ယူကေတွင် ပညာသင်လိုသူများအတွက် အထောက်အကူပြုမည့် အခမဲ့ အွန်လိုင်းသင်တန်းကို ဗြိတိသျှကောင်စီ ဖွင့်လှစ်မည်

ရန်ကုန် ၄ နိုဝင်ဘာ

 

ယူကေတွင် ပညာသင်လိုသူများအတွက် အထောက်အကူ ဖြစ်စေမည့် အခမဲ့ အွန်လိုင်း သင်တန်းတစ်ခုကို "Study UK: Prepare to study and live in the UK" အမည်ဖြင့် ဗြိတိသျှ ကောင်စီက နိုဝင်ဘာ ၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်းနှင့် သင်တန်းအပြီးတွင် Certificate of Achievement ကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ အခမဲ့ အွန်လိုင်းသင်တန်းသည် ယူကေတွင် ပညာသင်ကြားလိုသော နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများအား ယူကေနိုင်ငံရှိ တက္ကသိုလ်များ၏ သင်တန်းပုံစံများ၊ အကဲဖြတ် အမှတ်ပေးပုံများ၊ ယူကေ‌ ရောက်သည့်အခါ ပြင်ဆင်ထားသင့်သည်များကို နားလည် သိရှိစေရန် ရည်ရွယ်ပို့ချခြင်းဖြစ်သည်။ ယူကေ အဆင့်မြင့် ပညာရေး၏ ထူးခြားသော လက္ခဏာများ၊ ကွဲပြားသော သင်ကြားရေးပုံစံများ၊ ကျောင်းသားများ ရရှိနိုင်မည့် ဝန်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာ အကြံပေးမှုများ၊ အင်္ဂလိပ် ဘာသာစကားစွမ်းရည်ဆိုင်ရာ လိုအပ်ချက်များနှင့် နေရာထိုင်ခင်းရှာဖွေခြင်း၊ မိတ်ဆွေဖွဲ့ခြင်းတို့အပြင် ယူကေနိုင်ငံသို့ရောက်လျှင် ပြုလုပ်ရမည့် အရာများ စသည်ဖြင့် လက်တွေ့တွင် အသုံးကျသည့် လမ်းညွှန်မှုများကို ယခုသင်တန်းတွင် လေ့လာမှတ်သားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဤအွန်လိုင်းသင်တန်းသည် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ယူကေနိုင်ငံရှိ တက္ကသိုလ်များသို့ သွား‌ရောက် ပညာသင်ယူလိုသည့် မြန်မာကျောင်းသား ကျောင်းသူများနှင့် ယူကေ အဆင့်မြင့် ပညာရေးအကြောင်း စိတ်ပါဝင်စားသော ကျောင်းသား ကျောင်းသူများ၊ လက်ရှိ ယူကေတွင် ပညာသင်ကြားနေပြီး စာပေဆိုင်ရာစွမ်းရည်နှင့် ဗဟုသုတ တိုးတက်လိုသူများအပြင် အခြား နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသူများအတွက်လည်း အကျိုးရှိစေမည့် သင်တန်းဖြစ်ကြောင်း သိရသည်။

 

ယခုသင်တန်းသို့ ၉၀ ရာခိုင်နှုန်းအထက် တက်ရောက် ပြီးမြောက်သူအချို့သည် အခမဲ့ ဒစ်ဂျစ်တယ် အောင်လက်မှတ် (Certificate of Achievement)ကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အခမဲ့ ဒစ်ဂျစ်တယ် အောင်လက်မှတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ သင်တန်းတက်သူများကိုသာ အခမဲ့ပေးခြင်းဖြစ်ပြီး ဒစ်ဂျစ်တယ် အောင်လက်မှတ် အရေအတွက်ကို ကန့်သတ်ထားသောကြောင့် သင်တန်း တက်ရောက်သူများသည် သင်တန်းပြီးမြောက်စေရန် ပေးထားသည့် လေ့ကျင့်ခန်းနှင့် သင်ခန်းစာများကို ပုံမှန်ပြုလုပ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ သင်တန်းကို နိုဝင်ဘာ ၄ ရက်မှစ၍ လေးပတ်ကြာ တက်ရောက်ရမည်ဖြစ်ပြီး တက်ရောက်လိုသူများသည် http://bit.ly/2NuVsAn တွင် စာရင်းသွင်းရန် လိုအပ်ကြောင်း သိရသည်။

 

Study UK အစီအစဉ်အရ ဗြိတိသျှကောင်စီနှင့် GREAT Britain campaign တို့သည် အဝေးသင် ပညာရေး ဝက်ဘ်ဆိုက်ဖြစ်သည့် FutureLearn နှင့် ပူးပေါင်းပြီး ယူကေတွင် သွားရောက် ပညာသင်ကြားလိုသူများနှင့် အွန်လိုင်းမှတစ်ဆင့် ယူကေတက္ကသိုလ်မှ သင်တန်းများကို တက်ရောက်လိုသူများအတွက် အထောက်အကူဖြစ်စေမည့် အခမဲ့ အွန်လိုင်းသင်တန်းများကို ပို့ချလျက်ရှိသည်။ အဆိုပါ အစီအစဉ်အရ ယူကေတက္ကသိုလ်နှင့် အဖွဲ့အစည်းပေါင်း ၃၅ ခုသည် "Study UK: Prepare to study and live in the UK"သင်တန်း အပါအဝင် အွန်လိုင်းသင်တန်း ၃၂၅ ခုကိုလည်း အခမဲ့ ပို့ချလျက်ရှိရာ အဆိုပါ သင်တန်းများကို http://bit.ly/2PBWw8l တွင် လေ့လာကာ မိမိတက်ရောက်လိုသော သင်တန်းကို စာရင်းပေးသွင်းပြီးလည်း တက်ရောက် နိုင်ကြောင်း သိရသည်။

 

ထို့အပြင် ပြည်တွင်းမှ အလုပ်ရှာနေသူများနှင့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသူများအတွက် အခမဲ့ အင်္ဂလိပ်စာ အွန်လိုင်းသင်တန်းတစ်ခုဖြစ်သော English for the Workplce သင်တန်းကိုလည်း ဗြိတိသျှကောင်စီက နိုဝင်ဘာ ၄ ရက်မှာပင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါ သင်တန်းကို တက်ရောက်လိုသူများသည် http://bit.ly/ 2S7Z9xc တွင် အသေးစိတ် ဝင်ရောက် ဖတ်ရှုကာ စာရင်းပေးသွင်း၍ တက်ရောက်နိုင်ကြောင်း ဗြိတိသျှကောင်စီက ထုတ်ပြန်ထားသည်။

 

ဗြိတိသျှကောင်စီသည် ယဉ်ကျေးမှု ဆက်ဆံရေးများနှင့် ပညာရေး အခွင့်အလမ်းများအတွက် ယူကေ၏ နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၀ဝ ကျော်တွင် အနုပညာနှင့် ယဉ်ကျေးမှု၊ အင်္ဂလိပ်ဘာသာ၊ ပညာရေးနှင့် လူမှုရေးရာများ စသည့် နယ်ပယ်များ၌ လုပ်ကိုင် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ရုံးများဖွင့်လှစ်ပြီး လုပ်ငန်းဆောင်တာ အစီအစဉ်ပေါင်းများစွာကို နိုင်ငံအနှံ့ အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

သူရဖြိုး