၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တရားမဝင် ငါးဖမ်းဆီးမှုဖြင့် တရားစွဲဆို/အရေးယူမှု (၅၃)ကြိမ်ရှိ

မုံရွာ  ၁၈ ဇွန် 


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၈)ခုတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းက တရားမဝင် ငါးဖမ်းဆီးမှုဖြင့် ဖမ်းဆီးတရားစွဲဆို/ အရေးယူမှု (၅၃)ကြိမ်ရှိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသော ပစ္စည်းများအနေဖြင့် ငါးဖမ်းစက်လှေ(၄၂)စီးနှင့် ဆက်စပ်ပစ္စည်းများ၊ (၁၂)ဗို့ ဘက်ထရီအလုံး ၅၀ နှင့်ဆက်စပ်ပစ္စည်းများ၊ လိုင်စင်မဲ့ ဆိုင်ကယ်(၅)စီး၊ မိုဘိုင်းဖုန်း(၃)လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    

မြို့နယ်အလိုက်ဖမ်းဆီးရမိမှုအနေဖြင့် ကသာမြို့နယ်အတွင်း တရားစွဲဆိုမှု (၃)ကြိမ်၊ အရေးယူမှု (၁၀)ကြိမ်၊ စစ်ကိုင်းမြို့နယ်အတွင်း တရားစွဲဆိုမှု (၁)ကြိမ်နှင့် အရေးယူမှု (၁၇)ကြိမ်၊ ရွှေဘိုမြို့နယ်အတွင်း တရားစွဲဆိုမှု (၄)ကြိမ်၊ အရေးယူမှု (၇)ကြိမ်၊ ထီးချိုင့်မြို့နယ်အတွင်း အရေးယူမှု (၅)ကြိမ်၊ ကန့်ဘလူမြို့နယ် အတွင်း အရေးယူမှု (၂)ကြိမ်၊ မြောင်မြို့နယ်အတွင်း အရေးယူမှု (၁)ကြိမ်၊ ဟုမ္မလင်းမြို့နယ်အတွင်း တရားစွဲဆိုမှု (၁)ကြိမ်၊ အရေးယူမှု (၁)ကြိမ်၊ ရေဦးမြို့နယ်အတွင်း အရေးယူမှု တစ်ကြိမ် ရှိခဲ့ကြောင်းနှင့် တရားခံ (၂၁)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
    

၂၀၁၈ ခုနှစ် ဧပြီလ(၁)မှ စက်တင်ဘာလအထိ မြို့နယ်အလိုက် ဖမ်းဆီးရမိမှုအနေဖြင့် ကသာမြို့နယ်အတွင်း အရေးယူမှု (၁)ကြိမ်၊ စစ်ကိုင်းမြို့နယ်အတွင်း အရေးယူမှု (၁)ကြိမ်၊ ရွှေဘိုမြို့နယ်အတွင်း တရားစွဲဆိုမှု (၁)ကြိမ်၊ အရေးယူမှု (၂)ကြိမ်၊ ထီးချိုင့်မြို့နယ်အတွင်း အရေးယူမှု (၁)ကြိမ်၊ ကန့်ဘလူမြို့နယ်အတွင်း တရား စွဲဆိုမှု(၂)ကြိမ်နှင့် အရေးယူမှု (၅)ကြိမ်၊ မြောင်မြို့နယ်အတွင်း အရေးယူမှု (၂)ကြိမ်၊ ဟုမ္မလင်းမြို့နယ်အတွင်း တရားစွဲဆိုမှု (၁)ကြိမ်၊ အရေးယူမှု (၁)ကြိမ်၊ ရေဦးမြို့နယ်အတွင်း အရေးယူမှု(၃)ကြိမ် ရှိခဲ့ကြောင်းနှင့် တရားခံ (၇)ဦးတို့နှင့်အတူ ငါးဖမ်းစက်လှေ(၃)စီး၊ (၁၂)ဗို့ ဘက်ထရီအိုး(၃၃)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ငါးဖမ်းပိုက်နှင့် ဆက်စပ်ပစ္စည်းများ(၁၆၇)ခု၊ လိုင်စင်မဲ့ဆိုင်ကယ် (၃)စီးတို့ကို  ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။        
                                                

ဝင်းဦး(ဇေယျာတိုင်း)

 

1