(၁၈) ကြိမ်မြောက် မြို့တော်ဝန် ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မန္တလေး  ၁၆   ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် (၁၈)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက မန္တလေးမြို့ရှိ ကန်တော်ကြီး လူထုအပန်းဖြေဥယျာဉ် အဝင်မုခ်ဦးရှေ့တွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ (၁၈)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲအား မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသည့် ဦးဇာနည်အောင်၊ ဦးမျိုးသစ်၊ ဦးအောင်ကြည်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ ကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ်အတွင်းရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်အမျိုးမျိုးတို့ဖြင့် အလှဆင် ပုံဖော်ထားသည့် ပြပွဲအထိမ်းအမှတ် နန်းမြင့် မျှော်စင်နှင့် ရာသီပန်း အမျိုးအစားအလိုက် စိုက်ပျိုးထားသည့် ရှုခင်းအလှပြကွက်များ၊ အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်ရန် ပန်းပင်များဖြင့် သရုပ်ဖော်ထားသည့် ပြည်သူ့ဂုဏ်ရည်ဆုတံဆိပ်ပုံ၊ ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိကနှင့် ဝါသနာရှင်ပြခန်းများကို လှည့်လည်ရှုအားပေးကြပြီး ပြပွဲလာပြည်သူများကို ပျိုးပင်များ အခမဲ့ ဝေငှခဲ့ကြသည်။

 

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် အနယ်နယ်အရပ်ရပ်မှ စိုက်ပျိုးရေးပညာရှင်များ၊ ပန်းမန်ဝါသနာရှင်များမှ ပြိုင်ပွဲအမျိုးအစား ၂၃ မျိုးတွင် ပါဝင်ယှဉ်ပြိုင်၍ ဆုရရှိထားသည့် ဟင်းသီးဟင်းရွက်နှင့်ပန်းမန်များကို လိုက်လံကြည့်ရှုခဲ့သည်။

 

ယင်းနောက် လွှတ်တာ်ဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၈)ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာပြခန်းများနှင့် ပုဂ္ဂလိကဆိုင်ရာ ပြခန်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ခြင်း၊ ပြိုင်ပွဲအမျိုးအစား(၂၃) မျိုး၌ ဆုရရှိကြသူများကို ပထမဆု ငွေကျပ် ၂၀ဝ၀ဝ၀၊ ဒုတိယဆု ငွေကျပ် ၁၅၀ဝ၀ဝ၊ တတိယဆု ၁၀ဝ၀ဝ၀နှင့် နှစ်သိမ့်ဆု ငွေကျပ် ၃၀ဝ၀ဝ တို့ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါ သစ်သီးဝလံ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို မြိုတော်စိမ်းလန်းစိုပြေသာယာလှပါစေရေးလုပ်ငန်းများတွင် ပြည်သူလူထု စိတ်ပါဝင်စားစေရန်နှင့် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြေရေး ဆောင်ရွက်ခြင်းဖြင့် မန္တလေးမြို့တော်ကို ဥယျာဉ် မြို့တော်အဖြစ် တည်ဆောက်ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြပွဲကို ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ နေ့စဉ် နံနက် ၈နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကာ ညပိုင်းတွင် မန္တလေးမြို့ပေါ်ရှိ ခေတ်ပေါ်တေးဂီတအဖွဲ့တို့မှ ပြပွဲလာပြည်သူများကို ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်