ဝမ်ပေါ့ကျေးရွာ၌ ရှမ်းရိုးရာဓလေ့ ဆင်ဆွဲပွဲတော် စည်ကားစွာကျင်းပသွားမည်

မိုင်းယု ၇  နိုဝင်ဘာ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယုမြို့ပေါ် နှင့် ကျေးလက်ဒေသရှိ ဒေသခံ ရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ ပေါများစေရေး၊ စီးပွားရေးလာဘ်လာဘ တိုးတက် ကောင်းမွန်စေရေးနှင့် သဘာဝဘေးကပ်ဆိုးများ ကျရောက်မှုမရှိစေရေးအတွက် ရည်စူး၍ ဒေသယုံကြည်ချက်အရ ရှမ်းရိုးရာဓလေ့ ဆင်ဆွဲပွဲတော်ကို တစ်နှစ်လျှင် တစ်ရွာစီ၌ ကျင်းပလေ့ရှိရာ ယခုနှစ်ပွဲတော်ကို ဝမ်တာကြန့်ကျေးရွာအုပ်စု ဝမ်ပေါ့ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း၌ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တွင် စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ဆင်ဆွဲပွဲတော်ကို တစ်နှစ်လျှင် တစ်ရွာစီ၌ ကျင်းပသည့်အခါ ပွဲတော်ကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများမှ တိုင်းရင်းသားများသည် အစုအဖွဲ့အလိုက် ဆင်ရုပ်များ ကြိုတင်ပြင်ဆင် ပြုလုပ်ထားရပြီး အလှူပွဲကျင်းပသည့် နေ့တွင် ယင်းအရုပ်များပေါ်၌ မိမိတို့ သဒ္ဓါတရား ထက်သန်သလောက် စုပေါင်းလှူဒါန်းထားသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများဖြင့် အလှတန်ဆာ ဆင်ယင်ထားသည့် ဆင်ရုပ်ကို ကြိုးများဖြင့်ချည်ဆွဲ၍ ရွာအတွင်း လှည့်လည်ပြသကာ ကျရာကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းရသည့် ရိုးရာဓလေ့ ပွဲတော်တစ်ခုဖြစ်သည်။

ထိုအလှူပွဲရက်အတွင်း လာရောက်လည်ပတ်သော ဧည့်သည်တော်များကိုလည်း ဒေသခံတိုင်းရင်းသား အလှူရှင်များက ရိုးရာအစားအသောက်များနှင့် ပျူငှာစွာ တည်ခင်းဧည့်ခံကျွေးမွေးကြကာ ညပိုင်းတွင် တိုင်းရင်းသားတို့၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်လေ့ရှိကြသည်။ ပွဲတော်ရက်အတွင်း လှည့်လည် မည့် ဆင်ရုပ်များကို အလှူရှင်အစုအဖွဲ့များက ပြုလုပ်ကြရာတွင် သူ့ထက်ငါအပြိုင် လှပနိုင်ရေးအတွက် ဆင်ရုပ်များကို အမျိုးမျိုး အလှတန် ဆာဆင်ယင်၍ ပြုလုပ်ကြသည်။

ပွဲတော်ရက်အတွင်း မိသားစုအပို ဝင်ငွေရရှိရေးအတွက် ဈေးရောင်းချမည့် စျေးသည်များကလည်း ကြိုတင် ဈေးခင်းသူများက ခင်းနေကြသလို အလှည့်ကျကျင်းပသည့်ရွာမှ ရွာသူရွာသားများကလည်း ဧည့်သည်များ လာရောက်လည်ပတ်ချိန်တွင် အဆင်ပြေချောမွေ့စွာ ကျွေးမွေးနိုင်ရန် အစားအသောက်များကို ကြိုတင်ပြင်ဆင် သူက ပြင်ဆင်လျက်ရှိသည်။ ဒေသခံများအနေဖြင့် မိမိတို့ကျေးရွာတွင် အလှည့်ကျ ကျင်းပခွင့်ရသည့်အချိန်တွင် ပွဲတော်စည်ကားစေရေးအတွက် စိတ်အားထက်သန်စွာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)