(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ ကရာတေးအားကစားပြိုင်ပွဲမှ ရွှေတံဆိပ်များ ဆွတ်ခူး

 

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အရှေ့ တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစားရုံများ၌ ဆက်လက်ကျင်းပသည်။

ယနေ့အားကစားပြိုင်ပွဲများအဖြစ် နံနက် ၉ နာရီမှ စတင်၍ ဂေါက်သီး၊ ပိုက်ကျော် ခြင်း၊ မြားပစ်၊ ပီတန်း၊ ပြေးခုန်ပစ်၊ ဘတ်စကတ်ဘော၊ ကရာတေး၊ လှေလှော်၊ စားပွဲတင်တင်းနစ်၊ ဗိုဗီနမ်၊ စစ်တုရင်နှင့် ဘောလုံးပြိုင်ပွဲများကို ကျင်းပခဲ့ပြီး တက္ကသိုလ် ကရာတေးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်(၄)ခုကို ဆွတ်ခူး ပေးနိုင်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် ကရာတေးပြိုင်ပွဲ၏ အမျိုးသားတစ်ဦးချင်း ခတ၊ အမျိုးသမီး တစ်ဦးချင်း ခတ၊ အမျိုးသားအသင်းလိုက် ခတနှင့် အမျိုးသမီးအသင်းလိုက် ခတ ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးပေး နိုင်ခဲ့သည်။

ကရာတေးအားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ဆွတ်ခူးပေးနိုင်ခြင်းနှင့် ပတ်သက်၍ ကရာတေးနည်းပြ ဒေါ်နန်းဆိုင်မိန်းက “ ကျွန်မတို့ အမျိုးသမီးကရာတေးမှာ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အများကြီးဝမ်းသာပါတယ်။ အခုအနိုင်ရလို့ ပျော် ရွှင်သလို ဆုပေးပွဲမှာ နိုင်ငံတော်အလံတင်တဲ့အခါလည်း ပိုပျော်မိမှာပါ။ ကိုယ့်နိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပတာဖြစ်တော့ ကျွန်မတို့ ကရာတေးအသင်းအနေနဲ့ တာဝန်မကျေမှာ လည်း စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် အားလုံးကြိုးစားခဲ့တဲ့အတွက် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်လေးခုကို ဆွတ်ခူးနိုင်ခဲ့တယ်” ဟုပြောသည်။

ဆက်လက်၍ ၎င်းက“ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ အစောကြီးကတည်းက လက်ဦး မှုယူပြီး လေ့ကျင့်ခဲ့ပါတယ်။ တက္ကသိုလ်ပေါင်းစုံ ကရားတေးပြိုင်ပွဲတွေကျင်းပပြီး လူရွေးတယ်။ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တယ်။ ဖေဖော်ဝါရီလကစပြီး စခန်းသွင်းလေ့ကျင့် တယ်။ ကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌကလည်း ဒီအတောအတွင်းမှာ နိုင်ငံတကာအတွေ့ အကြုံရဖို့နဲ့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ တက္ကသိုလ်ကျောင်းသား အားကစားသမားတွေကိုပဲ ခေါ်ပြီးထိုင်းနိုင်ငံမှာ ကျင်းပတဲ့ပြိုင်ပွဲတစ်ခုကို သွားရောက်ယှဉ်ပြိုင်ခဲ့တယ်။ ထိုင်းနိုင်ငံမှာ ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံတွေကပဲ အခုပြိုင်ပွဲမှာ ရွှေတံဆိပ်ရအောင် အများကြီး ပံ့ပိုးပေး နိုင်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း အားကစားသမားတွေအပေါ်မှာ ယုံကြည်မှု ရှိရှိနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တဲ့ အတွက်လည်း ခုလိုအောင်မြင်မှုအသီးအပွင့်တွေ ခံစားနိုင်ခဲ့တာပါ။ သူတို့ကိုလည်း တစ်နှစ်လုံးမှာ ကိုယ်လေ့ကျင့်ခဲ့တာတွေဟာ ဒီနေ့အတွက် ဖြစ်တယ်။ ဒါကြောင့် အားသွန်ခွန်စိုက်နဲ့ ကြိုးစားကြဖို့ အမြဲပြောပါတယ်။ ဟု ပြောသည်။

