ဦးတည်ချက်လေးရပ်နှင့်အညီ မြိုင်ဆိုင်စွာကျင်းပတော့မည့် မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး ….

ရန်ကင်း ကိုကိုလေး

နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို (၂၇)ကြိမ် မြောက်အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကျင်းပတော့မည်ဖြစ်သည်။

ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးသို့ နိုင်ငံတစ်ဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်း သားညီအစ်ကို မောင်နှမများ သိုက်မြိုက်စည်ကား၊ ပျော်ရွှင်စည်းလုံးစွာ ပါဝင်ယှဉ်ပြိုင်ကြတော့မည်။ အရောင်အသွေးစုံလင်၊ အသွင်ဆန်းပြား တိုင်းရင်းသားရိုးရာဝတ်စုံများဖြင့် နှစ်လိုချစ်ဖွယ် အပြုံးလှိုင်လှိုင်ကြွယ်သည့် မိသားစု ဆွေမျိုးသားချင်းတို့ ဆုံတွေ့ကြရမည့် ယဉ်ကျေးမှုပွဲတော်ကြီးတစ်ရပ်လည်းဖြစ်ပါသည်။

ဤမည်သော မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်ကြီးကို နိုင်ငံတော်အဆင့် ကျင်းပပေးခဲ့ရာတွင် ဦးထိပ်ပန်ဆင်အပ်သော ဦးတည်ချက်လေးရပ်ကို ချမှတ်ပေးထားသည်။ ထိုဦးတည်ချက်လေးရပ်မှာ -

(က) အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးစုပေါင်း တစ်ရာကျော် မှီတင်းနေထိုင်နေသည်နှင့် အညီ တိုင်းရင်းသားလူမျိုးများ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ရိုးရာယဉ်ကျေးမှုကိုမှီတည်ပြီး ရိုးရာဂီတ အနုပညာရပ်များမတူကွဲပြားကြသည်။ ထိုမတူကွဲပြားသောယဉ်ကျေးမှုအမွေအနှစ်များကို အမြဲရှင်သန်နေသည့် ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် စုစည်း၍ ယဉ်ကျေးမှုအနုသုခုမဟူသော ခေါင်းစဉ်အောက်တွင် ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များ မပျောက်ပျက်အောင် ကြိုးပမ်း ဖော်ထုတ်ရမည်ဖြစ်ပြီး ဆက်လက်ပြန့်ပွားအောင်လည်း ယနေ့မျိုးဆက်သစ်လူငယ်များက ထိန်းသိမ်း မြှင့်တင်ပေးရမည်ဖြစ်ပါသည်။

(ခ) အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရေး။ မြန်မာနိုင်ငံသည် အမျိုးသားယဉ်ကျေးမှု အစဉ်အလာကြီးမားသောနိုင်ငံဖြစ်ကြောင်းကို ယနေ့ ကာလအထိ ရှင်သန်နေဆဲဖြစ်သော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အနုသုခုမပညာရပ်များက သက်သေပြလျက်ရှိပါသည်။ ယဉ်ကျေးမှုမြင့်မားခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းမြင့်မားမှုကို ညွှန်းဆိုပြသနေခြင်းဖြစ်သည့်အတွက် ယဉ်ကျေးမှု အမွေအနှစ်များ ဆုံးရှုံးပျောက်ကွယ်သွားပါက လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ အနှစ်သာရပါ ပျောက်ဆုံးသွားမည်ဖြစ်သည်။ အမျိုးသား ယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ အသက်ပင်ဖြစ်ပါသည်။ အမျိုးသားယဉ်ကျေးမှုမြင့်မားခြင်းသည် နိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်းမြင့်မားခြင်းဖြစ်သည်။

ယနေ့ခေတ်လူငယ်များသည် တိုင်းတစ်ပါးမှ မီဒီယာအင်အားဖြင့် ထိုးဖောက်ဝင်ရောက်လာသော အဆို၊ အက၊ အရေး၊ အတီးမျိုးစုံကို အမြင်၊ အတွေ့ များလာခြင်း၊ သီဆိုကခုန် တီးမှုတ်ရလွယ်ကူခြင်း တို့ကိုအကြောင်းပြုကာ အပျော်ဖက်လာကြခြင်းကို ကာကွယ်ရန်အတွက် မိမိတို့၏ရိုးရာယဉ်ကျေးမှု၊ သိမ်မွေ့သော သုခုမပညာရပ်များကို မြတ်နိုးစုံမက်စွာ လေ့လာကာ အမျိုးသားရေးစိတ်ဓာတ် ထက်မြက်ထွန်းကားလာအောင် ကြိုးပမ်းကြရပါ မည်။

(ဂ) မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး။ ယဉ်ကျေးမှု ဆိုသည်မှာ လူသားတစ်ဦး သို့မဟုတ် မျိုးနွယ်စု တစ်စု၊ စတင်မွေးဖွားသည်မှ သေဆုံးသည်အထိ ထိတွေ့ရင်ဆိုင် ကြုံတွေ့ဖြတ်သန်းရသောအရာ များဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ ယနေ့မျိုးဆက်သစ်လူငယ်များ မွေးဖွားကြီးပြင်းရာကာလတွင် နိုင်ငံအသီးသီး၊ လူမျိုးအထွေထွေက အမျိုးမျိုးသော ယဉ်ကျေးမှုဆိုသော အကြောင်းခြင်းရာများကို မီဒီယာနည်းပညာအားအသုံးပြုပြီး လွတ်လပ် ပွင့်လင်းစွာ စီးဆင်းဝင်ရောက်ခွင့်ရနေကြသည်။

