၁၃ ဇူလိုင်လ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး၌ နောက်ဆုံးပြောကြားသော ဖဆပလဥက္ကဋ္ဌ ဦးအောင်ဆန်း မိန့်ခွန်း ကောက်နုတ်ချက်

. . . လွှတ်တော်အမတ်တွေရယ်လို့ တိုင်းပြည်က တင်မြှောက်လိုက်တဲ့အခါမှာ အဲဒီလွှတ်တော်အမတ်တွေက လွှတ်တော်အစည်းအဝေးမရှိတဲ့အခါမျိုးမှာ မိမိတို့အားလပ်ချိန်၊ ရသမျှ အချိန်အတောအတွင်းမှာ မိမိတို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ နယ်ကိုပြန်သွားပြီးတော့ ဒီလွှတ်တော်မှာ ဘာဖြစ်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာ အစရှိတဲ့ အခြေအနေ အရပ်ရပ်ကို ကိုယ့်နယ်ကိုပြန်ပြီး အစီရင်ခံတဲ့ ထုံးစံရှိပါတယ်။


. . . ဒီတော့ ကျွန်တော်တို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်လုပ်တဲ့အလုပ်ဟာ အင်မတန်ရှင်းပါတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ရအောင် လုပ်မယ်ဆိုတဲ့အတိုင်း အဲဒီလုံးဝ လွတ်လပ်ရေးကို ကျွန်တော်တို့ ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာလည်း ကျွန်တော်တို့ လုပ်နေလျက်ပါပဲ။ တစ်နှစ် လည်းပဲ မပြည့်သေးပါဘူး။ တစ်နှစ်စေ့လာတဲ့ အနေမျိုး၊ သို့သော်လည်းပဲ စေ့တယ်၊ ပြည့်တယ်ဆိုတဲ့ သဘောမျိုး ကတော့ အလျှော့အပေါ့ နည်းနည်းပါးပါး ပါချင်ပါမယ်။ သို့သော်လည်းပဲ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုဖြစ်လာတဲ့ အချိန်အခါမျိုးမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဗမာပြည် ရဲ့ လွတ်လပ်ရေးကိုရအောင် မလုပ်နိုင်သေးဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ဟိုအခါမျိုးမှာ ကတိပျက်တယ်လို့ ပြောချင် ပြောမယ်။ သို့သော်လည်းပဲ အဲဒီအချိန်အခါကလည်း မရောက်သေးဘူး။ ကျွန်တော်တို့ကလည်းပဲ အဲဒီအချိန် အခါအထိ လွတ်လပ်ရေးကို အေးအေးချမ်းချမ်းရနိုင်အောင် ကျွန်တော်တို့ ကြိုးစားမယ်။ အဲဒီလိုကြိုးစားမယ်ဆိုပြီး တော့ ကျွန်တော်တို့ လုပ်နေတယ်။ ဒီလိုလုပ်နေတဲ့အတိုင်း ကျွန်တော်တို့ လုပ်တဲ့လုပ်ငန်းဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလားဆိုတာ အခုနေအခါ ဘယ်သူမှ မပြောနိုင် သေးဘူး။ ဘာဖြစ်လို့လဲဆိုရင် အချိန်တွေ လိုပါသေးတယ်။ ကျွန်တော်တို့ လုပ်နေတဲ့လုပ်ငန်းတွေဟာ မပြီးသေးဘူး။ ပြီးလာတဲ့တစ်နေ့ ခင်ဗျားတို့မြင်လာတဲ့တစ်နေ့မှာ ကျွန်တော်တို့ လုပ်ငန်းတွေဟာ အောင်သလား၊ မအောင်ဘူးလား ဆိုတာ ခင်ဗျားတို့ မြင်နိုင်မှာပဲ။
