ယီမင်နိုင်ငံရှိ ဟူသီတပ်ဖွဲ့က ရီယာ့ဒ်မြို့တော်ရှိ  ဆော်ဒီအစိုးရပိုင်ရေနံကုမ္ပဏီတစ်ခုကို အောင်မြင်စွာ တိုက်ခိုက်

ဆာနား အောက်တိုဘာ ၄

ယီမင်နိုင်ငံရှိ ဟူသီတပ်ဖွဲ့က ရီယာ့ဒ်မြို့ တော်ရှိ ဆော်ဒီအစိုးရပိုင် ရေနံကုမ္ပဏီတစ်ခုကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

ဆော်ဒီမြို့တော်ရှိ ကုမ္ပဏီပိုင် အဆောက်အအုံတစ်ခုအနီးတွင် မီးခိုးများထွက်ပေါ်နေကြောင်း သတင်းများ ထွက်ပေါ်လာချိန်တွင် ဟူသီတို့က  ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ဒုံးကျည်များနှင့် ဒရုန်းများအသုံးပြု၍ တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ပစ်မှတ်ထားသည့်နေရာများတွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ယီမင်နိုင်ငံရှိ ဆော်ဒီအစိုးရ၏ ထောက်ခံမှုရရှိထားသော ကြားဖြတ်အစိုးရကို ဆန့်ကျင်သည့် တိုက်ခိုက်မှုများကို အီရန်၏ ထောက်ခံမှုရရှိထားသော ဟူသီတို့က အရှိန်မြှင့်တင် လပ်ဆောင်နေချိန်တွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဟူသီတို့သည် Bab el-Mandeb ရေလက်ကြား ဝန်းကျင်ရှိ နယ်မြေများအထိ ၎င်းတို့၏ထိန်းချုပ်နယ်မြေကို တိုးချဲ့ထားသည်။ အဆိုပါ ရေလမ်းကြောင်းသည်  ဟော်မုဇ်ရေလက်ကြားကို အစားထိုးလမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုနိုင်သည့် ပင်လယ်နီဝင်ပေါက်တွင် တည်ရှိသည်။ အဆိုပါလုပ်ဆောင်ချက်ကြောင့်  ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက် မတည်မငြိမ်ဖြစ်လာနိုင်မည်ကို စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

အောက်တိုဘာ ၂ ရက်က ဟူသီတို့ ပစ်ခတ်ခဲ့သော ဒုံးကျည်များကို ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ပိုင်းသို့ မရောက်ရှိမီ ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆော်ဒီအစိုးရပိုင်မီဒီယာများက  ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေဗျနိုင်ငံသည် လာမည့်ရက်သတ္တပတ်များအတွင်း ဟူသီတို့ကို ဆန့်ကျင်သည့် ထိုးစစ်ဆင်တိုက်ခိုက်မှုတစ်ခုပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ရီယာ့ဒ် မြို့တော်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် အဆိုပါစစ်ဆင်ရေးကို ပံ့ပိုးကူညီသွားမည်ဟု သတင်းများအရ သိရသည်။

ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံက Bab el-Mandeb ရေလက်ကြားဝန်းကျင်ဒေသကို အဓိကထားတိုက်ခိုက်ခြင်း သို့မဟုတ် ယီမင်နိုင်ငံအတွင်း နေရာဒေသအများအပြားတွင် တိုက်ခိုက်မှုများ ပါဝင် သည့် ပိုမိုကျယ်ပြန့်သော ထိုးစစ်ဆင်တိုက်ခိုက်ခြင်း စသည့်နည်းလမ်းများကို   စဉ်းစားသုံးသပ်လျက်ရှိကြောင်း သိရသည်။

ဆော်ဒီအစိုးရနှင့် ဟူသီအဖွဲ့အကြား စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်၍   စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိသည်။

အင်န်အိတ်ချ်ကေ