“ဝိဓူရ” ဇာတ်‌တော်ကြီး တင်ဆက်ကပြဖျော်ဖြေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂၇

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့် ရှောက်သောအားဖြင့် “သဘင့် မာန်ဟုန် ရွှေရန်ကုန်” ဇာတ်တော်ကြီးအဖွဲ့က သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ တင်ဆက်သည့် “ဝိဓူရ” ဇာတ်တော်ကြီးကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ ကပြဖျော်ဖြေရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ကြည့်ရှု အားပေးသည်။

 

အဆိုပါ ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝင်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တစ်ချိန်တည်း တစ်ပြိုင်တည်း ကြည့်ရှုနိုင်စေရန်အတွက် နဝဒေးခန်းမတွင်လည်း LED Board ဖြင့် တိုက်ရိုက်ပြသ ထားရှိသည်။

 

တင်ဆက်ကပြဖျော်ဖြေ

 

“ဝိဓူရ” ဇာတ်တော်ကြီးကို မြန်မာ့ရိုးရာအစဉ်အလာ သမားစဉ်နှင့်အညီ ဘုရားကန်တော့ခန်းနှင့် ဇာတ်တော်ကြီး သမားစဉ် အပျိုတော်ထွက်ခန်းတို့ဖြင့် အစပျိုးပြီး ကပြဖျော်ဖြေသည်။ ထို့နောက် ကောရေဗျမင်း၊ သိကြားမင်း၊ နဂါးမင်း၊ ဂဠုန်မင်းတို့၏ အတိတ်ဘဝ (တေးသရုပ်ဖော်)ခန်း၊ ကော‌ရေဗျမင်း နန်းစီးခန်း၊ မင်းလေးပါးစုံညီ တရားပြိုင်ခန်း၊ နဂါးပြည်/ ဝရုဏနဂါးမင်း နဂါး ပြည်တွင် ဝိဓူရအမတ်အကြောင်း ပြောဆို၍ မိဖုရားဝိမလာက ဝိဓူရ အသည်းနှလုံး စားသုံးလိုကြောင်း ပူဆာခန်း၊ ဣရနတီသူရဲကောင်း ရှာခန်း၊ ပုဏ္ဏကမြင်းစီးထွက်ခန်း၊ ပုဏ္ဏကနှင့် ဣရနတီဆုံစည်းခန်း၊ ပုဏ္ဏကဘီလူး ဝေပုလ္လတောင် ကိုခွဲ၍ ပတ္တမြားယူခန်း၊ ကောရေဗျ မင်းနှင့် ကစ္စည်းလုလင်တို့ ကြွေအန် ကစားခန်း၊ ဝိဓူရအိမ်တော်သို့ ပုဏ္ဏက/ကစ္စည်းလုလင် လိုက်လာ ခေါ်ဆောင်ခန်း၊ ဝိဓူရအား ပုဏ္ဏက က တောင်စဉ်(၇)ထပ်တိုက်ခန်း၊ အသူတစ်ရာနက်သည့် ချောက်အတွင်း ပစ်ချမည်အပြု ဝိဓူရ ငိုချင်းချခန်း၊ ဝိဓူရအမတ်ကြီး နဂါးပြည်သို့ရောက်ရှိ၍ တရား ဟောခန်း၊ ဝိဓူရအမတ်ကြီး ပြည်တော်ဝင်ခန်း၊ နှစ်ပါးသွား ဇာတ်သိမ်းခန်းတို့ကို အနုပညာရှင်များက မြိုင်မြိုင်ဆိုင်ဆိုင် ထိထိမိမိဖြင့် ကျရာဇာတ်ရုပ်အလိုက် ဇာတ်ကွက်ပိုင်နိုင်စွာ တင်ဆက် ကပြ ဖျော်ဖြေကြသည်။

 

“ဝိဓူရ” ဇာတ်တော်ကြီးသည် ဗုဒ္ဓဝင်ဆယ်ဘွဲ့အနက်မှ နဝမမြောက် ဇာတ်တော်ကြီးဖြစ်ပြီး ဘုရားလောင်း ဝိဓူရပညာရှိ၏ ထူးကဲလှသည့် ဉာဏ်ပညာ၊ သစ္စာ တရား၊ ကိုယ်ကျင့်သီလနှင့် ခိုင်မာ တည်ကြည်သော စိတ်ဓာတ်၊ အန္တရာယ်နှင့် အခက်အခဲတို့ မည်မျှပင်ကြီးမားစေကာမူ သစ္စာ တရားကို မစွန့်လွှတ်ခြင်း၊ ဉာဏ်ပညာဖြင့် အခြေအနေတို့ကို မှန်ကန်စွာ ဆင်ခြင်ဖြေရှင်းခြင်းဖြင့် ကိုယ်ကျင့်တရားကို မြတ်နိုးစောင့်ထိန်းခြင်းတို့ကို ထင်ရှားစွာ ဖော်ညွှန်းထားသည့် ဇာတ်တော် ကြီးဖြစ်ကြောင်း၊ ဇာတ်တော်ကြီးကို ကိုယ်ကျင့်သီလဖြူစင် ဖြောင့်မတ်မှုအပေါ်တွင် အခြေခံသော ပညာ၏ အကျိုးကျေးဇူးများကို သိရှိသဘောပေါက်ကြစေရန်၊ သာဓုနရတရား လေးပါး အကြောင်း သိရှိနားလည်ကျင့်သုံး လိုက်နာကြစေရန်၊ လောင်းကစားခြင်း၏ ဆိုးပြစ်နှင့် မကောင်းသော အကျိုးဆက်များကို သိရှိရှောင်ရှားနိုင်ကြစေရန်နှင့် ဝိဓူရဇာတ်တော်ကြီးကို ကြည့်ရှုခံစားလျက် သူတော်ကောင်း တရားနှင့် သူတော်ကောင်းဥစ္စာ ခုနစ်ပါးကို ပွားများနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကပြဖျော်ဖြေ တင်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။

 

 ဇာတ်တော်ကြီး ကပြဖျော်ဖြေ တင်ဆက်မှုအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဇာတ်တော်ကြီးတွင် ပါဝင် တင်ဆက်ကပြဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်