အဲဒီလို မြင်လာတဲ့အခါမှာ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်ဟာ ဘယ်လိုအဖွဲ့ချုပ်မျိုးလဲ၊ အလုပ်လုပ်တဲ့ နေရာမျိုးမှာ ဘယ်လိုထိရောက်အောင် လုပ်နိုင်သလဲဆိုတာ ခင်ဗျားတို့ မြင်လာမယ်။ အဲဒီတော့ အခုနေအခါမှာ ကျွန်တော် ဘာမှ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်တွေ ပြောနေဖို့ မလိုပါဘူး။ အဲဒီတော့ ဖ၊ ဆ၊ ပ၊ လအဖွဲ့ချုပ်က ဘာမှသွေဖည်ပြီးတော့ လုပ်နေတာ မရှိပါဘူး။ ဒီလွတ်လပ်ရေးရအောင်ဆိုပြီး လုပ်နေတာပဲ။ သို့သော်လည်းပဲ အဲဒီလို လွတ်လပ်ရေးရအောင် ကျုပ်တို့က လုပ်တဲ့နေရာမှာ အလွယ်ဆုံး၊ အကောင်းဆုံး၊ အအေးဆုံးနည်းကို ရှာတယ်။ အဲဒီလို ရှာတာကို ကျုပ်တို့ကို ဘာအပြစ်ပြောစရာ ခင်ဗျားတို့ ရှိပါသလဲ၊ အလွယ်ဆုံး၊ အကောင်းဆုံး၊ အအေးဆုံးနည်းတွေနဲ့ ကျွန်တော်တို့ လွတ်လပ်ရေး ရအောင် ရှာတဲ့နေရာမယ် ဘယ်သူတွေက ဘာဖြစ်လို့ ကျုပ်တို့ကို အပြစ်တင်နေရသလဲ၊ အဲဒီတော့ကာ အဲဒီလိုလုပ်နေတဲ့ နေရာမယ် ဒါတွေကို ရှင်းပြနေတဲ့ အထဲကနေပြီးတော့ ကျုပ်တို့ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်က ဒိုမီနီယံပဲ လက်ခံတော့မလိုလို ဘာလိုလို အစရှိသည်အားဖြင့် တချို့က နေပြီးတော့ ဟိုရေး၊ ဒီရေး၊ ဟိုပြော၊ ဒီပြော ပြောတယ်။
ကျုပ်တို့ ဂရုမစိုက်ပါဘူး။ ခင်ဗျားတို့ တိုင်းပြည်က အဲဒီလိုလူတွေ ပြောတာတွေကို ယုံချင်တယ်ဆိုရင် ခင်ဗျားတို့ ယုံနိုင်တယ်။ အဲဒီတော့ ဒီဒိုမီနီယံကိစ္စနှင့်ပတ်သက်ပြီး ဒိုမီနီယံ ပြောနေကြတဲ့ လူတွေကလည်း နားလည်လို့ ပြောနေ ကြတာ မဟုတ်ဘူး။ အမှန်စင်စစ်တော့ ကျွန်တော်တို့ ဗမာနိုင်ငံရေးမှာ ကျွန်တော်နည်းနည်း (Brutal Truth) ဆိုမှာပေါ့။ တော်တော်ကလေးကိုပဲ ရက်ရက်စက်စက်မှန်တယ်။ သခင်နုကတော့ ကျွန်တော့်ကို ခဏခဏပြောတယ်။ ခင်ဗျား (Painful Truth) သိပ်မပြောပါနဲ့လို့။ (Painful Truth) ဆိုတာ ဘာလဲဆိုရင် မှန်တော့မှန်တယ်။ သို့သော် မှန်လွန်းအားကြီး လို့ မခံနိုင်ဘူး။ အဲဒီလိုဖြစ်တယ်။ သို့ပေမယ့် ဒီတစ်ခါလည်း ကျွန်တော် ပြောရဦးမယ်။ ဘာပြောမလဲဆိုရင် ယခု ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးသမားတွေ လုပ်နေကြတယ်။ သတင်းစာဆရာတွေ လုပ်နေကြတယ်။ သူတို့ရေးနေတာ၊ သူတို့၊ သူတို့ပြောနေတာ သူတို့ နားမလည်တဲ့သူတွေ အများကြီးပဲဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ ခံချင်မှာတော့ မဟုတ်ပါဘူးဗျာ့။ ဘာပြုလို့လဲဆိုရင် နားမလည်ဘူး ပြောလိုက်တာကိုး၊ ခံချင်မှာတော့ မဟုတ်ပါဘူးဗျာ့။ သို့သော်လည်းပဲ (It is Painful Truth)အဲဒါ တစ်ခါတည်းကို သွေးထွက်အောင် မခံချင်လောက်အောင် မှန်တယ်၊ မှန်တယ်ဆိုတာ ကျွန်တော်ရဲရဲကြီးပြောရဲတယ်။


အဲဒီတော့ ကိုယ်ပြောနေတာ ကိုယ်ရေးနေတာ ကိုယ်လုပ်နေတာ ဘာမှန်းမသိတဲ့ နိုင်ငံရေးသမားတွေ၊ သတင်းစာ ဆရာတွေက တော်တော်ကလေးများတယ်။ အဲဒီလိုဖြစ်နေတော့ ကျွန်တော်လည်း နိုင်ငံရေးအကြောင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆိုတဲ့ စကားကအစ ကျွန်တော်တစ်ခါတည်း တိုင်းပြည်ကို နောင်အခွင့်သင့်လို့ရှိရင် အပတ်စဉ် အပတ်စဉ် ဖြစ်စေ၊ တစ်ခါတည်း ရက်ဆက်သဘောမျိုးဖြစ်စေ၊ တစ်ခါတည်း အဲဒီလို ရှင်းလင်းပြသွားချင်ပါသေးတယ်။ အဲဒီအခါ ကျရင် နိုင်ငံရေးဆိုတာ ဘာလဲ၊ တော်လှန်ရေးဆိုတာ ဘာလဲ၊ နောက်ပြီးတော့ လွတ်လပ်ရေးဆိုတာ ဘာလဲ၊ ဟိုဟာက ဘာလဲ၊ ဒီဟာက ဘာလဲ၊ အဲဒါတွေ ကျွန်တော်ရှင်းပြချင်တယ်။ ခေါင်းဆောင်မှုဆိုတာ ဘာလဲ၊ အချောင်သမားဆိုတာ ဘာလဲ၊ အဲဒါတွေ ကျွန်တော် ရှင်းချင်တယ်။ သို့ပေမယ့် ဝမ်းထဲမှာတော့ အများကြီးပဲ၊ ပုံနေတာပဲ၊ သို့သော်လည်းပဲ ကျွန်တော့်မှာ အချိန်ကမရတော့ မရှင်းနိုင်တော့ဘူး။ အဲဒီတော့ သတင်းစာထဲ ရေးချင်တာရေး၊ တချို့ပြောချင်တာပြော၊ ကြည့်နေရတာပဲ။ ဘာမှမတတ်နိုင်ဘူး။ ခင်ဗျားတို့ ကြားချင်တာကြားပြီး ထင်ချင်တာ ထင်နေတာပဲဆိုတာလည်း ကျွန်တော် သိပါတယ်။
အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားကြည့်စေချင်တာက ဒီ ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်ဟာ ဘယ်လို ဖ၊ ဆ၊ ပ၊ လအဖွဲ့ချုပ်လဲဆိုတာ ရာဇဝင်နှင့် ပြန်ကြည့်စေချင်တယ်။ လူတွေကိုလည်း ရာဇဝင်နှင့် ပြန်ကြည့်စေချင်တယ်။ ကျွန်တော်တို့ ဗမာပြည်မှာပေါ်ခဲ့တဲ့ နိုင်ငံရေးအဖွဲ့တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံး တစ်ယောက်စီ တစ်ယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ စဉ်ပြီး၊ မာတိကာစဉ်ပြီး စဉ်းစားကြည့်စမ်းပါ။ ဘယ်လိုလူစားတွေလဲ၊ ဘယ်လိုအဖွဲ့လဲဆိုတာ။ အဲဒီအခါမှာ အဖြေထွက်လာမယ်။ ယခုအခါမှာ ကျွန်တော်တို့က အစိုးရလုပ်နေတဲ့ အချိန်အခါမျိုးဖြစ်တယ်။ သို့သော် လည်းပဲ ကျွန်တော်တို့က အစိုးရလုပ်နေတဲ့ အချိန်အခါမျိုးမှာဆိုရင် အတိုက်အခံဆိုတာ ရှိစမြဲပါပဲ။
ဘုရားလက်ထက်က ဘုရားကိုယ်တိုင် အတိုက်အခံနှင့် မကင်းလို့ရှိရင်၊ ကျုပ်တို့လည်း မလွတ်ကင်းနိုင်ဘူး။ အဲဒီလို အတိုက်အခံနှင့် မကင်းတဲ့အပြင် တပ်ပျက်ဗိုလ်လုပ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဒီလို တပ်ပျက်ဗိုလ်လုပ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတော့ ချွတ်ယွင်းချက်တွေ အမြောက်အမြားရှိတယ်ဆိုတာ ကျုပ်တို့ကိုယ်တိုင်သိတယ်။ ဘယ်အစိုးရမှလည်း ချွတ်ယွင်းချက်မရှိတဲ့အစိုးရ မရှိဘူး။ သို့သော်လည်း တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီး တော့ တစ်ဆင့်ထက်တစ်ဆင့် ကျွန်တော်တို့ လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား၊ မတိုးတက်ဘူးလားဆိုတာ ခင်ဗျားတို့ ပြန်ကြည့်ပါ။ ရက်မကြာခင်လောက်ဆိုရင် သခင်နုတို့လည်း ပြန်လာမယ်။ နောက်တော်တော်လေး ကြာလာ ရင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်းကြေညာနိုင်တဲ့စကားမျိုး လုပ်လာနိုင်ပါဦးမယ်။ အဲဒီလို လုပ်လာ တဲ့အခါမှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေးလုပ်ငန်းမယ် ဘယ်ထိအောင် တစ်စခန်း တက်လာပြီး ဘယ်ထိအောင် ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ဘယ်လို တစ်စခန်းတက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို အခွင့်အလမ်းတွေကို လည်း ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး တစ်ဆင့်တက်လာ တာကို သော်လည်းကောင်း၊ အခု လွတ်လပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး တစ်ဆင့်တက်လာတာကိုသော်လည်းကောင်း အဲဒီလို တက်လာတာကို ခင်ဗျားတို့ ရက်မကြာမီမှာ မြင်ရပါလိမ့်မယ်။ အဲဒီလို မြင်ရရုံမကဘူး။ ကျွန်တော်တို့ ဒီအစိုးရနှင့် အရင်ကရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ရင် ကျုပ်ပြောရဲတယ်။ ယခုအစိုးရထဲမှာ လာဘ်စားတဲ့လူတွေ မရှိပါဘူး ဆိုတာ ကျုပ်ပြောရဲတယ်။


အရင်အစိုးရတွေတုန်းက ကျုပ်အတိအလင်းပြောတယ်။ လာဘ်စားတဲ့ လူတွေရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလိုလူတွေက ယခုနေအခါမယ် တိုင်းပြည်ကို မိမိတို့ပါတီ ပြန်အာဏာရအောင် ခြေထိုးကြတဲ့ကိစ္စမှာ ယောင်ယောင် မှားမှားဖြစ်တဲ့လူတွေဟာ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တိုင်းပြည်သစ္စာဖောက်တဲ့ကိစ္စမှာ ရန်သူနံပါတ် (၁) တွေ ဖြစ်တယ်။ အဲဒီရန်သူနံပါတ် (၁) တွေကို ခင်ဗျားတို့ ထောက်ခံချင်တယ်ဆိုရင် ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ကြတာပဲ။ ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလို့ အစိုးရဖြစ်တာမဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရဖြစ်နေတာ။ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့သိတဲ့တစ်နေ့မှာ ကျုပ်တို့လည်းမနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါပဲ။ သို့သော်လည်းပဲ တစ်နှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါ မှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ။ ရာဇဝင်မှာ အရေးခံမယ့် လူစားမျိုးတွေလား၊ ရာဇဝင်မှာ အဆဲခံမယ့် လူစားမျိုး တွေလားဆိုတာ ခင်ဗျားတို့ကိုယ်တိုင် သိပါလိမ့်မယ်။


ဒီတော့ကာ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော်တို့ ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေကမပေါက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေးရတော့မယ်ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လိုစိတ်ကူးကြသလဲဆိုလို့ရှိရင် ပဒေသာပင်ကြီး ချက်ချင်းနေ့ချင်း ညချင်းပေါက်လာကြတော့မလို ခင်ဗျားတို့ထင်ကြတဲ့လူတွေများကြတယ်။ တချို့ကလည်းပဲ ဟာ လွတ်လပ်ရေးရပြီ ဆိုပြီးတော့ ဘာလုပ်ချင်သလဲဆိုတော့ ကျွန်တော်အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။ ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး၊ ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီးဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော် တွေ့ခဲ့တယ်။ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ လွတ်လပ်ရေး