ထိုသို့သော အကြောင်းခြင်းရာမျိုးစုံထဲမှ တိုးတက်ဆင့်ပွား အတုယူဖွယ်ရာ များစွာရှိသည်ကိုလည်း တွေ့ရှိရသည်။ ထိုထိုသော အကြောင်းခြင်းရာမျိုးစုံထဲတွင် မြန်မာလူမျိုးများ၏အမြင်နှင့် ဆန့်ကျင်ဖီလာဖြစ်နေသော အရာများကိုလည်း တွေ့ရှိရသည်။

အတုယူစရာများကို မှတ်သားလေ့လာကာ ပယ်ရမည်ကိုလည်း ပယ်ခွာနိုင်ရန်၊ လမ်းမှန်လျှောက်၊ လမ်းမှားကို ဖျောက်ပယ်နိုင်ရအောင် လူငယ်များ လမ်းမှားမလိုက်မိရအောင် မိမိတို့၏ ဓလေ့စရိုက် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ရိုးရာအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်း ရန်၊ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားအောင် ဆောင်ရွက်ရန်၊ လူငယ်များ၏ စိတ်နှလုံးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို တန်ဖိုးထား၊ နှစ်သက်မြတ်နိုး စိတ်တွင်စွဲမြဲကာ လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်ကြစေရန်အတွက် နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ကျင်းပပေးနေခြင်း ဖြစ်ပါသည်။

(ဃ) နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင် ယဉ်ကျေးမှုအနုပညာစွမ်းအားဖြင့် တစ်တပ် တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး။ မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီကာလကပင် ကိုယ်ပိုင် ဘာသာစကား၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများနှင့် ညီညွတ်စည်းလုံးစွာ နေထိုင်ခဲ့သည့်လူမျိုး များဖြစ်ကြသည်။ မြန်မာတိုင်းရင်းသားများသည် ရှေးဟောင်းယဉ်ကျေးမှု အစဉ်အလာများကို နှစ်ပေါင်းထောင်ချီထိန်းသိမ်းလာခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုယဉ်ကျေးမှုအမွေအနှစ် များစွာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များက မြန်မာလူမျိုး တို့၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ ယဉ်ကျေးမှုနှင့် လူနေမှုဘဝများကို ထင်ဟပ်ဖော်ပြနေသော အဖိုးတန် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည်။

ယနေ့ခေတ်၊ ယနေ့ကာလတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု ကူးလူးယှက်နွှယ်ဖလှယ်မှုများ အရှိန်အဟုန်မြင့်လာသည်နှင့်အမျှ မိမိတို့၏ မူရင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြန်လည်ဖော်ထုတ်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ စိတ်ပါဝင်စားလာကာ လက်ဆင့်ကမ်း လွှဲပြောင်းပေးအပ်ရမည်ဖြစ်ပါသည်။

မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များသည် နှစ်လိုဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာ အမွေအနှစ်များစွာ ထဲတွင် အဆို၊ အက၊ အရေး၊ အတီး အနုပညာရပ်များက မြန်မာလူမျိုးများ၏ စိတ်ဓာတ်၊ အတွေး အခေါ်၊ ယဉ်ကျေးသိမ်မွေ့ခြင်းစသော လူနေမှုဘဝများကို ဖော်ပြနေသည့် အဖိုးတန်အမွေအနှစ်များ ဖြစ်ပါသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်က ဦးဆောင်ကျင်းပ ပေးခြင်းသည် အနိုင်အရှုံးဆုပေးခြင်းကို ဦးတည် ကျင်းပပေးခြင်းမဟုတ်ဘဲ ရွက်ပုန်းသီးပညာရှင်များ ပေါ်ထွက်လာနိုင်ရန်၊ မျိုးဆက်သစ်အနုပညာရှင်များကို ဖော်ထုတ်ပေးနိုင်စေရန်၊ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုများကို မြတ်နိုးတန်ဖိုး ထားသည့်စိတ်ဓာတ်များ တိုးပွားလာစေရန်၊ နိုင်ငံတော်၏ အမျိုးသားရေးကိုယ်ခံစွမ်းအားများကို မြှင့်တင်ပေးနိုင်ရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများ ချစ်ကြည်ရင်းနှီးစည်းလုံးစွာ ယဉ်ကျေးမှုဖလှယ်ရန်၊ တစ်ဦးနှင့်တစ်ဦး ရိုးရာဓလေ့ယဉ်ကျေးမှုများကို လေးစားရိုသေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးသည့် အရေးကြီးသော အမျိုးသား အဆင့် ယဉ်ကျေးမှုပွဲတော်ကြီးဖြစ်ပါသည်။

ဤ ဆို၊ က၊ ရေး၊ တီး ပွဲတော်ကြီး၌ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အမျိုးသားယဉ်ကျေးမှုများကို နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ဖော်ထုတ်ပြသနိုင်ရန်အတွက် အမျိုးသားစည်းလုံး ညီညွတ်မှု၊ မြန်မာ့ယဉ်ကျေးမှုဂုဏ်သိက္ခာနှင့် မြန်မာ့သုခုမအနုပညာ အစဉ်အလာများကို ပိုမိုထင်ဟပ်လာ နိုင်စေရန် တိုင်းဒေသကြီး၊ ပြည်နယ် ဒေသအသီးသီးမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများက စွမ်းစွမ်းတမံ စိတ်ရင်းစေတနာအပြည့်ဖြင့် ပါဝင်ဆင်နွှဲ ပြိုင်ပွဲဝင်ကြတော့မည်ကို ဝမ်းမြောက်ကြည်သာ လှိုက်လှဲကြိုဆိုအပ်ပါသည်။ ။