YRG ဖူဆယ်ကလပ် နည်းပြချုပ်အဖြစ် ဘရာဇီးနည်းပြ ခရစ္စတီယာနို စီဒရာအိုကို ခန့်အပ်

ရန်ကုန်   ဩဂုတ်   ၂၀

YRG Futsal Club သည် လာမည့် ပြိုင်ပွဲရာသီအတွက်  ဘရာဇီးဖူဆယ်လောကတွင်  အတွေ့အကြုံရင့်ကျက်ပြီး  အောင်မြင်မှုများစွာရရှိထားသည့် နည်းပြချုပ် ခရစ္စတီယာနို စီဒရာအိုကို နည်းပြ ချုပ်သစ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်သည်။

စီဒရာအိုသည် ဘရာဇီး၏ Matelândia ၊ Palotina ၊  Santa Helena  စသည့်  ကလပ်များကို ကိုင်တွယ်ကာ Paranâ  ပြည်နယ်ချန်ပီယံဆုများ ရရှိခဲ့ပြီး  အသင်းများကို  အဆင့်မြင့်တန်းသို့ အစဉ်တစိုက်ပို့ဆောင်ပေးနိုင်ခဲ့၍ “King of Promotion” ဟု အမည်ကျော်ကြားသူဖြစ်သည်။

၎င်းသည် Matelândia အသင်းတွင် ၉ ရာသီ၊ Santa Helena တွင် ၄ ရာသီကြာ တာဝန်ယူ၍ အသင်းကို စနစ်တကျတည်ဆောက်ပေးခဲ့သလို Missal Futsal ကိုလည်း Série Prata ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့သည်။

National School of Futsal Coaches တွင် နည်းပြပညာရပ်များ လေ့လာသင်ယူခဲ့ပြီး CBFS– License 3 ရရှိထားသည့် စီဒရာအိုသည်  ဘရာဇီးထိပ်တန်း နည်းပြများဖြစ်သည့်  Marqu-inhos Xavier နှင့်  Fernando Ferretti တို့ထံတွင် အဆင့်မြင့်ဖူဆယ်နည်းစနစ်များကို လေ့လာဆည်းပူးခဲ့သူလည်း ဖြစ်သည်။

တိုက်စစ်ကစားဟန်နှင့် ပြင်ဆင်ထားသည့် ကစားကွက် (Set Plays)များကို  ကျွမ်းကျင်စွာအသုံးပြုနိုင်သည့်အပြင် ထိုင်းဖူဆယ်လောကတွင်  တာဝန်ထမ်းဆောင်ခဲ့ဖူး၍ အာရှဖူဆယ် ကစားဟန်ကိုလည်း  ကောင်းစွာရင်းနှီးထားသည်။

ဘရာဇီးနည်းစနစ်နှင့် အာရှအတွေ့အကြုံများ ပေါင်းစပ်ထားသည့် နည်းပြသစ်၏ ဦးဆောင်မှုဖြင့်  YRG  ဖူဆယ်ကလပ် အောင်မြင်မှုသစ်များ ရရှိလာမည်ဟု ယုံကြည်လျက်ရှိသည်။

နေမျိုး၊ ဓာတ်ပုံ-YRGFC