ရပြီကွဆိုပြီးတော့ လူတကာသွားတဲ့လမ်းပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့လူတွေ အတော်ခွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်က ဘာလဲ၊ လွတ်လပ်ရေးဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက်ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦး တစ်ယောက်ရဲ့ အကို မထိခိုက်ဘဲနဲ့ အခြားလူတွေရဲ့ အကို မထိခိုက်စေဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့် တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။
ဥပမာ ခင်ဗျား စီးပွားရေးဖြစ်ထွန်းအောင် လုပ်တဲ့နေရာမှာ အနှောင့်အယှက်မရှိစေရဘူး။ အခြားလူတွေရဲ့အကျိုး ပိုမထိခိုက်လို့ရှိရင် အနှောင့်အယှက်မရှိစေရဘူး။ တိုင်းပြည်တစ်ပြည်လုံးရဲ့ အကျိုးကို မထိခိုက်စေရဘူး။ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်စေရဘူး။ ခင်ဗျား လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့ အခြေအနေရှိရမယ်။ သို့သော်လည်း အခြားနိုင်ငံရဲ့ လွတ်လပ်ရေးကို သွားနှောင့်ယှက်တဲ့ လွတ်လပ်ရေးဟာ လွတ်လပ်ရေးကို မဟုတ်ဘူး။ အဲဒါက ဘာလဲဆိုရင် Licence ခေါ်တယ်။ ဒါဟာ ရမ်းကားမှုသာ ဖြစ်တယ်။


ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့ သဘောမျိုးမဟုတ်ဘူး။ စည်းနဲ့ ကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ အဲ့ဒီတော့ လွတ်လပ်ရေးဆိုတာကို ကျွန်တော် တို့ ရတဲ့အခါမှာလည်း နားလည်ရမှာက ငါတို့တိုင်းပြည်ဟာ ပိုပြီးစည်းကမ်းရှိဖို့လိုတယ်။ ငါတို့တိုင်းပြည်ဟာ လွတ်လပ် ရေး ရအောင်လည်းပဲ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ်။ အဲဒီလိုအားဖြင့် စည်းကမ်းသဘောတွေကို နားလည်ပြီး စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။


. . . ဒီတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည်ထူထောင်ကြမယ်ဆိုလို့ရှိရင်လည်း National Planing ခေါ်တဲ့ အဲဒီစီမံကိန်းမျိုးတွေနဲ့ မလုပ်ဘဲနဲ့ ကျွန်တော်တို့ တိုင်းပြည်ဟာ မကြီးပွားနိုင်ဘူး၊ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့ သတိရှိစေချင်ပါတယ်။ အဲဒီတော့ ပဒေသာပင်ဟာ မြေကပေါက်လာမှာ မဟုတ်ပါဘူး။


ပဒေသာပင်ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေးပင်ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရတဲ့လွတ်လပ်ရေးဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့သိစေချင်တယ်။


