ဝေါ ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား U-18 အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကားပြောကြားပြီး ဗိုလ်လုပွဲသို့တက်ရောက်လာသည့် ပညာရေးနယ်မြေ(၁)အသင်းနှင့် ပညာရေးနယ်မြေ(၂) အသင်းတို့ ယှဉ်ပြိုင်ကြရာ ပညာရေးနယ်မြေ(၁)အသင်းက အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့် ပွဲကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်တိုးဝင်းနှင့် မြို့နယ်ဒုတိယပညာရေးမှူး ဦးဝင်းညွန့်ဦးတို့က ဒုတိယဆုရရှိသည့် ပညာရေးနယ်မြေ(၂)အသင်း၊ တတိယဆု ရရှိသည့် ပညာရေးနယ်မြေ (၄)အသင်း၊ စတုတ္ထဆုရရှိသည့် ပညာရေးနယ်မြေ(၃)အသင်းတို့မှ ကစားသမားများအား ငွေသားဆုနှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပထမဆုရရှိသည့် ပညာရေးနယ်မြေ(၁) ဘောလုံးအသင်းအား မြို့နယ်ပညာရေးမှူးက ငွေသားဆု ငွေကျပ် သုံးသိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဆုတံဆိပ်များနှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)