အသင်းလိုက်နှင့် တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ သိမ်းပိုက်နိုင်ခဲ့တဲ့ ကရာတေး အားကစားသမား မောင်မင်းဟိန်းခန့်က “ဒီရွှေဆုကို မျှော်လင့်နေတာ ကြာခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့  ဆီးဂိမ်းပြိုင်ပွဲမှာတုန်းက ဒီရုံ၊ ဒီနေရာမှာ ငွေတံဆိပ် တွေကိုသာ ရရှိခဲ့တာပါ။ ဒီနေ့မှာတော့ နိုင်ငံအတွက် ဆီးဂိမ်းမှာ မရယူပေးနိုင်ခဲ့တဲ့ ရွှေဆုတွေနဲ့ ပြန်လာနိုင်ခဲ့ပါပြီ။ ” ဟု ရွှေတံဆိပ်ဆုကို ကိုင်၍ ဂုဏ်ယူစွာဖြင့် ပြောသည်။

ထို့ပြင် “အဓိက ပြိုင်ဘက်တွေကတော့ အင်ဒိုနီးရှားနဲ့ မလေးရှားဖြစ်ပါတယ်။ အင်ဒိုနီးရှားကကစားသမားဆိုရင် လက်ရွေးစင်ကစားသမားတစ်ယောက်ပါ။ တကယ့် လက်ရွေးစင်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ခက်ခက်ခဲခဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ အင်ဒိုနီးရှားကိုဆီမီး ဖိုင်နယ်မှာ အနိုင်ယူပြီး မလေးရှားကို ဖိုင်နယ်မှာ အနိုင်ယူခဲ့တာပါ။” ဟု ပြိုင်ပွဲအတွေ့အကြုံများကိုလည်း ပြန်လည်ပြောကြားသည်။

 

 

ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည့် တက္ကသိုလ်အားကစားသမားများဖြစ်လာစေရန် ထိန်းကျောင်းသင်ပြခဲ့သည့် ကရာတေးနည်းပြ ဦးအောင်ကျော်စိုးက “ ရွှေတံဆိပ်တွေ ရယူနိုင်ခဲ့တဲ့အတွက် အများကြီးဝမ်းသာပါတယ်။ နိုင်ငံအတွက် ရွှေတံဆိပ်ဆုတွေ ရယူပေးခဲ့တဲ့ အားကစားသမားတွေ အတွက်လည်း ဂုဏ်ယူမိပါတယ်။ တစ်နှစ်နီးပါး အချိန် ယူလေ့ကျင့်ခဲ့ပါတယ်။ အတွေ့အကြုံရဖို့ ပြည်တွင်းအားကစားပြိုင်ပွဲတွေမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်။ သူတို့ကို လေ့ကျင့်ချိန်တွေမှာ ဆူလိုက် မာန်လိုက် ရှိတယ်။ သူတို့ မျက်နှာငယ်သွားတာမျိုးရှိတယ်။ ဒါပေမယ့်လည်း အောင်မြင်မှုကို ရရှိစေချင်တော့ သူတို့ကောင်းဖို့အတွက် လုပ်ရတာတွေရှိတယ်။ အမြဲတမ်းအားပေးစကားတွေပြောတယ်။” ဟု နည်းပြနှင့်ကစားသမားအကြား လေ့ကျင့်သင်ကြားမှုများကို ပြောကြားသည်။

နိုင်ငံအတွက် ရွှေတံဆိပ်များရယူပေးနိုင်ခဲ့သည့် ကရားတေးအားကစားမယ် မသဇင်အေးက “ ဒီကရာတေးပြိုင်ပွဲမှာ အမျိုးသမီးတစ်ဦးချင်း ခတ ပြိုင်ပွဲနဲ့ အမျိုးသမီး အသင်းလိုက် ခတ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေရရှိခဲ့တာပါ။ ကိုယ့်နိုင်ငံက အိမ်ရှင် အဖြစ်နဲ့ ကိုယ့်မြေ၊ ကိုယ့်ပရိတ်သတ်ရှေ့မှာ ယှဉ်ပြိုင်ရတော့ ရွှေတံဆိပ်ဆု လိုချင်မိတယ်။ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့လို့လည်း ပျော်ရွှင်မိပါတယ်။ ကိုယ့်နိုင်ငံအတွက် ရွှေတံဆိပ် ဆုရယူပြီး ကိုယ့်နိုင်ငံအလံကို အားလုံးက အလေးပြုကြတာကိုလည်း ဂုဏ်ယူတယ်။” ဟု သူမ၏ ပျော်ရွှင်ခံစားရမှုများကို ပြောသည်။

မြန်မာနိုင်ငံ တက္ကသိုလ်ကရာတေးအသင်းအနေဖြင့် ၅၀ ကီလိုအောက် အတိုက်ပြိုင် ပွဲနှင့် အသင်းလိုက် အတိုက်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်း-မျိုးသူဟိန်း၊ ဓာတ်ပုံ-ကျော်ဇင်ထိုက်