ယခုနှစ်တွင် အာဆီယံအဆင့်ပြိုင်ပွဲနှစ်ခုသာ ကျင်းပရန် စီစဉ်ထား

 

ဩဂုတ် ၂၂

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်တွင် အာဆီယံအဆင့်ပြိုင်ပွဲနှစ်ခုသာ ကျင်းပရန် စီစဉ်ထားသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခင်က ယခုနှစ်တွင် ပြိုင်ပွဲကိုးခုကျင်းပရန် စီစဉ်ထားသော်လည်း ကပ်ရောဂါကူးစက်မှု မြင့်တက်လာပြီးနောက်ပိုင်း ပြိုင်ပွဲအနည်းငယ်သာ ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ၊ ဒီဇင်ဘာ ၅ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတို့ ကျင်းပသွားမည်ဖြစ်သည်။ ယခင်က အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲတစ်ခုတည်းသာ ကျင်းပရန် စီစဉ်ထားသော်လည်း အာဆီယံဖူဆယ်ကလပ် ပြိုင်ပွဲကိုပါပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲကိုမူ ပြိုင်ပွဲကျင်းပမည့်ပုံစံ ရွေးချယ်ရခြင်းမရှိသေးပေ။ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အာဆီယံဖူဆယ်ကလပ် ပြိုင်ပွဲတွင် မြန်မာကလပ်အသင်း ယှဉ်ပြိုင်ရန် မသေချာသေးကြောင်း သိရသည်။ မြန်မာကလပ်အသင်းများအနေဖြင့် ကပ်ရောဂါကြောင့် ကာလရှည်လေ့ကျင့်မှုပြတ်ထားသလို ပြိုင်ပွဲကျင်းပမည့်အကြောင်းကို တစ်လဝန်းကျင်အလိုမှ ထုတ်ပြန်သဖြင့် ပြင်ဆင်ချိန်မရှိရာ ယှဉ်ပြိုင်ရန် မသေချာသေးခြင်းဖြစ်သည်။

ယခုနှစ်တွင်ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် ဘောလုံး၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲခုနစ်ခုကိုမူ ဖျက်သိမ်းရန် သေချာသလောက်ရှိနေကြောင်း သိရသည်။

သတင်း-ကိုညီလေး