၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်  ၃၀  နိုဝင်ဘာ

၂၀၁၅ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေ ဗိမာန်စာမူဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်း လမ်းရှိ အမျိုးသားဇာတ်ရုံ၌ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားပြီး အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

 

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဆုရွေးချယ်ရေး ကော်မတီဝင်များ၊ ဆုရစာပေ ပညာရှင်ကြီးများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက  မြန်မာတို့၏ စာပေယဉ်ကျေးမှု အနုပညာ အဖြာဖြာသည် ရှေးနှစ်ပေါင်း ထောင်ချီကတည်းက ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီး ယနေ့တိုင်  ရှင်သန်ဖွံ့ဖြိုးစည်ပင် လျက်ရှိကြောင်း၊ မြန်မာတို့သည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများပီပီ ရဟန်းစာဆို လူပုဂ္ဂိုလ် စာဆိုကြီးများက လောကပါလတရား(၂)ပါး၊  ၃၈ ဖြာ မင်္ဂလာတရား၊ ကိုယ်ချင်းစာတရား စသော ကောင်းမွန်မြင့်မြတ်သည့် နှလုံးသားကို အခြေခံ လျက် စာကောင်းပေမွန်များ အမြောက်အများ ရေးသားဖွဲ့ဆိုခဲ့ပြီး  မြန်မာစာပေ ယဉ်ကျေးမှု အဆင့်အတန်းကို မြှင့်တင်ပေးခဲ့ကြကြောင်း။

 

စာပေဆိုသည်မှာ ရုပ်ရှင်၊ဂီတ၊သဘင် စသည့်အနုပညာရပ်များ၏ ပင်မမဏ္ဍိုင်ဖြစ် သောကြောင့် အမျိုးသားရေးစရိုက်လက္ခဏာ၊ ယဉ်ကျေးမှုရေးရာအဖြာဖြာတို့ ပေါင်းစုံ ထင်ဟပ်ရာ နယ်ပယ်ကြီးဖြစ်ကြောင်း၊ ထို့ကြောင့် “စာပေမြင့်မှ လူမျိုးမြင့်သည်” ဟု ဆိုကြ ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်က မြန်မာစာပေဖွံ့ဖြိုး တိုးတက်ရေးအတွက် အားပေးသည့် အနေဖြင့် မြန်မာ့အမျိုးသားရေး စရိုက်လက္ခဏာများကို ထင်ဟပ်ဖော်ပြ နိုင်စွမ်းရှိသော စာကောင်းပေမွန်များကို နိုင်ငံတော်အဆင့်  အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ ရောက်တိုင်း ယခုကဲ့သို့ နှစ်စဉ်မပျက်မကွက် ချီးမြှောက်ဂုဏ်ပြုနေခြင်းဖြစ်ပါ ကြောင်း၊ စာပေဆုများကို ရွေးချယ်ရာတွင်လည်း ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ပွင့်လင်းမြင်သာမှု ရှိရန်နှင့် အမှန်တကယ် ထိုက်တန်သော စာအုပ်များ၊ စာမူများကို ဆုရွေးချယ်ချီးမြှင့်နိုင်ရန် စနစ်တက ျဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေဆုရွေး ချယ်ရေးအဖွဲ့ကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များသာမက စာပေလောကအ တွင်း၌ အတွေ့အကြုံရှိသည့် စာပေထုတ်ဝေဖြန့်ချိသူများဖြင့် ပါဝင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင် ၆၈ ဦးဖြင့်လည်းကောင်း၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့ကို စာပေပညာရှင် ၃၆ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဆုရသင့် ရထိုက်သူများ ဆုရရှိစေရေးအတွက် ပဏာမရွေးချယ်မှုအဆင့်၊ ဆန်ကာတင် ရွေးချယ်မှုအဆင့်၊ အတည်ပြုရွေး ချယ်မှုအဆင့်ဆိုပြီး အဆင့်သုံးဆင့်ဖြင့် ပညာရှင်များက လွတ်လပ်စွာ စိစစ်ရွေးချယ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

 

၂၀၁၅ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၄၈၀ ထဲမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသော ဘာသာရပ် ၁၆ ခု အနက် ဘာသာရပ် ၁၁ ခု၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူပေါင်း ၂၆၉ စောင်ထဲမှ စာပေဗိမာန်စာမူဆု ချီးမြှင့် ရန် သတ်မှတ်ထားသော ဘာသာရပ် ၁၃ ခုအနက် စာမူပေါင်း ၃၃ စောင်ကို ရွေးချယ်ခဲ့ပြီး ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဆုရရှိကြသည့် စာပေပညာရှင်အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နိုင်ငံ၏အကျိုး၊ အများပြည်သူ၏အကျိုးအတွက် ကလောင် စွမ်းဖြင့် ဆထက်ထမ်းပိုး ဆက်လက်ဆောင်ရွက်နိုင်ရန် ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း။

 

