၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျက်နှင့် ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအပေါ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန် ၁၁ ဇွန်

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျက်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအပေါ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

 

မေး။ ရန်ကုန်တိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရရှိမှု အခြေအနေနဲ့ သုံးစွဲသွားမယ့် လျာထားချက်တွေနဲ့ပတ်သက်ပြီး သိပါရစေခင်ဗျာ။

 

ဖြေ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ယူရတဲ့ အချိန်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကို စတင်ပြီး တာဝန်ယူခဲ့ပါတယ်။ အခုဆိုရင် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာတော့ ခြောက်လ ဘတ်ဂျက်တစ်ခုနဲ့ အောက်တိုဘာလုပ်မယ့် ဘတ်ဂျက် ဖြစ်ပါတယ်။ ကျွန်တော်တို့ စတင်တာဝန် ယူခဲ့စဉ်ကာလမှာ ဘတ်ဂျက်သုံးစွဲနိုင်မှုဟာ ဘီလီယံ လေးရာကျော်လောက်ပဲရှိပါတယ်။ ကျွန်တော်တို့ နှစ်နှစ်တာ တာဝန်ယူပြီးတဲ့ အခုအချိန်မှတော့ ကျွန်တော်တို့ သုံးစွဲနိုင်တဲ့ အခြေအနေက ၂၀၁၈-၂၀၁၉ အတွက် လျာထားချက်ဟာ ဘီလီယံခြောက်ရာကျော်လောက် ကျွန်တော်တို့ လျာထားနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကြိုးပမ်းဆောင်ရွက်လာခဲ့တဲ့ ဆောင်ရွက်မှု တစ်ခုဖြစ်ပါတယ်။

 

ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်း ဒီတစ်နှစ်မှာ ဘီလီယံတစ်ရာ ကျော်လောက်ပိုပြီးသုံးနိုင်အောင် ကျွန်တော်တို့ကြိုးစားပြီးတော့ ရှာဖွေခဲ့ပါတယ်။ ဒီအပေါ် မူတည်ပြီး လာမယ့် ၂၀၁၈-၂၀၁၉ အောက်တိုဘာလ ဘတ်ဂျက်မှာ ဘီလီယံ ခြောက်ရာကျော်လောက်သုံးစွဲဖို့အတွက် ဘတ်ဂျက် လျာထားချက်ကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။

 

ဒီဘတ်ဂျက်လျာထားမှုတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့ရဲ့ အဓိက မူဝါဒက ကျေးလက်နဲ့ မြို့ပြကို အချိုးညီ ဖွံ့ဖြိုးတိုးတက်စေလိုမှုကို ရည်ရွယ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာပဲဖြစ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာပဲဖြစ်ဖြစ် ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ နေထိုင်မှုဘဝကို မြှင့်တင်အောင် ဆောင်ရွက်ပေးနိုင်ဖို့လိုအပ်ပါတယ်။ အဲဒီအတွက်ဆိုရင် အဓိကကတော့ လျှပ်စစ်မီးရယ်၊ လမ်းတွေရယ်၊ ရေကောင်း ရေသန့် သုံးစွဲနိုင်ဖို့ ကိစ္စဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့တိုင်းဒေသကြီးအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ ကြိုးပမ်းဆောင်ရွက်မှုပဲဖြစ်ပါတယ်။ ဒါဟာတစ်ချက်ဖြစ်ပါတယ်။

 

