(၁၈) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာ ရွှေသုံးခု၊ ငွေသုံးခု ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိ

 

ရန်ကုန်၊ မေ ၁၉

 

လာအိုနိုင်ငံ   ဗီယန်ကျင်းမြို့၌ မေ ၁၆ ရက်မှ  ၂၀  ရက်အထိ ကျင်းပလျက်ရှိသည့် (၁၈) ကြိမ် မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်  ကာယကြံ့ခိုင်မှု အား ကစားပြိုင်ပွဲကို မေ ၁၈ ရက်နှင့် ၁၉ ရက်က ကျင်းပရာ မြန်မာနိုင်ငံ မှ အားကစားသမားများ ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်သုံးခု၊‌ ငွေတံဆိပ် သုံးခုဆွတ်ခူးရရှိခဲ့‌သည်။

အဆိုပါပြိုင်ပွဲတွင် မေ ၁၈ ရက်က ပြိုင်ပွဲ၌ Women's Athletic Physique ပြိုင်ပွဲတွင် ပထမသဲဝါ (မြန်မာ) က ရွှေတံဆိပ်၊ ဒုတိယ (ဗီယက်နမ်) က ငွေတံဆိပ်၊ တတိယ (လာအို) နိုင်ငံက ကြေး တံဆိပ်ဆုတို့ ရရှိကြပြီး ကာယဗလ (၆၅) ကီလိုတန်းပြိုင်ပွဲ တွင် ပထမ (မလေးရှား) က ရွှေတံဆိပ်၊ ဒုတိယမုန်ဘန်အောင် (မြန်မာ) က ငွေတံဆိပ်၊ တတိယ (ဗီယက်နမ်) နိုင်ငံက ကြေးတံဆိပ်ဆုတို့ ရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ကာယဗလ (၆၀) ကီလိုတန်း ပြိုင်ပွဲတွင် ထွန်းမင်းနိုင်၊ (၇၀) ကီလိုတန်းပြိုင်ပွဲတွင် နိုင်မင်းသိမ်း၊ ( ၇၅) ကီလိုတန်း ပြိုင်ပွဲတွင်  အောင်မင်းဦးတို့က စတုတ္ထဆုနှင့် (၇၅) အထက် ကီလိုတန်းပြိုင်ပွဲတွင် မျိုးနိုင်ထွန်း က ဆဋ္ဌမ ရရှိကြောင်း သိရသည်။

မေ ၁၉ ရက် (ယနေ့) ပြိုင်ပွဲ တွင် Men's Athletic. Physique. up to 175 cm + 6kg ပြိုင်ပွဲ၌ ကိုကိုကျော်ဖြိုးက  ရွှေတစ်ခု၊ Men's Sports Physique up to 170 cm -2 kg ပြိုင်ပွဲ၌ သန်းထိုက်ဦး က ရွှေတစ်ခု၊ Women's Model Physique up to 160 cm ပြိုင်ပွဲ၌ ခင်နီလာစိုးနှင့်  Women's Model Physique over 165 cm ပြိုင်ပွဲ၌ ဇူးဇူးသန့်တို့က‌ ငွေတစ်ခုစီ ဆွတ်ခူးရရှိကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံကာယဗလ အဖွဲ့သည် မေ ၂၀ ရက်တွင် ပြန်လည်ရောက်ရှိကြမည်  ဖြစ်ကြောင်းသိရသည်။

အာကာလင်း