(၁၈)ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာစာတမ်းဖတ်ပွဲ (ICCA 2020)နှင့် (၁၂) ကြိမ်မြောက် အနာဂတ်ကွန်ပျူတာနှင့် ဆက်သွယ်ရေးဆိုင်ရာ နိုင်ငံတကာစာတမ်းဖတ်ပွဲ ကျင်းပ

ရန်ကုန် ၂၇ ဖေဖော်ဝါရီ

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ကြီးမှူးကျင်းပသည့် (၁၈)ကြိမ်မြောက် ကွန်ပျူတာအသုံးချမှုဆိုင်ရာ နိုင်ငံတကာစာတမ်းဖတ်ပွဲနှင့် (၁၂) ကြိမ်မြောက် အနာဂတ်ကွန်ပျူတာနှင့် ဆက်သွယ်ရေးဆိုင်ရာ နိုင်ငံတကာစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

အဆိုပါ စာတမ်းဖတ်ပွဲကို ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန် စသည့် နိုင်ငံများနှင့် ထိုင်ဝမ်တို့မှ အိုင်စီတီနှင့်ပတ်သက်သော တက္ကသိုလ် (၁၇)ကျောင်းနှင့် မြန်မာနိုင်ငံ အိုင်စီတီနှင့်ပတ်သက်သော တက္ကသိုလ်ကောလိပ်များ၊ နည်းပညာကျောင်းများ ပူးပေါင်း၍ နည်းပညာနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်သွားရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပမှ သုတေသနပညာရှင်များက စာတမ်း ၁၀၂ စောင် ဖတ်ကြားဆွေးနွေးမည်ဖြစ်သည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချူပ် ဒေါက်တာဒေါ်မီမီသက်သွင်က နိုင်ငံ၏ သုတေသနများ အရည်အချင်းပြည့်ဝရန်၊ ပြည်သူလူထုကို အကျိုးပြုနိုင်သည့် သုတေသနများ လုပ်နိုင်ရန်နှင့် Researcher များ၏ စာသင်ကြားမှု အရည်အသွေး၊ သုတေသနစွမ်းရည်များ တိုးမြှင့်လာရန်အပြင် နိုင်ငံတကာ ကွန်ဖရင့်များကျင်းပပြီး   နိုင်ငံ၏သုတေသနလုပ်ငန်းများ အရည်အသွေးမြှင့်တင်ရန်နှင့် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟုဆိုသည်။ 

“အကျိုးကျေးဇူးအနေနဲ့ ကွန်ဖရန့်တွေကို ကျင်းပတဲ့အတွက် ကျွန်မတို့နိုင်ငံမှာရှိနေတဲ့ သုတေသန ပညာရှင်လေးတွေဟာ အခြားနိုင်ငံမှာ ရှိနေတဲ့ သုတေသနတွေကို နောက်ကျမကျန်ဘဲ အတူတူဆွေးနွေး အကြံဉာဏ်ရယူပြီး အတွေ့အကြုံတွေ ဖလှယ်နိုင်စေဖို့ ဖြစ်ပါတယ်၊ ပြည်တွင်းမှာ ကျင်းပတဲ့အတွက် သုတေသန ပညာရှင်အများအပြား တက်ရောက် ပါဝင်ဆွေးနွေးနိုင်တာဖြစ်ပါတယ်၊ အားလုံးသိတဲ့အတိုင်း အိုင်တီဟာ  နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အဓိက အားကိုးရမယ် Industries တစ်ခု ဖြစ်ပါတယ်၊ အဲဒီ Industries တစ်ခု တိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ အိုင်တီ Industries ဖွံ့ဖြိုးမှ ဖြစ်မှာဖြစ်တဲ့အတွက် အိုင်တီသုတေသနပညာရှင်တွေဟာ ခေတ်နဲ့ နောက်ကျမကျန်ခဲ့ဘူး၊ သူတို့ရဲ့ သုတေသနပညာတွေက ပြည်သူလုထုရဲ့ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုစေမှာ ဖြစ်ပါမယ်”ဟု   ဒေါက်တာဒေါ်မီမီသက်သွင်က ပြောကြားသည်။

 

a

 

စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ် ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာတက္ကသိုလ် ကောလိပ်များမှတာဝန်ရှိသူများ၊ အာဆီယံဒေသတွင်းမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

a

 

စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာ သုတေသနအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ၊ ကျောင်းသား ကျောင်းသူများအတွက် သုတေသနဆိုင်ရာ အခွင့်အလမ်းများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ နည်းပညာဆိုင်ရာ အတွေ့အကြုံများကို ပူးပေါင်းဆောင်ရွက်နိုင်သော အိုင်စီတီပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။     

သတင်း- ဝင်းဝင်းမော်
ဓာတ်ပုံ- လှမိုး