နောက်တစ်ခုကတော့ ဘတ်ဂျက်ကိုရေးဆွဲတဲ့နေရာမှာ ခေတ်အဆက်ဆက် ဘတ်ဂျက်ရေးဆွဲခဲ့တဲ့ စနစ်ဟာ ဝန်ကြီးဌာနတွေကပဲ ရေးဆွဲတာဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေက ရေးဆွဲတာဖြစ်တဲ့အတွက် ဌာနကို အခြေပြုပြီး ဌာနကလုပ်သင့် လုပ်ထိုက်တာတွေကို ရေးဆွဲတဲ့ ပုံသဏ္ဍာန်မျိုး ဖြစ်ခဲ့ပါတယ်။ အခုကျွန်တော်တို့ မျှော်မှန်းတာက ပြည်သူတွေပါဝင် ရေးဆွဲတဲ့ ဘတ်ဂျက်စနစ်မျိုး ဖြစ်ချင်ပါတယ်။ ဒီအတွက် ပြည်သူလူထု တွေပါဝင်နိုင်တဲ့၊ အားလုံးပါဝင်ခွင့်ရနိုင်တဲ့ ဘတ်ဂျက်ရေး ဆွဲနည်းစနစ်နဲ့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲပြီးတော့ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ ကျွန်တော်တို့ ဆောင်ရွက်လာခဲ့တာရှိပါတယ်။ ဒီ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့လည်း ပထမအဆင့် ဘာတွေဆောင်ရွက်သင့်သလဲဆိုပြီး ကျွန်တော်တို့ တိုင်းဒေသကြီး လွှတ်တော်မှာ အကြံပြုချက်ရယူတာ ဖြစ်ပါတယ်။ ဒီအကြံပြုချက်ရယူမှုနဲ့ ပတ်သက်ရင် မဲခွဲဆုံးဖြတ်စရာ မလိုပါဘူး။

 

တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၄၀ အရ လွှတ်တော်မှာ အကြံပြုချက်တွေကို စုစည်းပြီးရင် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဆီ ကိုတင်ပြဖို့ပဲဖြစ်ပါတယ်။ မဲခွဲဆုံးဖြတ်မှုမျိုး ဆောင်ရွက်ဖို့ မလိုအပ်ပါဘူး။ ပုဒ်မ ၁၄၁ အရ ပြည်ထောင်စုလွှတ်တော်မှာ ဒီဥပဒေတွေအားလုံးဟာ ဘဏ္ဍာရေးကော်မရှင်ကို ဖြတ်ရမယ်။ ဘဏ္ဍာရေးကော်မရှင်က အတည်ပြုပြီးတဲ့နောက် ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြီးမှ တိုင်းဒေသကြီးရဲ့ ဥပဒေကြမ်းအဖြစ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကို ပြန်လည်တင်ပြရမှာဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် တိုင်းဒေသကြီးလွှတ်တော် ဥပဒေ ပုဒ်မ ၁၄၁ အရ လွှတ်တော်မှာဆွေးနွေးပြီးတော့ အားလုံးရဲ့ အများဆန္ဒ သဘောထားနဲ့ အတည်ပြုကြရမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့ စတင်ဆောင်ရွက်တာက အောက်တိုဘာလမှာ စတင်မယ့် ဘဏ္ဍာရေးနှစ်အတွက် အကြိုပြင်ဆင်မှု တွေဖြစ်ပါတယ်။

 

မေး။ အောက်တိုဘာလမှာ စမယ့် ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု တွေကိုရှင်းပြပေးပါဦး ခင်ဗျာ။

 

ဖြေ။ အကြိုပြင်ဆင်မှုနဲ့ပတ်သက်ရင် အချက်နှစ်ချက်ရှိပါတယ်။ တစ်ချက်ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ပိုင် စီးတီးဘဏ်ကိစ္စဖြစ်ပါတယ်။ (YCDC) ပိုင် စီးတီးဘဏ်ဘဏ်မှာ စရံငွေ (ငွေပေါင်) ထားရှိဖို့ ကိစ္စဖြစ်ပါတယ်။ ဒီငွေပမာဏဟာ ဘာကြောင့်ထားရှိရသလဲဆိုရင် နိုင်ငံခြားငွေ သုံးစွဲခွင့်ရဖို့အတွက်ဖြစ်ပါတယ်။ နိုင်ငံခြားငွေ သုံးစွဲခွင့်ဆိုတာ ဗဟိုဘဏ်မှာ ငွေပေါင်ထားရပါတယ်။ နိုင်ငံခြားငွေသုံးစွဲမယ်ဆိုရင် နိုင်ငံခြားငွေသုံးစွဲမှုအတွက် သတ်မှတ်ထားတဲ့ငွေပေါင်ကို ထားရပါတယ်။

 

