရေကိုလည်း ကျောင်းစာသင်ခန်း နှင့်လျော်ညီအောင် လက်ခံခဲ့ကြောင်း၊  နိုင်ငံတော်က အခမဲ့ပေးအပ်သည့် ပစ္စည်းများကိုလည်း လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း၊  ကျောင်းသူပေါင်း ၂၀၆၆ ယောက် ပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း၊ ဒုတိယတန်း သင်ရိုးသစ် အတွက် မေလအတွင်း  ကျောင်းရှိ  မူလတန်းဆရာမများကို သင်တန်းပို့ချခဲ့ကြောင်း၊ ဒုတိယတန်း သင်ရိုးသစ်အတွက် သင်ထောက်ကူပစ္စည်းများ ပြည့်စုံအောင်ဆောင်ရွက် ပေးခဲ့ကြောင်း၊ ကလေးများကို လုံခြုံသန့်ရှင်းသည့် စာသင်ခန်း ဖွဲ့စည်းပုံကိုလည်း သီးသန့်လုပ်ဆောင်ပေးရကြောင်း၊ အဆင်ပြေချောမွေ့စွာပညာ သင်ကြားနိုင်ရေး အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ပညာရေးဝန်ကြီးဌာနသည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး ပြည်နယ်အလိုက် အခြေခံပညာကျောင်းများကို ကျောင်းအဆင့် တိုးမြှင့် ခွင့်ပြုခဲ့ရာ အထက၊ အလက၊ အမက၊ အထက(ခွဲ)၊ အလက(ခွဲ)၊ မူလွန်နှင့် အမက(ခွဲ) စုစုပေါင်း ၆၃၈၈ ကျောင်းကို တိုးမြှင့်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

ပညာခေတ်တွင် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ ပေါကြွယ်ဝရေးသည် လွန်စွာမှ အရေးပါလျက်ရှိရာ ယနေ့ ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်ရာသီအတွင်း ပန်းကလေးများ ပွင့်ဖူးနိုင်ရေး၊ ဖူးတံဝင့်ချီနိုင်ရေးအတွက် နေခြည်မှာရွှေရည်လောင်းသည့် စာသင်ကျောင်းများကို နိုင်ငံတော်က ကျောင်းအဆင့် တိုးမြှင့်ခွင့်ပြုနိုင်ခြင်းနှင့် အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံရေးအတွက် စီစဉ် ဆောင်ရွက်ပေးခြင်းတို့သည် အနာဂတ်နိုင်ငံတော်အတွက် အခြေခံအုတ်မြစ်များသာ ဖြစ်ပါတော့သည်။   ။

 

သတင်းဆောင်းပါး - ရီရီမြင့်၊ ဥမ္မာသန့်

ဓာတ်ပုံ - ဇော်မင်းလတ်၊ ရဲထွဋ်