ဒီတော့ အဲ့ဒီလွတ်လပ်ရေးရတဲ့အခါမှာ ကျွန်တော်တို့ အခုတင်က စီမံကိန်းအမျိုးမျိုးနဲ့ လုပ်ဆောင်မှာ အနှစ် ၂၀ လောက် ကျွန်တော်တို့ စကားခပ်ရိုင်းရိုင်းပြောရရင်၊ စကားခပ်ရိုင်းရိုင်းပြောရတယ်ဆိုတာ စကားခပ်ရိုင်းရိုင်းပြောမှ လူတွေကမှတ်မိတယ်။ စကားခပ်ရိုင်းရိုင်းဆိုရင် အတော့်ကို ပြဲအောင်ကြိုးစားနိုင်မှ၊ လုပ်နိုင်မှ အဲဒါအတော်ကို ကုန်းလုပ် နိုင်မှ၊ ရုန်းလုပ်နိုင်မှ၊ အနှစ် ၂၀ လောက်ရှိတဲ့အခါမှာ တော်ကာကျမယ်။ အဲဒီလို မဟုတ်ဘဲ ခင်ဗျားတို့ အလုပ်မလုပ်ဘဲ နေမယ်ဆိုလို့ရှိရင် ယိုးဒယားပြည်ရဲ့ အဆင့်အတန်းတောင် မီမှာမဟုတ်ပါဘူး။ ယိုးဒယားပြည်ဆိုလို့ရှိရင် လွတ်လပ်တဲ့ နိုင်ငံထဲမှာ ညံ့ညံ့ပင်ဖြစ်ပေမယ့် ကျွန်တော်တို့ ဗမာပြည်နဲ့ စာလိုက်ရင်တော့ ကျွန်တော်တို့ ဗမာပြည်လွတ်လပ်ရင် လွတ်လပ်ချင်းပဲ၊ ယိုးဒယားပြည်က ကျွန်တော်တို့ထက်တော့သာတာပဲ။ ဘယ်လိုသာမလဲဆိုရင် စစ်တပ်တွေဆိုလို့ရှိရင် လည်း ကောင်းကောင်းရှိတယ်။ ရေတပ်တွေလည်း ရှိတယ်။ လေတပ်တွေလည်းရှိတယ်။ အခြားစစ်တပ်တွေလည်း တော်တော်များများရှိတယ်။ အဲဒီလိုအားဖြင့် ယိုးဒယားက ရှိတာရှိတယ်။ ကျွန်တော်တို့မှာ အဲဒီလို မရှိသေးပါဘူး။
ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင်၊ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်း လှမ်းလိုက်နိုင်မှ၊ အဲဒီလို လိုက်နိုင်တဲ့အခါကျမှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလိုတန်းတူညီတူ ဖြစ်သွားမယ်။ တန်းတူညီတူမဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့မြင်တဲ့အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထားစေချင်တယ်။ အားမှမရှိသေးတော့ အဲဒီလိုပဲ ဖြစ်နေ မှာပဲ။ အဲဒီတော့ကာ အင်မတန်ကို ကျွန်တော်တို့ တစ်ခါတည်း ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့လူတွေ စည်းစည်းရုံးရုံးနဲ့ ရှိပါမှ ဖာသည်သဘောမျိုး၊ နိုင်ငံမျိုး မဖြစ်ဘဲနေမှာ။
အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ် ရေးနှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသည်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်။
ဒီတော့ ယခုဖြစ်နေတဲ့အခြေအနေမှာဆိုရင် လွတ်လပ်ရေးကိစ္စနဲ့ ကျွန်တော်တို့ မြင်တာပြောရမယ်ဆိုရင် လွတ်လပ် ရေးဟာ ရဖို့အခြေအနေတော့ တော်တော်ကလေးများပါတယ်ဆိုတာ ကျွန်တော်ပြောချင်တယ်။ သို့ပေမယ့်လည်း ကျွန်တော်တို့ဗမာစကားလည်း ရှိတယ်။ အင်္ဂလိပ်စကားလည်းရှိတယ်။ အင်္ဂလိပ်စကားကတော့ Don't hallo till you are out of the wood အရင်တစ်ခါလည်း ကျွန်တော်ပြောသွားပြီးပါပြီ။ စစ်ပွဲကြီးအတွင်းက တောကြီးမျက်မည်းအတွင်းက မထွက်မီခင် ငါတော့ဘေးလွတ်ပြီလို့ မအော်ပါနဲ့ဆိုတဲ့သဘောမျိုးပဲ။ အဲဒီအတိုင်းပဲ။ ကျွန်တော်က တစ်ခါခြင်္သေ့မင်း ဥပမာကို ပြောရမယ်ဆိုရင် ခြင်္သေ့မင်းများဟာ တောကောင်ကို လိုက်တဲ့နေရာမှာ ကြီးတာငယ်တာ ပဓာနမထားဘဲနဲ့ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့နေရာမှာ အဲဒီအတိုင်းပဲ လုံ့လစိုက်သွားတယ်။ အဲဒီလို ထုံးစံအတိုင်းပဲ ကျွန်တော်တို့က ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကျွန်တော်တို့က ကြိုးစားမှု၊ အားထုတ်မှုကို လျှော့လို့မဖြစ်နိုင်ဘူး။ လုံ့လဝီရိယကို လျှော့လို့မဖြစ်နိုင်ဘူး။ ဆတက်ထမ်းပိုးသာ ကျွန်တော်တို့ လုပ်ဖို့လိုတယ်။
