(၁၈)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကျင်းပ

တောင်ကြီး ၁၀ ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲတွင် ယနေ့ နံနက် ၈ နာရီက (၁၈)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို မိုးဗြဲအားကစားကွင်း၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ခွန်းရှမူအေးလာ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်တို့က မိန့်ခွန်းပြောကြားကြသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံတို့နှင့် ဖွဲ့စည်းတည်ရှိသည့် ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ကွဲပြားခြားနားသော ပထဝီဒေသ အသီးသီးတွင်ရှိကြသော တိုင်းရင်းသားအသီးသီးသည် မိမိတို့၏ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့၊ ရိုးရာ အသီးသီးကို အမြတ်တနိုး ကျင့်သုံးနေထိုင်ကြရင်း မြဲမြံသော သံယောဇဉ်တရားနှင့် အပြန်အလှန်ဖေးမ ကူညီကာ အတူတကွ လက်တွဲနေထိုင်ခဲ့ကြပြီး တိုင်းရင်းသားလူမျိုးအားလုံး ယဉ်ကျေးမှု အမွေအနှစ်များနှင့် ရိုးရာဓလေ့စရိုက်များကို မပျောက်မပျက်စေရန် တိုင်းရင်းသားပြည်သူအပေါင်းက ထိန်းသိမ်းစောင့်ရှောက် သွားရမည်ဖြစ်ကြောင်း။

 

 

ကယန်းတိုင်းရင်းသားတို့သည် မိမိတို့၏ထူးခြားသော သမိုင်းအစဉ်အလာကို အကြောင်းပြုပြီး ၂၀ဝ၀ ပြည့်နှစ် မတ်လ (၂၀) ရက်နေ့တွင် ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ စတင်ဖွဲ့စည်းခဲ့၍ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ကာ ကယန်းမျိုးနွယ်စုအားလုံး ညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ပြီး ၂၀ဝ၀ ပြည့်နှစ် ဧပြီလ (၁၀) ရက်နေ့ကို ကယန်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ဧပြီလ (၁၀) ရက်နေ့တွင် ကယန်းမျိုးနွယ်မှုအားလုံး ချစ်ခင်ရင်းနှီးမှုရှိစေရန်နှင့် လူမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြစေရန် ကယန်းအမျိုးသားနေ့ကို နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလျက်ရှိကြောင်း၊ ကယန်းတိုင်းရင်းသားတွင် မျိုးနွယ်စု (၄) စုပါဝင်ပြီး ကယန်းလထာ၊ ကယန်းကခေါင်း၊ ကယန်းကငန်းနှင့် ကယန်းကဲဒေါ့ ဟူ၍ လေ့လာတွေ့ရှိရကြောင်း၊ ရှမ်းပြည်နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လူဦးရေစာရင်းအရ ကယန်းတိုင်းရင်းသား ၈၆၉၃၅ ဦးခန့်ရှိသဖြင့် ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ဥပဒေနှင့်အညီ ခန့်အပ်နိုင်ခဲ့ပြီး ကယန်းတိုင်းရင်းသားလူမျိုးတို့၏ လုပ်ငန်းဆောင်တာကိစ္စရပ်များကို ဥပဒေနှင့်အညီ ဦးဆောင်ဦးရွက်ပြု၍ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်တို့က မိန့်ခွန်းအသီးသီး ပြောကြားကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်မှ ပေးပို့သော သဝဏ်လွှာကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြား၍ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးကြပြီး ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ခွန်းရှမူအေးလာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

 

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ကယားပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်မှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။ 

 

မောင်မောင်သန်း(တောင်ကြီး)