ဒီငွေဟာ ဗဟိုဘဏ်မှာ ကျွန်တော်တို့က အပ်နှံထားရတဲ့ငွေဖြစ်ပါတယ်။ ဒီအတွက်ကိုလည်း ဗဟိုဘဏ်ကနေ ကျွန်တော်တို့ကို သင့်တင့်မျှတတဲ့ အကျိုးခံစားခွင့်တစ်ခုကို ပြန်ပေးမှာပဲဖြစ်ပါတယ်။ ဒီငွေကို မတင်ပြထားဘူးဆိုရင် နိုင်ငံခြားငွေကို စီမံခန့်ခွဲ သုံးစွဲဖို့အတွက် သုံးစွဲခွင့်ရမှာမဟုတ်ပါဘူး။ အခု အခြေအနေမှာ ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အဓိက စီးပွားရေးကြောရိုးတစ်ခုဖြစ်နေတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ချေးငွေတွေ ချေးချင်ပါတယ်။ ဒီချေးငွေချေးမယ်ဆိုရင် နိုင်ငံခြားကနေ နှစ်ဆင့်ချေးငွေလုပ်ဖို့ မျှော်မှန်းရမှာဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ကို JICA ကနေချေးငွေ တစ်ခုပေးမယ်ဆိုရင် ဒီချေးငွေဟာနိုင်ငံခြားငွေ စီမံခန့်ခွဲမှုကို လုပ်ဆောင်နိုင်တဲ့ ဘဏ်ဖြစ်မှ ဒီငွေကို ကျွန်တော်တို့လက်ခံယူလို့ရမယ်။ ဒီငွေကို လက်ခံယူပြီးမှ ကျွန်တော်တို့ဟာ မြန်မာငွေနဲ့ ကျွန်တော်တို့ဆီမှာရှိတဲ့ SME တွေကို အတိုးနှုန်းသက်သာစွာနဲ့ ပြန်ချေးပေးနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ တိုင်းဒေသကြီးတွေမှာ အဓိကကျတဲ့ SME တွေကို အတိုးနှုန်းသက်သာစွာနဲ့ ချေးငွေပေးနိုင်ဖို့ အတွက်ဆိုရင် စီးတီးဘဏ်ရဲ့ လည်ပတ်နိုင်မှုဟာ နိုင်ငံခြားငွေ စီမံခန့်ခွဲနိုင်မှု ရှိဖို့လိုအပ်ပါတယ်။ ဒီအတွက် ဒီငွေကိုလျာထားသုံးစွဲဖို့ ကျွန်တော်တို့ပြင်ဆင်ပါတယ်။ ဒါဟာတစ်ချက်ဖြစ်ပါတယ်။

 

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ တိုင်းဒေသကြီးဝန်ကြီးတွေရဲ့ အဆောင်အယောင် ကားဝယ်ယူမှု ကိစ္စဖြစ်ပါတယ်။  ဒီကိစ္စဟာ အဆောင်အယောင် ဥပဒေအရ ကျွန်တော်တို့ ဝယ်ယူခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ဥပဒေအရ ဝန်ကြီးတွေဟာ ရုံးတက်တဲ့ အခါမျိုးမှာ ဒီကားကိုပဲစီးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းဒေသကြီးဝန်ကြီးတွေကို ပေးထားတဲ့ ကားတွေဟာ ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ သုံးစွဲခဲ့တဲ့ကားတွေ ဖြစ်ပါတယ်။ အဲဒီ ကားတွေဟာ MSW တွေဖြစ်ပါတယ်။ ဒီကားတွေအားလုံးဟာ စက်မှုဝန်ကြီးဌာနက ထုတ်လုပ်ထားတဲ့ ကားတွေပဲဖြစ်ပါတယ်။ ကားတွေဟာတော်တော် ကိုဟောင်းနွမ်းနေပါပြီ။ ဒီအတွက် ဝန်ကြီးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ကားတွေကို သုံးစွဲပြီးတော့ ရုံးတက်ကြပါတယ်။ ဒီကိစ္စဟာ ရန်ကုန်အတွက် မသင့်တော်ပါဘူး။ ဘာကြောင့်လဲဆိုရင် ရန်ကုန်ဟာ ယာဉ်ကြောပိတ်ဆို့မှုပြဿနာတွေ ရှိပါတယ်။ ဒီနေရာမှာ ယာဉ်ထိန်း ရဲတွေ၊ ရဲတပ်ဖွဲ့တွေ သိထားတာက အစိုးရရဲ့ တရားဝင်ကားတွေကိုပဲ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ သူတို့အတွက် လုံခြုံရေးကိစ္စတွေကို ကျင့်သုံးမယ်ဆိုရင် ကိုယ်ပိုင်ကားတွေကို စီးနင်းနေခြင်းဟာ မသင့်တော်ပါဘူး။

