ကူမင်း ဩဂုတ် ၅
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်း၌ ဩဂုတ် ၄ ရက်က ဓာတုဗေဒစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက်ရှူလမ်းကြောင်းထိခိုက်စေနိုင်သည့် မီးခိုးငွေ့များ ပတ်ဝန်းကျင်လေထုအတွင်း ပျံ့နှံ့ခဲ့သဖြင့် ဒေသခံ ၁၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံအာဏာပိုင်များက ဩဂုတ် ၅ ရက်တွင် ပြောကြားသည်။ ဩဂုတ် ၄ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ က ကျင်းနင်းခရိုင်ရှိ ဓာတုဗေဒကုမ္ပဏီတစ်ခုတွင် အဝါရောင်ဖော့စဖရပ်စ်များ တင်ဆောင်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်အစိုးရက သတင်းထုတ်ပြန်သည်။
အဆိုပါမီးကို ဩဂုတ် ၄ ရက် ည ၁၀ နာရီ ၇ မိနစ်က ငြှိမ်းသတ်နိုင်ခဲ့သည်။ အဝါရောင် ဖော့စဖရပ်စ်များ လောင်ကျွမ်းရာမှ ထွက်ရှိလာသည့် မီးခိုးငွေ့များကြောင့် လေထုအရည်အသွေးကျဆင်းခဲ့သည်။ ယင်းမီးခိုးငွေ့များနှင့် ထိတွေ့မိသူများသည် မျက်လုံးနှင့် နှာခေါင်းယားယံခြင်း၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်မှုများ ခံစားရနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ကုမ္ပဏီ၏ထုတ်လုပ်မှုလုပ်ငန်းများနှင့် လည်ပတ်မှုလုပ်ငန်းများကို ရပ်နားထားပြီး အာဏာပိုင်များက ပတ်ဝန်းကျင်စောင့်ကြည့်အကဲဖြတ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆင်ဟွာ


