၀က်ရူးပြန်ရှိနေတဲ့ ကိုယ့်ဘဝလက်တွဲဖော်ကို ဘယ်လိုကူညီပံ့ပိုးပေးမလဲ

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

 

ကိုယ့်ဘဝလက်တွဲဖော်မှာ ဝက်ရူးပြန်ရောဂါရှိပြီလား။ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး လက်တွဲဖော်က သူ့ကိုယ်သူ စိတ်ဓာတ်ကျနေပြီလား၊ စိတ်ပျက်နေပြီလား။ ကူညီပံ့ပိုးပေးချင်ပေမယ့်လည်း ဘာလုပ်လို့၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေလား။ အောက်ပါနည်းလမ်းတွေနဲ့အတူ အခြေအနေတွေကို ပြန်လည်ထိန်းချုပ်နိုင်လာနိုင်ပါ့မယ်။ 

 

ပွင့်ပွင့်လင်းလင်းစကားပြောကြပါ။

မိမိကြင်ဖော်က ဘာတွေဖြတ်သန်းရတော့မယ်၊ ဘယ်လိုတွေခံစားရတော့မယ်ဆိုတာ နားလည်ထားဖို့ အရေးကြီးပါတယ်။ အဲဒါမှ မှန်မှန်ကန်ကန် ကူညီပေးနိုင်မှာပါ။ အတက်ရောဂါ၊ ဝက်ရူးပြန်ရောဂါနဲ့ ပတ်သတ်ပြီး ပုံမှန်စကားပြောနေကျ ပုံစံအတိုင်းသာပြောပေးပါ။ သို့မှသာ သူ့ရဲ့ကြောက်စိတ်တွေနဲ့ စိုးရိမ်မှုတွေပြောပြတဲ့ နေရာမှာ သက်တောင့်သက်တာရှိတယ်လို့ ခံစားရမှာပါ။ သင့်စိတ်ခံစားမှုတွေ မသိုဝှက်ထားဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ချစ်သူ ဝက်ရူးပြန်နေတာကို မြင်မိပြီး ကြောက်စရာကောင်းတယ်လို့ ထင်ရင်လည်း ပြောပြလိုက်ပါ။ သူကိုသင် ရိုးရိုးသားသား ပြုမူဆက်ဆံမယ်ဆိုရင် သူလည်းသင့်ကို ပြန်ရိုးသားပေးပါလိမ့်မယ်။

 

မိမိကြင်ဖော်ကို အရက်မသောက်ဖို့ပြောပေးပါ။

အရက်သောက်မသောက်က သူ့တို့ကိုယ်ပိုင် ရွေးချယ်မှုဖြစ်သော်လည်း အရက်ရဲ့ ဝက်ရူးပြန်ရောဂါပေါ်မှာ ရှိသော သက်ရောက်မှုတွေ ပြောပြပြီး အရက်မသောက်ဖို့ တိုက်တွန်းပေးပါ။ ဝက်ရူးပြန်ရှိတဲ့လူဟာ တစ်နေ့ကို အရက် ၁ ယူနစ်ကနေ ၂ ယူနစ်အထိသာ သောက်သုံးသင့်ပါတယ်။ ဒါပေမယ့်လည်း တတ်နိုင်သမျှ မသောက်တာက ပိုကောင်းပါတယ်။ အရက်က ဝက်ရူးပြန်အတွက် ဆေးများ၏ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေပါတယ်။ ဒါမှမဟုတ် အရက်ရဲ့ ခန္ဓာကိုယ်အပေါ်သက်ရောက်မှုကို ပိုများစေပါတယ်။ ဒါ့အပြင် အချို့လူတွေမှာ အရက်က အတက်ရောဂါကို ပိုဆိုးစေပါတယ်။ အိပ်စက်မှုပုံစံကို ပြောင်းလဲစေခြင်းဖြင့် အတက်ရောဂါကို ပိုဆိုးစေပါတယ်။

 

