(၁၈)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ မယ်စဲ့မြို့နယ်တွင် ကျင်းပ

မယ်စဲ့ ၁၀ ဧပြီ

 

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် (၁၈)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ဧပြီလ ၁၀ ရက် နံနက်၆နာရီခွဲက ပန်တိန်းကျေးရွာ ကယန်းအမျိုးသားကွင်း၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မယ်စဲ့မြို့နယ်အတွင်းမှ ကယန်း တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာကယန်းတိုင်းရင်းသားများကစစ်ကြောင်းဖြင့်ကယန်းအမျိုးသားကွင်းသို့ချီတက်ကာတက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့်ကယန်း အမျိုးသားအလံတို့အား အလေးပြုကြပြီး ကယန်းအမျိုးသားသီချင်းကိုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။

 

ဆက်လက်ပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး ကယန်းစာပေနှင့် ယဉ် ကျေးမှုကော်မတီမှဦးအေရီးကို၊ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီ အထွေထွေအတွင်းရေး မှူးခွန်အသန်းတို့ကအမှာစကားပြောကြားကာ သံလွင်အရှေ့ဘက်ခြမ်း ကယန်းအမျိုးသားဥက္ကဋ္ဌ ဦးလောရင်းက ကျေးဇူးတင်စကားပြောကြားသည်။

 

 

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌမှ ပေးပို့သောသဝဏ်လွှာကို ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးယုမောင်ကဖတ်ကြားခြင်း၊ ကယန်းအမျိုးသားပါတီ (KNP)မှ ပေးပို့ သော သဝဏ်လွှာကိုကယန်းအမျိုးသားပါတီမှ ခွန်လီးယိုကဖတ်ကြားခဲ့သည်။

 

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့မှ နှစ်စဉ်ကယန်းအမျိုးသားနေ့ကျင်းပရေးအတွက် မတည်ငွေကျပ် သိန်း၂၀ကိုပြည်နယ်ဝန်ကြီးချုပ်မှပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးမှလက်ခံရယူခဲ့သည်။

 

တိုင်းရင်းသားမျိုးနွယ်စုတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ မှေးမှိန်ပျောက်ကွယ်မှုမရှိစေရန်၊ မျိုးဆက်သစ် တိုင်းရင်းသားအနေဖြင့် မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်များ ကိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ တစ်နိုင်လုံးအတိုင်းအတာဖြင့် ကယန်းအမျိုးသားနေ့ ကိုနှစ်စဉ်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၁၈)ကြိမ် မြောက်ရှိပြီဖြစ်ကြောင်း ကယန်းအမျိုးသားနေ့ကျင်းပရေးကော်မတီမှ ဦးဒီဝမ်းက ပြောကြားသည်။

 

ဝတ်ရည်(ပြန်/ဆက်)