(၁၀၅) ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ ဘုံမဟာကထိန်ပွဲတော်တွင် မီးပုံးပျံပြိုင်ပွဲများဖြင့် စည်ကားစွာ ကျင်းပမည်

ရွှေဘို    ၇      နိုဝင်ဘာ 
(၁၀၅) ကြိမ်မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ  ဘုံမဟာကထိန်ပွဲတော်ကို  နိုဝင်ဘာ ၈ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့  နိုဝင်ဘာ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ ဉတ်မကြီးနှင့်တကွ မြို့လုံးကျွတ် လှူဒါန်းပူဇော်ဖွယ်များကို တခမ်းတနား ခင်းကျင်းပြသထားမည်ဖြစ်ပြီး၊ ညပိုင်းတွင် ဖျော်ဖြေရေး အစီအစဉ်များ၊ ရပ်ကွက်အလိုက် မီးပုံးပျံပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွှေဘိုမြို့လုံးဆိုင်ရာ ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့ဝင် ဦးထိန်လင်းသူထံမှ သိရသည်။
ရွှေဘိုမြို့လုံးဆိုင်ရာ ဘုံမဟာကထိန်ပွဲတော်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဇနီး ဒေါ်တင့်တင့် မိသားစုကထိန်မဏ္ဍပ် (၁) ခု၊ ဌာနဆိုင်ရာများ ကထိန်မဏ္ဍပ် (၂၅ ) ခု၊ ဉတ်မကြီးကထိန်မဏ္ဍပ် (၁) ခု၊ မြို့ပေါ်ရပ်ကွက်နှင့် လူမူရေးအသင်းအဖွဲ့အစည်းများ ကထိန်မဏ္ဍပ် (၃၄) ခု၊စုစုပေါင်းကထိန်မဏ္ဍပ် (၆၁) ခု ကို ရွှေဘိုမြို့ အောင်ဇေယျ လမ်းမကြီးတလျှောက်  နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ပြီး ကြည်ညိုဖွယ်ဖြစ်အောင် ခင်းကျင်းပြသထားမည်ဖြစ်ကာ၊ ယင်းနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ပဒေသာပင်များ လှည့်လည်ပို့ဆောင်ပြီး နေ့လည်ပိုင်းတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ပဒေသာပင်များကို လှည့်လည်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာ ၉ ရက်နှင့် နိုဝင်ဘာ ၁၀ ရက် နှစ်ညတိုင်တိုင် ရွှေဘိုမြို့အမှတ်(၃) ရပ်ကွက်ရှိ ရန်ကြီးအောင် အားကစားကွင်းအတွင်း၌၊ မြို့ပေါ် (၁၀) ရပ်ကွက်များမှ ရပ်ကွက်အလိုက် မီးပုံးပျံပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကာ၊ လမ်းလည်ဘုရားဇာတ်ရုံတွင် မျိုးဆက်သစ် "ရဲခိုင်" ဇာတ်ဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နိဝင်ဘာ ၁၁ ရက်နေ့တွင် ဉတ်ကြီး သင်္ကန်းကုသိုလ်ရှင်များဖြစ်သည့် စည်ပင်သာယာ မြို့မစျေးကြီး၊ အတွင်း/ အပြင် နှင့် ရုံအမှတ် ၁၊ ၂၊ ၃၊၄၊ ၉၊ ၁၀ မှ စျေးသူ စျေးသားများ၏ ဉတ်မကြီး မဲကျရာ ဝေဠုဝန်တိုက်ဟောင်းကျောင်းတိုက်သို့ ဆက်ကပ်လှူဒါန်း၍ မြို့လုံးဆိုင်ရာ ဘုံမဟာကထိန် ရေစက်ချအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဉီးသန်းအောင် က ပြောကြားသည်။

မိုးသောက်(ရွှေဘို)