ယူရိုပါလိဂ်ပွဲကြိုသုံးသပ်ချက်

၁၀  ဩဂုတ်

 

ဒီကနေ့ညနှောင်းပိုင်း ည၁နာရီခွဲမှာတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲ ၂ ပွဲကစားဖို့ရှိနေပါတယ်။ အင်တာနဲ့ လေဗာကူဆင်၊ ယူနိုက်တက်နဲ့ ကိုပင်ဟေဂင်တို့ပွဲတွေပါ။

 

အင်တာမီလန် Vs လေဗာကူဆင်

 

ဒီ၂ သင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး၅ပွဲကိုကြည့်ရင် အင်တာက သရေတစ်ပွဲ အနိုင် ၄ ပွဲရရှိထားပြီး၊ လေဗာကူဆင်ကတော့ အနိုင် ၃ ပွဲ ရှုံး ၂ ပွဲ ရှိထားပါတယ်။ ဒီပွဲကို ကွင်းလယ်ဒိုင်အဖြစ်ကိုင်မှာက စပိန်ဒိုင် ကားလို့စ် ဒယ် ဆယ်ရို ဖြစ်ပါတယ်။ ယူရိုပါမှာ ထိပ်တိုက်တွေ့ဆုံမှုမရှိဖူးတဲ့ အသင်း ၂ သင်းလည်းဖြစ်ပါတယ်။

 

ယူနိုက်တက် Vs ကိုပင်ဟေဂင်

 

ကိုပင်ဟေဂင်ရဲ့ပြီးပြည့်စုံမှုက ဒီပွဲမှာ ယူနိုက်တက် အံ့အားသင့်စေမယ်လို့ နည်းပြဖြစ်သူ Stale Solbakkenက ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီကလပ်ကို ၃ ဂိုးပြတ်နဲ့နိုင်ပြီး ကွာတားတက်ခဲ့တဲ့ ကိုပင်ဟေဂင်အတွက် ဘာမဆိုဖြစ်လာနိုင်ပြီး မကြာခင်လည်း ဒိန်းမတ်ပြည်တွင်းပွဲတွေကို စတော့မှာလည်း ဖြစ်တာကြောင့် အသင်းအတွက် ပြင်ဆင်နေရချိန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ ၂၃ ပွဲမှာ ကိုပင်ဟေဂင်အနေနဲ့ တစ်ပွဲသာ ရှုံးပွဲကြုံတွေ့ခဲ့တာက မှတ်တမ်းကောင်းတစ်ခုလို ဖြစ်နေပါတယ်။

 

ဒီ ၂ သင်းရဲ့ နောက်ဆုံး ၅ ပွဲရဲ့ ရလဒ်တွေကိုကြည့်ရင်တော့ ၃ ပွဲနိုင် ၁ ပွဲ သရေ ၁ ပွဲရှုံးထားတာချင်းတော့ တူနေပါတယ်။ ဒီပွဲကိုတော့ ပြင်သစ်ဒိုင် ကလီးမန့် တာပင်က ကိုင်တွယ်မှာပါ။ ယူရိုပါလိဂ် ဒီအဆင့်မှာတော့ ဒီ၂ သင်းကလည်း ထိပ်တိုက်တွေ့ဆုံဖူးခြင်းမရှိတာပါ။

 

#အောင်အောင်ဦး(MRTV)

Source - AFP