 

ဒါကြောင့် ကျွန်တော်တို့က ကိုယ်ပိုင်ကားတွေမဟုတ်ဘဲ အဆောင်အယောင် ဥပဒေအရ ပေးကိုပေးရမယ့်ကား တွေရှိပါတယ်။ အဲဒီပေးတဲ့ နေရာမှာလည်း အိမ်သုံးဖို့တစ်စီးပေးသလို ရုံးစီးဖို့ တစ်စိီးပေးပါတယ်။ ရုံးစီးဖို့ကားကို ဆလွန်းကားမျိုး ကျွန်တော်တို့မပေးပါဘူး။ Wagon လို ကားမျိုးပဲ ကျွန်တော်တို့ပေးပါတယ်။ ဒါဘာကြောင့်လဲဆိုရင် နယ်မြို့တွေကို သွားလာပြီးတော့ စစ်ဆေးရေးတွေ လုပ်မယ်ဆိုရင် ဆလွန်းကားတွေက အဆင်မပြေပါဘူး။ Wagon ကလည်း ဇိမ်ခံကားမဟုတ်ပါဘူး။ ဒီနေရာမှာ တိုင်းဒေသကြီးရဲ့ မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားတဲ့ မူဝါဒတွေအရ ကျွန်တော်တို့က မြန်မာပြည်မှာလာပြီး (assembly) လုပ်မယ့်ကားတွေကို ဦးစားပေးပြီးဝယ်ချင်ပါတယ်။ ဒါမှသာလျှင် ပြည်တွင်းထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အားပေးရာရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က TOYOTA ကားထဲကလည်းကောင်း၊ Nissan ထဲကသော်လည်းကောင်း၊ Ford ထဲကသော်လည်းကောင်း ဒီလိုဝယ်ယူဖို့အတွက် လျာထားငွေသတ်မှတ်ခြင်းပဲ ဖြစ်ပါတယ်။ လျာထားငွေဆိုတာ ပိုရင်လည်းပိုနေနိုင်ပါတယ်။ ပိုရင်ဝယ်ပြီးရင် ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပြီး ဝယ်ယူပြီးတဲ့အချိန်မှာ ပိုငွေကို ပြန်လည်အပ်နှံရမှာ ပဲဖြစ်ပါတယ်။

 

အဆောင်အယောင်ဥပဒေအရ ကျွန်တော်က ဒီကိစ္စကို မဖြစ်မနေ ဝယ်ယူမယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး။ ဘာကြောင့်လဲဆို အဆောင်အယောင် ဥပဒေအရ ကျွန်တော်တို့တိုင်းဒေသကြီးရဲ့ ဘတ်ဂျက်ကနေ ဝယ်ရတာ မဟုတ်ပါဘူး။ ဒါက ပြည်ထောင်စုကနေပြီးတော့ စီမံဘဏ္ဍာဝန်ကြီးဌာန ဘက်ကနေ ကျွန်တော်တို့ကို ချပေးရမှာဖြစ်ပါတယ်။ ဒီအတွက် စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ စီမံဘဏ္ဍာဝန်ကြီးဌာန ဘက်ကနေ ဆောင်ရွက်ပေးနိုင်တယ်ဆိုရင် ဒီကားတွေကို ဝယ်ယူစရာ မလိုအပ်တော့ပါဘူး။ ဒီငွေတွေကို ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ လိုအပ်တဲ့ အခြားနေရာတွေ သုံးစွဲခွင့်ရသွားမှာဖြစ်သလို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုသုံးစွဲနိုင်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဟာဒီငွေကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

