၁၃၁ နှစ်မြောက် မေဒေး

ယနေ့ မေလ ၁ ရက်နေ့သည် မေဒေးဟုလည်း သိရှိကြသည့် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သည်။ မေဒေးကိုကမ္ဘာ့အလုပ်သမားနေ့ ဟူ၍ စတင်သတ်မှတ်ခဲ့သည့်၁၈၈၉ ခုနှစ်မှ စတင်ရေတွက်လျှင် နှစ်ပေါင်း ၁၃၁ နှစ်ပင် ရှိခဲ့ပြီဖြစ်သည်။

ကမ္ဘာ့အလုပ်သမားနေ့ စတင်ပေါ်ပေါက်ခဲ့သည့် ၁၉ ရာစု နှောင်းပိုင်းကာလသည် ပထမစက်မှုတော်လှန်ရေးခေတ်၊ ရေနွေး ငွေ့စွမ်းအင်ဖြင့် အင်ဂျင်များကိုလည်ပတ်ပြီး ကုန်ပစ္စည်းများ အစုလိုက်အပြုံလိုက် ထုတ်လုပ်လာနိုင်သည့်ခေတ်၊ ငွေကြေးနှင့် စက်ကိရိယာ၊ စက်ရုံအလုပ်ရုံ စသည့်ကုန်ထုတ်လုပ်သည့် အရင်း အနှီးများကို ပိုင်ဆိုင်သည့် အရင်းရှင်နှင့် လုပ်အားကိုသာပိုင်ဆိုင် သည့် အလုပ်သမားဟူသည့် လူတန်းစားနှစ်ရပ်တို့ စတင် ပေါ်ပေါက်လာသည့်ခေတ်ဖြစ်သည်။ ထိုခေတ်ကာလ အရင်းရှင် တို့၏အမြတ်အစွန်းကြီးကြီးမားမားရယူလိုမှုလောဘဇောကြောင့် အလုပ်သမားလူတန်းစားတို့မှာ ဖိနှိပ်ခံ၊ ကုပ်သွေးစုပ်ခံ၊ အမြတ် ထုတ်ခံရသူများဘဝ ကျရောက်ရပြီး လူမှုရေး၊ ကျန်းမာရေး စသည့် အဆင့်အတန်းများမှာ ဆိုးဆိုးရွားရွား နိမ့်ကျခဲ့ရာ မသေရုံ တစ်မည်မျှဖြင့် ရှင်သန်ခဲ့ကြရသည်။

အရင်းရှင်ခေတ်တွင်သန္ဓေတည်မွေးဖွားလာခဲ့သည့် အတွေး အခေါ်တစ်ရပ်မှာ ဆိုရှယ်လစ်ဝါဒဖြစ်သည်။ ဘုံဝါဒဟူ၍လည်း ဆိုကြသည်။ လူသားတို့၏ သမိုင်းကို ဆိုရှယ်လစ်ဝါဒီတို့က စီးပွား ရေးအခြေခံအဆောက်အအုံအမြင်ဟုဆိုကာ သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်နှင့် ဆိုရှယ်လစ်ခေတ်ဟူ၍ ခေတ်ကြီး ငါးခေတ် ပိုင်းခြားသတ်မှတ်ခဲ့သည်။ ခေတ်သစ်တစ်ခေတ်မွေးဖွားလာသည့်အခါ ခေတ်ဟောင်းက ပျက်သုဉ်းရသည့် သမိုင်းဖြစ်စဉ်ကို ဖော်ထုတ်ခဲ့ပြီး အရင်းရှင်ခေတ်ကို ခေတ်ပြောင်းတော်လှန်ရေး ဆင်နွှဲ၍ ဖျက်သိမ်းပြီး ပေါ်ပေါက်လာမည့် ဆိုရှယ်လစ်ခေတ်ကိုမူ နောက်ထပ်ပြောင်းလဲရန် မလိုတော့သည့် အန္တိမခေတ်ဟု ဆိုခဲ့သည်။ ဆိုရှယ်လစ်ဝါဒကို ယုံကြည်သည့် နိုင်ငံများလည်း ပေါ်ထွန်းလာခဲ့ပြီး ၂၀ ရာစုသည် အရင်းရှင်နိုင်ငံများနှင့် ဆိုရှယ်လစ်နိုင်ငံများ၊ အနောက်အုပ်စုနှင့် အရှေ့အုပ်စု၊ လက်ယာ နှင့် လက်ဝဲတို့အကြား အယူဝါဒရေးနှင့် စစ်ရေးတို့ ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့သည့် စစ်အေးကာလဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် လွတ်လပ်ရေးရရှိလာသည့် နိုင်ငံငယ်များအပေါ် အဆိုပါအုပ်စုကြီးနှစ်စုက ဩဇာလွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည့် ကာလလည်းဖြစ်သည်။

