၂၀၁၇ ခုနှစ်၊ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၁၄ အောက်တိုဘာ

၂၀၁၇ ခုနှစ်၊ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားအဆင့် အရည်အသွေးအာမခံမှု ကော်မတီတို့မှ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ လုပ်အားပေးဆောင်ရွက်ကြမည့် တက္ကသိုလ်များမှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘားအံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ‘လူတိုင်းအတွက် ပညာရေး’ သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၇  ခုနှစ်၊ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အောက်တိုဘာ(၁၄) ရက်မှ နိုဝင်ဘာ (၂၂) ရက်အထိစာသင်သား (၉၉၀)အား ဘားအံတက္ကသိုလ်နှင့် တောင်ငူတက္ကသိုလ်များမှ လုပ်အားပေး ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလုပ်အားပေး စုစုပေါင်း(၂၂၄) ဦးတို့က စာသင်ရက် (၄၀) အတွင်းတစ်ရက်လျှင် ပျမ်းမျှ (၃) နာရီနုနှ်ုးဖြင့် နာရီပေါင်း (၁၂၀)ကြာသင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ စာသင်ဝိုင်းပေါင်း (၁၁၂)ဝိုင်းရှိပြီး အခြေခံစာစဉ်များဖြစ်သည့် မြန်မာစာနှင့် သင်္ချာတို့ကို လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်  အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် ပညာဒါနပြုကြ သည့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံလုပ်အားပေးများအနေဖြင့် ရပ်ရွာအကျိုးပြု ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုဆောင်ရွက်ရင်း နိုင်ငံသားကောင်းစိတ်ဓာတ်ပိုမိုရရှိအောင် ဆောင်ရွက်ကြရန်နှင့် မိမိတို့တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်ကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း၊

စာသင်ကြားလိုသော ဒေသခံပြည်သူများအနေဖြင့်လည်း အခြေခံစာတတ်မြောက်ရေး သင်ယူပြီးနောက် စာပေတတ်မြောက်လာပါက ဒေသတွင်း ဝင်ငွေတိုးလုပ်ငန်းများနှင့် လုပ်သားဈေးကွက်များတွင် ဝင်ရောက်နိုင်ရေးအတွက် သက်မွေးပညာ သင်ယူရေးလုပ်ငန်းများတွင် ပါဝင်နိုင်မှု အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က အမှာစကားပြောကြားသည်။

ထို့နောက်  ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် လုပ်အားပေးနည်းပြအဖြစ် ဆောင်ရွက်ကြမည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက သင်ကြားရေးတာဝန် ပေးအပ်မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူစကား ပြောကြားသည်။

ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် အခြေခံစာတတ်မြောက်ရေး အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဘားအံမြို့နယ် ပန်စိန်ကျေးရွာ၊ မိန်းမရှာ ကျေးရွာနှင့် ယသဝေါ်ကျေးရွာ စာသင်ဝိုင်းများသို့ သွားရောက်၍ သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးပြီး စာသင်သားများအား စာရေးကိရိယာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)