မိမိကိုယ်ကိုလည်းဂရုစိုက်ပါ။

ကိုယ့်ချစ်သူကို ဂရုစိုက်ကူညီပေးနေခြင်းက စိတ်ကျေနပ်စရာကောင်းသော်လည်း တစ်ခါတစ်လေတော့ ပင်ပန်းတယ်လို့ ခံစားရနိုင်ပါတယ်။  အပြစ်ရှိမှုတွေ၊ စိတ်ပျက်မှုတွေ၊ ဒေါသဖြစ်မှုတွေနဲ့ အကူအညီမဲ့မှုတွေကို ခံစားနေရမယ်ဆိုရင် ဒါဟာပုံမှန်ပါပဲ။ ကိ်ုယ့်ချစ်သူကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးချင်နေသော်လည်း အလုပ်တွေ၊ ဝင်ငွေတွေကို မပြစ်ပယ်လိုက်သင့်ပါဘူး။ သူ့ကို ပိုမိုကူညီပေးနိုင်ရန် အနားယူလို့လိုအပ်ပါတယ်။ ဒါကြောင့် အမြဲကြီး အာရုံစိုက်မနေပါနှင့်။ သင့်လိုအင်ဆန္ဒတွေနဲ့ လိုအပ်မှုတွေအပေါ်မှာလည်း ဂရုစိုက်သင့် ပါသေးတယ်။ မိမိကိုယ်ကို ဂရုစိုက်ဖို့၊ အချိန်ပေးဖို့ အလွန်အရေးကြီးပါတယ်။

 

အရေးကြီးတဲ့ ဆရာဝန်ချိန်းဆိုမှုတွေကို လိုက်သွားပေးပါ။

ကိုယ့်ကြင်ဖော်မှာ အရေးကြီးတဲ့ ချိန်းဆိုမှုတွေရှိနေပြီဆိုရင် လိုက်ပေးနိုင်ဖို့တောင်းဆိုပါ။ သူက ဘေးမှာရှိနေ ပေးဖို့၊ အရေးကြီးအချက်အလက်တွေ လိုက်မှတ်နေပေးဖို့ လူတစ်ယောက်လိုအပ်နိုင်ပါတယ်။ အဲလူက သင်ပဲဖြစ်ပေးလိုက်ပါ။ ဒါ့အပြင် အဲဒါဟာ သူ့ရောဂါအခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာသိဖို့နဲ့ သူတို့လိုအပ်မယ့် ကုသမှုတွေ ရွေးချယ်နိုင်အောင် ကူညီပေးဖို့ အခွင့်အရေးပါပဲ။ သူက ဝက်ရူးပြန်နေချိန်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေကို သိမှာမဟုတ်ပါဘူး။ သင်ကသာ ဆရာဝန်ကို ပြောပြပေးရမှာပါ။

 

အရေးကြီးလိုအပ်မယ့်ဖုန်းနံပါတ်တွေ အမြဲဆောင်ထားပါ။

အရေးကြီးလိုအပ်မယ့် ဖုန်းနံပါတ် အမြဲဆောင်ထားဖို့ လိုအပ်ပါတယ်။ ဆရာဝန်၊ ဆေးရုံနဲ့ ဆွေမျိုးဖုန်းနံပါတ် တွေကို ဖုန်းထဲမှာလည်း ထည့်ထားသင့်သလို၊ အိတ်ကပ်ထဲမှာလည်း ဆောင်ထားသင့်ပါတယ်။ လိုအပ်နိုင်မယ့် လူ ဒါမှမဟုတ် အသိပေးဖို့လိုတဲ့ လူတွေနဲ့ အမြဲတမ်းအချိန်မရွေး ဆက်သွယ်နိုင်နေပါစေ။

 

မိမိဘဝလက်တွဲဖော်မှာ အတက်ရောဂါရှိနေခြင်းက သူ့ကိုယ်တိုင်သာမက မိမိတို့ရဲ့ ဆက်ဆံရေး၊ လက်တွဲရေးတွေမှာလည်း သက်ရောက်မှုတွေရှိပါတယ်။ ဒါ့အပြင် တက်တယ်ဆိုတာဟာ ခန့်မှန်းလို့မရနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတစ်ခုလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း သင့်ဘဝလက်တွဲဖော်ကို ရောဂါနဲ့ပတ်သတ်ပြီး မှန်ကန်တဲ့နည်းလမ်းတွေဖြင့် ကူညီပံ့ပိုးပေးမယ်ဆိုရင်တော့ သူ့ကိုသာမက သင်တို့ဆက်ဆံရေးကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_56.jpg