ဝေါ စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၅၀) စက်မှုလယ်ယာ စခန်းက ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စက်မှုလယ်ယာစခန်း သင်တန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ဝေါမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကားပြောကြား ပြီး ပဲခူးခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးရားကိုင်ထန်းက တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအား ခေတ်မီလယ်ယာသုံး စက်ကိရိယာများ စနစ်တကျ ကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင် အသုံးပြုနိုင်စေရန် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ခြင်းလုပ်ငန်းကို ဒေသအလိုက် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြစေရန်နှင့် ပုဂ္ဂလိကလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က သင်တန်းသားများအား သင်ထောက်ကူ ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ သင်တန်းကို စက်တင်ဘာ ၇ ရက်မှ ၁၈ ရက်အထိ သင်တန်းကာလ ၁၂ ရက်ကြာ လယ်ယာ သုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု ဘာသာရပ် ခြောက်မျိုးဖြစ်သော အင်ဂျင်ဘာသာရပ်၊ လက်တွန်း ထွန်စက်ဘာသာရပ်၊ ထွန်စက်ကြီးဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက် ဘာသာရပ်၊ ကောက်စိုက်စက် ဘာသာရပ်နှင့် ထွန်ယက်ကိရိယာများ ဘာသာရပ် တို့ကို ကျေးရွာအုပ်စု ကိုးအုပ်စုမှ သင်တန်းသား ၃၀ အား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)