အခုလည်း စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ ဆွေးနွေးနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကားတွေဟာ အဆောင်အယောင်ကားတွေ ဖြစ်တဲ့အတွက် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန (CESID) ကနေ ကျွန်တော်တို့ကို ထုတ်ပေးရမှာဖြစ်ပါတယ်။ CESID ကနေ ကားထုတ်ပေးမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီကားတွေကို ဝယ်ယူစရာမလိုပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ်ဆိုပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ဘက်ကနေ အဆိုပြုမှုတစ်ခု ကျွန်တော်တွေ့ပါတယ်။ ဒါဟာဥပဒေနဲ့ ညီညွှတ်မှုမရှိပါဘူး။ ဒီကိစ္စဟာ အကြံပြုချက်ပဲပြုရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရကနေ တင်သွင်းမယ့် ဥပဒေဖြစ်ပြီး ဒီဥပဒေကို တိုင်းဒေသကြီး လွှတ်တော်ရဲ့ ပုဒ်မ ၁၄၁ အရ ဥပဒေကြမ်းကို အတည်ပြုတဲ့အချိန်မှသာ အများသဘောဆန္ဒအရ အတည်ပြုရမှာဖြစ်ပါတယ်။ အခု ကျွန်တော်တို့ဟာ လျာထားချက်ကိုပဲ တင်ပြတာဖြစ်ပါတယ်။ လျာထားတင်ပြမှုကိုတော့ တိုင်းဒေသကြီးလွှတ်တော် ဥပဒေ ပုဒ်မ ၁၄၀ အရ အကြံပြုချက်တွေကို ဆွေးနွေးကြပြီးရင် ဒီအကြံပြုချက်တွေကို ဝန်ကြီးချုပ်ဆီပေးပို့ဖို့ပဲ ဖြစ်ပါတယ်။ ဥပဒေအတိုင်း ကျွန်တော်တို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

မေး။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးတွေ သုံးစွဲဖို့ ကားဝယ်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက်ဆောင်ရွက်သွားမလဲဆိုတာ သိပါရစေခင်ဗျာ။

 

ဖြေ။ ကျွန်တော့်ဆီကတစ်ဆင့် ဒီကိစ္စကို ဘဏ္ဍာရေးကော်မရှင်ကိုတင်ပြမယ်။ ဘဏ္ဍာရေးကော်မရှင်က အတည်ပြုချက်ရရှိပြီဆိုမှ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၀ဝ အရ ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပြီဆိုမှ ကျွန်တော်တို့တိုင်းဒေသကြီးမှာ ပြန်လည်ဆွေးနွေးဖို့အတွက် တိုင်းဒေသကြီးအစိုးရကနေ လွှတ်တော်ကို တင်ပြရမှာဖြစ်ပါတယ်။ အဲဒီ အချိန်ကျရင် တိုင်းဒေသကြီးလွှတ်တော် ဥပဒေ ပုဒ်မ ၁၄၁ အရ လွှတ်တော်မှာ အတည်ပြုချက်ရယူကြရမှာဖြစ်ပါတယ်။

 

နောက်တစ်ချက် ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ဟာ နိုင်ငံရေးတာဝန်တွေကိုလာပြီး ထမ်းဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တာဝန်လာယူနေတာဖြစ်ပါတယ်။ ဝန်ကြီးတွေကို တာဝန်ပေးတယ်ဆိုရာမှာ ကျွန်တော်တို့ဟာ ဒီတာဝန်တွေနဲ့အတူ အခွင့်အရေးယူပြီး ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေကို အလွဲပြုလုပ်လို့မရနိုင်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ ယုံကြည်မှုတွေအတွက် နိုင်ငံတော် ကြီးဖွံ့ဖြိုးတိုးတက်အောင်၊ တိုင်းပြည်တိုးတက်အောင်၊ ဒီမိုကရေစီအရေး လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေအတွက်  ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအတွက် ကားစီးဖို့ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အဆောင်အယောင် ဥပဒေအရ သတ်မှတ်ထားတဲ့  ဥပဒေကိုတော့ ဝန်ကြီးတွေ လိုက်နာရပါမယ်။ ကျွန်တော်တို့ဘက်ကလည်း လိုက်နာနိုင်အောင်အတွက် သူတို့ကို သတ်မှတ်ထားတဲ့ အခွင့်အရေးတွေကိုပေးရပါမယ်။ ဒါမှသာလျင် ဥပဒေအတိုင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဥပဒေမပါတာကိုလည်း မလုပ်ဖို့လိုသလို ဥပဒေမှာ ပါဝင်တာကိုလည်း လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်။ ဒါဟာ ဥပဒေစိုးမိုးရေးကို ဦးထိပ်ထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဒီအတိုင်းပဲ ကျွန်တော်တို့ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

 

တွေ့ဆုံမေးမြန်း- ဇော်ကြီး(ပဏီတ)၊ ဓာတ်ပုံ-ဖေဇော်