ကျွန်တော်တို့ ဗမာတွေမှာ စောက်ကျင့်တစ်ခုရှိတယ်။ ဘာစောက်ကျင့်တစ်ခုလည်းဆိုရင် ဒါကလည်းပဲ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ဘာလဲဆိုတော့ ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတစ်ခုရှိတယ်။ လှေပြိုင်ပွဲလုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလဲဆိုတော့ လှေတွေပြိုင်လိုက် တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အသင်းက ပန်းတိုင်မရောက်သေးဘူး။ ရှေ့ကို နည်းနည်းရောက်တယ်ဆိုရင်ပဲ တက်ထောင်တယ်၊ ကြွားတယ်၊ တစ်ခါ ရှုံးတဲ့ နောက်ကနေတဲ့ လှေကလည်းပဲ ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့ တက်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလဲဆိုရင် တကယ့်တိုင်းပြည်ထူထောင်တဲ့နေရာမှာ လွတ်လပ်တဲ့ လူမျိုးနဲ့ထိုက်တန်တဲ့ စိတ်ဓာတ်မျိုး မဟုတ် ဘူး။ အဲဒီစိတ်ဓာတ်မျိုးဟာ ကျွန်ဖြစ်မယ့် စိတ်ဓာတ်မျိုး၊ ကျွန်ရဲ့စိတ်ဓာတ်မျိုး။ ဒီစိတ်ဓာတ်မျိုးရှိနေသမျှကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေရမှာပဲ။ လွတ်လပ်ရေးရရင်လည်း မြန်မြန်ပြန်ကျွန်ဖြစ်မှာပါပဲ။ နောက်ဆုံးတစ်နေ့ မရှုံးတဲ့တိုင်အောင်၊ ကျွန် မဖြစ်တဲ့တိုင်အောင် ခုနကလို ဖာသည်လွတ်လပ်ရေးဖြစ်နေမှာပဲ။ ဘာလို့လဲဆိုရင် အကျင့်က အဲဒီလို နည်းနည်းလေးနိုင်လာတယ်၊ ရှေ့ကသာလာတယ်ဆိုရင် တက်ထောင်ချင်တဲ့ အကျင့်ရှိတယ်။ လှေတစ်စင်းဟာ အဲဒီလို ရှေ့သာလာလို့ တက်ထောင်မိတာနဲ့ပွဲတစ်ပွဲမှာ ရှုံးကိုသွားတယ်။ အဲဒီလိုဖြစ်တယ်။


ပြီးတော့ ဘောလုံးပွဲကိုကြည့်၊ ကျွန်တော်တို့ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့အခါမှာဆိုရင် ကိုယ်ကပထမ စဂိုးသွင်းရတယ်ဆိုရင် အတော်အားတက်လာတယ်။ အားတက်လာတာနဲ့၊ ကန်တာနဲ့၊ ပြုတာနဲ့ နောက်တစ်ခါ အဲဒီလို ဖြစ်တဲ့အခါမှာ တော်တော်လး ဂိုးလေးများလာတယ်ဆိုရင် လျှော့လျှော့ပေါ့ပေါ့ ကန်ချင်လာတယ်။ ငါနိုင်မှာပဲဆိုပြီး အဲဒါနဲ့နေပြီး တစ်ဖက်ကနေပြီး နောက်ဆုံးအပြီးသတ်မှာကပ်ပြီး ပြန်ပြီးတော့ ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ်၊ ရှုံးတာ ဖြစ်ဖြစ် ဖြစ်သွားတာမျိုးလည်း ကျွန်တော်တို့ ဘောလုံးရာဇဝင်မှာ ခင်ဗျားတို့ ပြန်စဉ်းစားရင်တော့ တွေ့မှာပဲ။ ဒါတင်မက သေးဘူး၊ ဒီရှုံးသွားတဲ့လူကလည်း ဘောလုံးကန်လို့ရှိရင် ပထမပိုင်းမှာ နာရီဝက်မှာ ရှုံးသွားရင်တော့ တော်သေးရဲ့။ ကျန်သေးတဲ့ ဒုတိယနာရီဝက်မှာ ကန်လို့ ၁၀ မိနစ်လောက်ကြာတော့ ကိုယ့်ဘက်က ဂိုးမသွင်းနိုင်ဘူးဆိုရင် လူကိုချတယ်။ ဒါ ကျွန်တော်တို့ ဗမာဘောလုံးကန်တဲ့ ဘောလုံးပွဲအကျင့်ပဲ။ အဲဒါ Sporting spirit