ယူနက်စကိုက ကမ္ဘာတစ်ဝန်းရှိ ကျောင်းများအပေါ် တိုက်ခိုက်မှုများ ဆက်လက်မြင့်တက်နေခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ပြောကြား

ပါရီ  စက်တင်ဘာ  ၉

ကမ္ဘာတစ်ဝန်းရှိ ကျောင်းများအပေါ် တိုက်ခိုက်မှုများ ဆက်လက်မြင့်တက်နေခြင်းနှင့်ပတ်သက်၍  ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က စိုးရိမ်ပူပန်ကြောင်း ယမန်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးရ ကမ္ဘာလုံးဆိုင်ရာအချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် စာသင်ကျောင်းများအပေါ် တိုက်ခိုက်မှုများ စိုးရိမ်ဖွယ်ရာအဆင့်အထိ မြင့်တက်လာကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း ကုလသမဂ္ဂက အတည်ပြုမှတ်တမ်းတင်ထားသည့် ကျောင်းများအပေါ် တိုက်ခိုက်မှုပေါင်း ၁၆၈၀ ရှိခဲ့ပြီး အဆိုပါပမာဏသည် ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုပေါင်း ၁၂၆၅ ခု နှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က “တိုက်ခိုက်မှုများမှ ပညာရေးကို ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာနေ့” ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

ကမ္ဘာတစ်ဝန်းရှိ အကျပ်အတည်းများကြောင့် ကလေးငယ်နှင့် ဆယ်ကျော်သက်ပေါင်း ခန့်မှန်းခြေ ၂၅၈ သန်းခန့်၏ ပညာရေးထိခိုက်နှောင့်နှေးခဲ့ရပြီး ၎င်းတို့အနက် ၉၃ သန်းမှာ ကျောင်းမတက်နိုင်သည့်အခြေအနေတွင် ရှိနေကြောင်း ယူနက်စကိုက ပြောကြားခဲ့သည်။

ထိုသို့သောအခြေအနေများတွင် အထိခိုက်အလွယ်ဆုံးဖြစ်သူများအတွက် ပညာသင်ယူမှုဆိုင်ရာ အတားအဆီးများမှာ အကြီးမားဆုံးဖြစ်နေပြီး ဒုက္ခသည်ကလေးငယ် ၇၄ ရာခိုင်နှုန်း၊ နေရပ်စွန့်ခွာထွက်ပြေးရသူ ကလေးငယ် ၅၂ ရာခိုင်နှုန်းနှင့် မသန်စွမ်းကလေးငယ် ၄၅ ရာခိုင်နှုန်းတို့မှာ ကျောင်းမတက်နိုင်သည့်အခြေအနေတွင် ရှိနေကြောင်း ယူနက်စကိုက ထောက်ပြပြောကြားခဲ့သည်။

ယူနက်စကို ညွှန်ကြားရေးမှူးချုပ် ခါလက်အယ်အီနန်နီက ကျောင်းများနှင့် တက္ကသိုလ်များကို အမြဲမပြတ်ကာကွယ် စောင့်ရှောက်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပဋိပက္ခဖြစ်ပွားနေသည့်အဖွဲ့ အစည်းအားလုံးအနေဖြင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်နှင့် အကျပ်အတည်းကာလအတွင်း၌ပင် ပညာရေးကို ဘေးကင်းလုံခြုံစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

“တိုက်ခိုက်မှုများမှ ပညာရေးကို ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာနေ့”ကို ၂၀၂၀ ပြည့်နှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တညီတညွတ်တည်းဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ကို နှစ်စဉ်ကျင်းပသည့်နေ့အဖြစ် သတ်မှတ်ထားသည်။   

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်