တစ်ဆက်တည်းတွင် ခေတ်ပြိုင်မျိုးဆက်သစ် မြန်မာစာဆိုတို့ကိုလည်း “စိတ်ကောင်း ရှိမှ စာကောင်းရမည်” ဆိုသည့် ဆရာကြီးဇော်ဂျီ၏ ဩဝါဒစကား အမြဲမှတ်သား ပြီး စာပေတာဝန်ကို အမျိုးသားရေးတာ ဝန်တစ်ရပ် အဖြစ် ယုံကြည်မှုအပြည့် အားမာန်အပြည့်ဖြင့် ဆထက်တိုးရေးသားပြုစုကြပြီး မိမိနိုင်ငံ၏ ဖွံ့ဖြိုးရှင် သန်မှုလမ်းကြောင်းတွင် တစ်ဖက် တစ်လမ်းက ပါဝင်ကူညီကြရန် နှိုးဆော်တိုက်တွန်းလိုပါကြောင်း။

 

ယနေ့အချိန်အခါသည် ပြည်သူအားလုံးမျှော်လင့်တောင့်တနေကြသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက် နေချိန်ဖြစ်၍ နိုင်ငံသားအားလုံးက နိုင်ငံကြီးသားပီသစွာဖြင့် ဒီမိုကရေစီကျင့်စဉ်အတိုင်း လိုက်နာ ကြရန် အထူးအရေးကြီးလှပါကြောင်း၊ သို့အတွက် နိုင်ငံသားများ၏ အတွေးအခေါ် အသိပညာ ပိုမိုခေတ် မီဖွံ့ဖြိုးတိုးတက်ရန် လိုပါကြောင်း၊ အာဆီယံဒေသတွင်းအပါအဝင် နိုင်ငံတကာ၌ ဝင့်ထည်စွာ ရပ်တည်နိုင်ရန် လိုပါကြောင်း၊ အဆိုပါတာဝန်များကို ပြည်သူအားလုံးက ပါဝင်ထမ်းဆောင်နိုင်အောင် စာပေ ပညာရှင်ကြီး များက အပြုသဘောဆောင်သည့် ပညာဗဟုသုတများ ဖြန့်ဝေကြရန် တိုက်တွန်းလိုပါ ကြောင်း။

 

မိမိတို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော်တို့ ပြုစုရမယ့် စာပေအရေးအသားဟာ ဒီသဘောတရားများနှင့် ပြည့်စုံတဲ့ စာပေမျိုးဖြစ်ရမယ်၊ ဒါမှလည်း ကျွန်တော်တို့ရဲ့စာပေဟာ ကမ္ဘာ့အဆင့် အတန်းကို မှီမယ်။ ကမ္ဘာ့အဆင့်အတန်းမီမှ ကျပ်ပြည့် တင်းပြည့် တန်ဖိုးရှိမယ်၊ သို့မှလည်း ယဉ်ကျေးမှုစ နစ်ကြီးဟာ တိုးတက်ပြောင်းလဲလာမယ်၊ ယဉ်ကျေးမှုစနစ်ကြီး တိုးတက်ပြောင်းလဲခြင်းမရှိဘဲနဲ့ အမျိုးသားခေတ် ပြောင်းတိုးတက်ရေးဟာ ကောင်းစွာမအောင်မြင်နိုင်ပါဘူး။  တစ်ကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန် အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့၊ ကမ္ဘာ့ဇာတ် ခုံကြီးမှာ ကမ္ဘာ့တေးသံကိုလိုက်၍ ကနိုင်တဲ့ မြန်မာပြည်ကြီး ဖြစ်အောင် ပြုပြင်ကြစို့ဟု ရေးသား ဖော်ပြခဲ့ဖူးကြောင်း၊ ဤသည်ကို စာပေပညာရှင်များ အနေဖြင့် စာပေရေးသားပြုစုခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်မှုအဖြစ် ခံယူလုပ်ဆောင်သင့်သည်ဟု အကြံပြုပြောကြားလိုပါကြောင်း။

 

ယနေ့ကျင်းပသည့် အခမ်းအနားသည် စာပေပညာရှင်ကြီးများ၏ ဝါသနာပေါ်တွင် စေတနာထပ်ဆင့်ပြီး စာပေဂုဏ်မြှင့်တင်နိုင်ခဲ့ကြ၍၊ စာပေတာဝန်ကျေပွန်ခဲ့ကြ၍ နိုင်ငံတော် က ဆုချီးမြှင့်ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်သောကြောင့် ကာယကံရှင် စာပေပညာရှင်ကြီးများ နည်းတူ မိမိတို့လည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာ ပွားကြရပါကြောင်း။

 

