၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကားများအပ်နှံ၍ လူစီးယာဉ်တင်သွင်းခွင့် ထောက်ခံချက် ထုတ်ယူရန် YRTA သို့ လာရောက်တင်ပြထားသည့် အစီးရေ ၁၄၀ ကျော်ရှိ

ရန်ကုန်   ၂၇  နိုဝင်ဘာ

 

၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကားများအပ်နှံ၍ လူစီးယာဉ်တင်သွင်းခွင့် ထောက်ခံချက်ထုတ်ယူရန် YRTA သို့ လာရောက်တင်ပြထားသည့် အစီးရေ ၁၄၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

 

"ကျွန်တော်တို့ လက်ရှိအချိန်ထိ တင်ပြထားတာက ပထမ ၁၁၅ စီး အစိုးရအဖွဲ့ကို တင်ပြပြီးဖြစ်ပါတယ်၊ နောက်ထပ်မံပြီးတော့ ၂၆ စီး အပ်ချင်တယ်ဆိုတဲ့အတွက် ကျွန်တော်တို့က ထပ်မံပြီး တင်ပြထားပါတယ်၊ စုစုပေါင်း ၁၄၁ စီး  တင်ပြထားပါတယ်"ဟု  ဦးလှအောင်က ပြောသည်။

 

အဆိုပါ ဘတ်စ်ကားများအပ်နှံ၍ လူစီးယာဉ်တင်သွင်းခွင့်ထောက်ခံချက် ထုတ်ယူရန် လာရောက်တင်ပြထားသည့် ယာဉ်များကို YRTA မှ စိစစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပေးထားကာ အစိုးရမှတစ်ဆင့် အထူးကိစ္စရပ်အ​ဖြစ် အပ်နှံခွင့်ရရှိရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

"မြန်မြန်အပ်ခွင့်ရရေးကိုတော့ ကျွန်တော်တို့ဘက်က တိုင်းဒေသကြီး ဦးစီးမှူးတို့ အကူအညီတောင်းပြီး လုပ်ထားတယ်၊ အဲတော့ အပ်နှံခွင့်ကတော့ မကြာခင်မှာ ရမယ်လို့တော့ သိရတယ်"ဟု  ဦးလှအောင် က ဆက်ပြောသည်။

 

လက်ရှိ YBS ယာဉ်များအတွင်းတွင် မြို့တော်အင်္ဂါရပ်နှင့်မညီသော စက်စွမ်းအားကျဆင်းပြီး ကြံ့ခိုင်မှုမရှိသည့် ယာဉ်များနှင့် လုပ်ငန်းမလည်ပတ်နိုင်သော ယာဉ်များဖြစ်သည့် ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကားများကို အပ်နှံပါက လူစီးယာဉ်တင်သွင်းခွင့် ထောက်ခံချက်ရရှိရေး အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ပြမှုကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ အပ်နှံခွင့်နှင့် ပတ်သက်၍လည်း ယာဉ်လိုင်းများကို အသိပေးပြီးဖြစ်ပြီး လက်ရှိစာရင်းများအရ ၁၉၉၉ မှ ၂၀၀၃ ခုနှစ်ထုတ် ဘတ်စ်ကား YBS အစီးရေမှာ ၇၀၀ ကျော်ရှိကြောင်း သိရသည်။

 

ထိုသို့ ဘတ်စ်ကားများ အပ်နှံ၍ လူစီးယာဉ်တင်သွင်းမည်ဆိုပါက ယင်းဘတ်စ်ကားရှိ သဘာဝဓာတ်ငွေ့ (CNG)များကို ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

 

"CNG သည် ခရီးသွားပြည်သူလူထု သယ်ယူပို့ဆောင်ရေးအတွက် ပေးထားတာပါ၊ အခု ၁၉၉၉-၂၀၀၃ ခုနှစ် အပ်လို့ လူစီးယာဉ် တင်သွင်းခွင့်ရတဲ့အတွက် အဲဒီယာဉ်တွေအားလုံးသည် CNG ကို ပြန်လည်အပ်နှံခဲ့ရမှာ ဖြစ်ပါတယ်၊ ခရီးသွားပြည်သူလူထု သယ်ယူပို့ဆောင်ရေး မဟုတ်တဲ့ဟာ ပြောင်းလဲသွားလို့ရှိရင် အဲဒီယာဉ်တွေအားလုံးသည် CNG အပ်ရပါမယ်"ဟု ဦးလှအောင် က ပြောသည်။

 

ပြည်ထောင်စုအစိုးရအနေဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုကို ၂၀၁၁ ခုနှစ်မှစ၍ အပ်နှံခွင့်ပြုထားသော်လည်း ယနေ့အချိန်ထိ ၁၉၉၉ ခုနှစ်ကားများသာ အပ်နှံခွင့်ရရှိသေးကြောင်း၊ ထိုသို့အပ်နှံရာတွင်လည်း ဘက်စ်ကားအပ်နှံလျှင် ဘက်စ်ကားတင်သွင်းခွင့်၊ ထရပ်ကားအပ်နှံလျှင် ထရပ်ကားတင်သွင်းခွင့်၊ လူစီးယာဉ်အပ်နှံလျှင် လူစီးယာဉ်တင်သွင်းခွင့် ပေးသည့်စနစ်ဖြင့် နှစ် ၂၀ အခြေခံသည့်ယာဉ်များ ယာဉ်အိုယာဉ်ဟောင်း အပ်နှံခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း