(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ ရွှေ ငါး၊ ငွေ ငါး၊ ကြေးငါးခု ဆွတ်ခူးရရှိ

ရန်ကုန် ၁၈ မေ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ (16th South East Asian Bodybuilding &Physique Sports Championships 2019)ပြိုင်ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်း မြန်မာကွန်ဗင်းရှင်စင်တာ (MCC) ခန်းမ၌ ပထမနေ့ပြိုင်ပွဲ အမျိုးအစား ၁၀ တန်းပြိုင်ပွဲ ကျင်းပခဲ့ရာ အိမ်ရှင်မြန်မာက ရွှေငါးခု၊ ငွေငါးခု၊ ကြေးငါးခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။

ရှေဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများအား ကီလိုတန်းလိုက် ပဏမငါးဦး ရွေးချယ်ကြပြီး အပြည်ပြည်ဆိုင်ရာ သက်မှတ်ကိုယ်ဟန်ပြခုနစ်မျိုး ယှဉ်ပြိုင်ကြရာ ဗိုလ်လုပွဲပြိုင်ပွဲများ၌ အမျိုးသား (၂၁)နှစ်အောက် အငယ်တန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ မြန်မာမှ မျိုးစိုင်းဦး၊ ဒုတိယ ထိုင်းနိုင်ငံနှင့် တတိယ မြန်မာ  (၅၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ မြန်မာနိုင်ငံမှ ကျော်မင်းသန်း၊ ဒုတိယ ထိုင်းနိုင်ငံနှင့် တတိယ မြန်မာ၊ (၆၀)ကီလိုတန်းတွင် ပထမ မြန်မာမှ မိုးဆွေ၊ ဒုတိယ ဗီယက်နမ်နှင့် တတိယ ထိုင်း၊ (၆၅)ကီလိုတန်းတွင် ပထမ အင်ဒိုနီးရှား၊ ဒုတိယ ဗီယက်နမ် တတိယ၊ မြန်မာ (၇၀)ကီလိုတန်းတွင် ပထမ ဘရူနိုင်း၊ ဒုတိယ မြန်မာမှ ဇော်တောင်၊ တတိယ မြန်မာ၊ အမျိုးသား (၄၅)နှစ်နှင့်အထက် သက်ကြီးတန်း ကာယဗလမောင် (Master Men's) ပြိုင်ပွဲတွင် ပထမ အင်ဒိုနီးရှား၊ ဒုတိယ မြန်မာမှ ထွန်းထွန်းဦး၊  တတိယမြန်မာ၊ အမျိုးသား (၁၇၀) စင်တီမီတာအောက် (Men's Sports Physique) ပြိုင်ပွဲတွင် ပထမမြန်မာမှ  ငြိမ်းချမ်း၊ ဒုတိယ ထိုင်းနိုင်ငံနှင့် တတိယ ထိုင်း၊ အမျိုးသား (၁၇၀)စင်တီမီတာအထက် (Men's Sports Physique) ပြိုင်ပွဲတွင် ပထမ ထိုင်း၊ ဒုတိယ မြန်မာမှ မောင်မောင်ဆွေ၊ တတိယ ဗီယက်နမ်တို့ ရရှိကြသည်။

ဆက်လက်၍ အမျိုးသား အလွတ်တန်း (Men's Fitness Physique) ပြိုင်ပွဲတွင် ပထမ ထိုင်း၊ ဒုတိယ မြန်မာမှ စည်သူဟိန်း၊ တတိယ မြန်မာမှ အောင်ခန့်ဇော်၊ အမျိုးသမီး အလွတ်တန်း (Women's Fitness Physique) ပြိုင်ပွဲတွင် ပထမ မြန်မာမှ သဲစု၊ ဒုတိယ ဗီယက်နမ်၊ တတိယ မြန်မာနိုင်ငံမှ နှင်းပန်းခိုင်တို့ ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ World Bodybuilding and Physique Sports Federation (WBPF) ဥက္ကဋ္ဌ Mr. DATUK PAUL CHUA ၊ အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ  Mr.PHUMVARIN CHUNHAWONGVARIT တို့နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီနှင့် အမှုဆောင်များက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

“ကျွန်တော် အိမ်ရှင်မှာပြိုင်ရတာ ပိုပြီးအားရှိတယ်။ ပြိုင်ဘက်အတန်းကလဲ နည်းတယ်။ ယခင် ၆၀ ကီလိုတန်းပြိုင်ပါတယ်။ ယခုပြိုင်ပွဲမှာ ၅၅ ကီလိုတန်းပြိုင်ရတာပါ။ အာရှမှာဆိုရင် အိန္ဒိယဘဲပြိုင်ဘက်ဖြစ်တယ်။ သြဂုတ်လမှာ အာရှပွဲရှိတယ်။ အဲဒီပြိုင်ပွဲမှာလဲ ရွှေတံဆိပ်မျှော်မှန်းထားပါတယ်”ဟု ရွှေတံဆိပ်ဆုရ ကျော်မင်းသန့်က ပြောသည်။

“ဒီပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ပထမဆုံးအကြိမ်ပါ။ ပြည်တွင်းပြိုင်ပွဲတွေက အများကြီးပါ။ ရှေ့ဆက်ပြီး ကြိုးစားဖို့လဲ လိုသေးပါတယ်”ဟု အသက် ၂၁ အောက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မျိုးစိုင်းဦးက ပြောသည်။

အဆိုပါပြိုင်ပွဲကို မေ ၁၉ ရက်တွင် ပြိုင်ပွဲဝင်အတန်း ၁၂ တန်း ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ- အာကာစိုး