မြန်မာ့သမိုင်းတစ်လျှောက် ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆို အသီးသီးသည် စာပေစွမ်း အားဖြင့် မြန်မာ့ ဂုဏ်မြင့်မားရန်၊ အကျိုးစီးပွားတိုးတက်ရန် ဆောင်ရွက်ခဲ့သည့် အစဉ်အလာ ကောင်းများစွာ ရှိပါကြောင်း၊ ထိုအစဉ်အလာကောင်းများကို ဝါရင့်စာပေပညာရှင်ကြီးများက ထိန်းသိမ်းပြီး မျိုးဆက်သစ်ကလောင်ရှင်များကို လက်ဆင့်ကမ်းပေးကြရန် တိုက်တွန်း လိုပါကြောင်း။ မျိုးဆက်သစ် ကလောင်ရှင်များကလည်း ကျင့်ဝတ်များ၊ နီတိများကို ထိန်းသိမ်းပြီး ခေတ်ကို ထင်ဟပ်နေသော အမျိုးဘာသာသာသနာ ကောင်းကျိုးသယ်ပိုးဆောင်ရွက် နိုင်သော နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်သော စာကောင်းပေမွန်များ ရေးဖွဲ့နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်း ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီးဦးတင်ခ (တက္ကသိုလ်တင်ခ)နှင့် ဆရာကြီး ဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်)ကိုယ်စား သမီးဖြစ်သူ ဒေါက်တာလွင်လွင်မွန်(ပါမောက္ခ၊ မနုဿ ဗေဒဌာန၊ ရတနာပုံတက္ကသိုလ်)တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ဦးအုန်းမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အမျိုးသားစာပေဆုရရှိသူများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ စည်သူဒေါက်တာ သော်ကောင်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿ ကျော်ဝင်း) တို့က စာပေဗိမာန် စာမူဆုရရှိကြသူများအားလည်းကောင်း ဆုများပေး အပ် ချီးမြှင့်ကြသည်။

 

ယင်းနောက် စာပေဆုရရှိကြသူများကိုယ်စား ၂၀၁၅ ခုနှစ် အမျိုးသားစာပေ တစ်သက် တာဆုရ ဆရာကြီးဦးတင်ခ(တက္ကသိုလ်တင်ခ)က ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ်အတွက် အမျိုး သားစာပေ တစ်သက်တာဆုရှင်များ၊ အမျိုးသားစာပေဆုရှင်များ၊ စာပေဗိမာန်စာမူဆုရှင် များနှင့်အတူ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ဆုချီးမြှင့်ပွဲအခမ်းအနားမစတင်မီ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဆုရစာပေ ပညာရှင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဆုရစာအုပ်များ ခင်းကျင်း ပြသထားမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရ စာပေပညာရှင်ကြီးနှစ်ဦးအား ချီးမြှင့်သည့် ငွေကျပ် ၁၅ သိန်းစီကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း က ပေးအပ်ချီးမြှင့်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေတစ်သက်တာ ဆု” ကို ၂၀ဝ၁ ခုနှစ်က စ၍ နှစ်စဉ်ချီးမြှင့်ပေးအပ်ခဲ့သည်။

 

၂၀ဝ၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမျိုးသားစာပေတစ်သက်တာဆုကို တစ်နှစ်လျှင် စာပေ ပညာရှင်တစ်ဦးကိုသာ ရွေးချယ်ချီးမြှင့်ခဲ့ရာမှ ၂၀၁၂ ခုနှစ်ကစ၍ မြန်မာစာပေဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကာ သုံးဦးအထိ တိုးတက် ချီးမြှင့် ခဲ့သော်လည်း ၂၀၁၅ ခုနှစ် အတွက်မူ အမျိုးသားစာပေတစ်သက်တာဆုကို နှစ်ဦးချီးမြှင့်ပေး အပ်နိုင်ခဲ့သည်။

 

ထို့အတူ ယခင်က တစ်သက်တာစာပေဆုကို ငွေကျပ် ၆ သိန်း ချီးမြှင့်ခဲ့ရာမှ ၂၀၁၃ ခုနှစ် မှစ၍ ငွေကျပ် ၂၅ သိန်းအထိလည်းကောင်း၊ အမျိုးသားစာပေဆုကိုလည်း ငွေကျပ် သုံးသိန်းချီးမြှင့်ခဲ့ရာမှ ၂၀၁၃ ခုနှစ်မှစ၍ ငွေကျပ် ၁၅ သိန်းအထိလည်းကောင်း၊ စာပေ ဗိမာန်စာမူဆုများကိုလည်း ယခင်က ပထမဆု ငွေကျပ်တစ်သိန်းခွဲ၊ ဒုတိယဆု ငွေကျပ် တစ်သိန်းနှင့် တတိယဆု ငွေကျပ် ခုနစ်သောင်းခွဲ ချီးမြှင့်ခဲ့ရာမှ ၂၀၁၃ ခုနှစ်မှစ၍ ပထမဆု ကို ငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆုကို ငွေကျပ် ငါးသိန်း၊ တတိယဆုကို ငွေကျပ် သုံးသိန်း အထိလည်းကောင်း ထပ်မံတိုးမြှင့်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

mdn

 

mdn

 

mdn