မရှိဘူး၊ ဒါဘာလဲဆိုလို့ရှိရင် ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ် ထက်တယ်၊ ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေပဲ။ ဗမာတွေ စိတ်ဓာတ်က မဟုတ်တဲ့နေရာမှာသွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေ ကျတော့ အသုံးမကျဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင်ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည် ပြန်လည်ထူထောင် ရေးလုပ်တဲ့နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ ဗမာချင်းချဖို့သာ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုး တော့ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လည်း ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။
အဲဒီတော့ကာ ကျွန်တော်တို့ အဲဒီ စိတ်ဓာတ်မျိုးကို လုံးဝဖျောက်ပစ်ဖို့လိုတယ်။ ကျွန်တော်တို့ဟာ ဘာအလုပ်ပဲ လုပ်လုပ်၊ နောက်ဆုံးတစ်နေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ်ဖြစ်စေ၊ နိုင်မယ်ထင်တယ်ဖြစ်စေ၊ မလျှော့တမ်း ဇွဲနဲ့ လုပ်သွားရတယ်။ စစ်တိုက်တဲ့နေရာမှာလည်း အဲဒီအတိုင်း သွားရမယ်။


အင်္ဂလိပ်တွေကိုကြည့်၊ အင်္ဂလိပ်တွေဟာ ကျွန်တော်တို့အပေါ်မှာ အုပ်ချုပ်နေလို့ ကျွန်တော်တို့က မုန်းပေမယ့် အင်္ဂလိပ်တွေမှာ ချီးမွမ်းစရာတွေ အများကြီးရှိတယ်။ ခုပြီးခဲ့တဲ့ စစ်ကြီးမှာ သူတို့ဘယ်လောက် အကျဉ်းအကျပ်ရောက်သလဲ၊ အဲဒီအကျဉ်းအကျပ်ထဲက နေပြီးတော့ကာ တစ်ခါတည်းကို လွတ်မြောက်လာအောင်၊ ဘယ်လောက်တစ်ခါတည်းကို အံကြိတ်ပြီးတော့ ခါးတောင်းကျိုက်ပြီးတော့ ကြိုးစားလာသလဲ၊ ဒီမူတွေကိုကြည့်ပါ။ အခုလည်းပဲ သူတို့တိုင်းပြည်မှာ နေတာတွေကိုကြည့်။ သူတို့တိုင်းပြည်လည်းပဲ အခုလို ကျပ်ကျပ်တည်းတည်းနေရတာ လူတွေမညည်းဘူးလားဆိုတော့ ပုထုဇဉ်ဘဝ ညည်းတော့ ညည်းကြမှာပါပဲ။ ညည်းကြတယ်၊ ညည်းပင် ညည်းငြားသော်လည်းပဲ စည်းနဲ့ကမ်းနဲ့ ညည်း ကြတယ်။ စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ကြတယ်။ အဲဒီလို လုပ်နေကြတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ စည်းကမ်းကို ယခုအခါမှာ မရှိဘဲဖြစ်နေတယ်။ စည်းကမ်းမရှိတော့ကာ ယခု နိုင်ငံရေးလုပ်တဲ့နေရာတွေမှာ ယခုအခါမှာ နယ်ချဲ့သမား သဘောကျမယ့် အလုပ်မျိုးကို လုပ်နေတယ်။ ယခု ကျွန်တော် တိတိလင်းလင်း ပြောထားစမ်းမယ်။ ဗမာပြည်မှာ လူထု ညီညွတ်ရေး၊ တိုင်းရင်းသားညီညွတ်ရေးတွေဟာ မပြိုကွဲဘဲနဲ့ ဘယ်သူမှ ဖောက်ထွင်းလို့ မရလို့ရှိရင် နောက်ပြီးတော့ကာ လက်ဝဲသမားဆိုတဲ့ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်သည်ထက် ညီညွတ်ရင် အဲဒီအင်အားဟာ ကြီးလျှင်ကြီး သလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးဟာ ပိုကောင်းလာမယ်။ အဲဒီအင်အားဟာ ငယ်လျှင်ငယ်သလောက် ခင်ဗျားတို့ လွတ်လပ်ရေးဟာ ရတယ်။