ဆိုရှယ်လစ်ဝါဒီတို့က ဆိုရှယ်လစ်စနစ်အတွင်း နောက်ထပ် ခေတ်ပြောင်းရန်မရှိတော့ဟု ၎င်းတို့၏ သီအိုရီအရ ယုံကြည်ခဲ့ ကြသော်လည်း လက်တွေ့တွင်မူဆိုရှယ်လစ်နိုင်ငံများမှာ ရာစုနှစ် တစ်ခုစာပင်ခံနိုင်ရည်မရှိခဲ့။ စီမံကိန်းချစီးပွားရေးစနစ်အောက်တွင် အရှုံးအမြတ်နှင့် ဈေးကွက်တို့ပျောက်ဆုံးသွားခဲ့သလို ကုန်ထုတ် လုပ်မှုများလည်း ကျဆင်းသွားခဲ့သည်။ ကုန်ပစ္စည်းများ၏ အရည် အသွေး၊ ဝန်ဆောင်မှုအဆင့်အတန်း၊ လုပ်သားများ၏ ထုတ်လုပ် နိုင်သည့်စွမ်းအား၊ စားသုံးသူများ၏ ရွေးချယ်ခွင့် စသည်တို့လည်း ပျက်သုဉ်းသွားခဲ့ပြီး အရင်းရှင်လူတန်းစား၏နေရာတွင် အာဏာ ရှင်တို့နေရာယူလာသည်။ နောက်ထပ်နောက်ထပ် ဆင့်ပွားပေါ် လာသည့် ပြဿနာများနှင့် ဆိုရှယ်လစ်နိုင်ငံများ ရှုပ်ထွေးရစ်ပတ် နေချိန်တွင် အတိတ်ကာလက အရင်းရှင်နိုင်ငံများမှ အရင်းရှင် စနစ်မှာမူပြောင်းလွယ်ပြင်လွယ်ဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ကာ ကမ္ဘာကို ဦးဆောင်နိုင်ခဲ့ကြသည်။

မိမိတို့နိုင်ငံသည်လည်း တစ်ခေတ်တစ်ခါက လက်ဝဲယိမ်းခဲ့ သည့်နိုင်ငံ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုသည့် ဝါဒတစ်ရပ်ကို ဆယ်စုနှစ်သုံးစုစာခန့် ကျင့်သုံးခဲ့ဖူးပြီး ခါးသီးသည့်အတွေ့အကြုံ ရှိခဲ့သည့်နိုင်ငံ ဖြစ်သည်။ မျက်မှောက်ကာလတွင်မူ ဈေးကွက် စီးပွားရေးစနစ်ကိုကျင့်သုံးကာ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးကြိုးပမ်းနေပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဦးတည် အကောင်အထည်ဖော်နေချိန်ဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ် တွင် အရင်းရှင်တို့ ရှင်သန်ဖွံ့ဖြိုးဖို့လိုသည်။ သို့မှသာ စီးပွားရေး တိုးတက်မည်။ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရာတွင် အလုပ်သမားတို့သည်လည်း မပါ၍မဖြစ်။ သို့ဖြစ်ရာ အရင်းရှင်နှင့် အလုပ်သမားတို့မှာ စီးပွားဖက်၊ မိတ်ဖက်များဖြစ်ရမည်။ အပြန် အလှန်အကျိုးပြုနိုင်မှ နှစ်ဦးလုံးရှင်သန်နိုင်မည်။ အရင်းရှင်တို့က ၎င်းတို့စိုက်ထုတ်ထားသည့်အရင်းအနှီးအတွက် အကျိုးအမြတ် ရရှိရန် လိုအပ်သလို အလုပ်သမားအနေဖြင့်လည်း ၎င်း၏လူမှုရေး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် လိုအပ်သည်။ တစ်ဦး၏ လိုအပ်ချက်ကိုတစ်ဦးက အပြန်အလှန်နားလည်ကြဖို့ပင်ဖြစ်သည်။

အထူးသတိပြုရမည့်အချက်မှာ အမှောင့်ပယောဂများနှင့် သွေးထိုးမြှောက်ပင့်မှုများကို နားမယောင်ရန်၊ ဥပဒေကို လေးစား လိုက်နာရန်နှင့် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီ သည့် တွေးခေါ်မြော်မြင်မှုများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မျှော်တွေးနိုင်ကြရန် ဖြစ်ပါကြောင်း။ ။

man