ဥပဒေပညာဘာသာရပ်ကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းများတွင် သင်ကြားပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ၉ ခု မေးမြန်းဖြေကြား

နေပြည်တော် နိုဝင်ဘာ ၂

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် မြို့အဆင့် တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး၊ ဝန်ထမ်းအိမ်ရာအဆောက်အအုံများ တည်ဆောက်ပေးနိုင်ရေး၊ ယာယီနေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်နေထိုင်ရေး၊ လမ်းအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနိုင်ရေး၊ မျိုးဆက်သစ်လူငယ်များအား ယဉ်ကျေးမှုဘဝ နေနည်းဆိုင်ရာ အသိပညာစာပေများ သင်ကြားပေးနိုင်ရေး၊ ပုဂ္ဂလိကပိုင်ကျောင်းများ ဥပဒေနှင့်အညီဖြစ်စေရန် ဆောင်ရွက်ပေးနိုင်ရေး၊ ဥပဒေပညာဘာသာရပ်ကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းများတွင် သင်ကြားပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်းကိုးခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ဦးစွာ စဉ့်ကိုင်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုအား ပလိပ်မြို့ အဖြစ် မြို့အဆင့် တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုအား မြို့အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခွင့်ရရှိနိုင်ရေးတွက် မြို့အင်္ဂါရပ်နှင့် ပြည့်စုံ ရမည့်အချက် ၂၁ ချက်အနက် ၁၆ ချက်သာပြည့်စုံပြီး ကလေးများအပန်းဖြေရန် ဥယျာဉ်/ ကစားကွင်း၊ တိုးတက်လာမည့်လူဦးရေအတွက် မြို့ဧရိယာတိုးချဲ့ မည့်အစီအမံ၊ အမှိုက်စွန့်ရန်မြေနေရာ၊ မိလ္လာစွန့်ရန် မြောင်းတူးမည့်မြေနေရာ၊ သုသာန်မြေနေရာ စသည့် အချက်ငါးချက်မှာ ကိုက်ညီမှုမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ပလိပ်မြို့အဖြစ် တိုးချဲ့ပြင်ဆင်ဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

လွိုင်ကော်မဲဆန္ဒနယ်မှ ဦးမောင်ရွှေ၏ လောပိတ မြို့၌ ရဲစခန်းရုံးနှင့် ဝန်ထမ်းများနေထိုင်ရန် အိမ်ရာ အဆောက်အအုံများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ၂၀၂၁ ခုနှစ် မတ်လတွင် KNDF/PDF အကြမ်းဖက်သောင်းကျန်းသူများက လောပိတ နယ်မြေရဲစခန်းကို သာလွန်အင်အားများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် ရုံး/နေအိမ် အဆောက်အအုံများအားလုံး ပျက်စီးခဲ့ပါကြောင်း၊ ရုံး/နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့ သောကြောင့် လူနေထိုင်၍ မရရှိတော့သဖြင့် တပ်ဖွဲ့ဝင်နှင့် မိသားစုများသည် ၂၃-၅-၂၀၂၁ ရက်နေ့မှစတင်၍ ခြေလျင်တပ်ရင်း(လောပိတမြို့)နှင့် လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့တွင် တွဲဖက်နေထိုင်၍ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

လောပိတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လက်ရှိနယ်မြေ အခြေအနေအရ ခြေလျင်တပ်ရင်း တွင်အခြေပြုပြီး တပ်မတော်နှင့်အတူပူးပေါင်း၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲ ဖြစ်သဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိပါက အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့ဖျက်ဆီး ခြင်းခံရသော လောပိတနယ်မြေရဲစခန်းကို ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း၊ နယ်မြေရဲစခန်းရုံး အဆောက်အအုံ တစ်လုံးနှင့် ၄ ခန်းတွဲ ၂ ထပ် သံကူကွန်ကရစ် အဆောက်အအုံ တစ်လုံးတို့အား နီးစပ်ရာဘဏ္ဍာရေး နှစ်အလိုက် ရန်ပုံငွေလျာထားတောင်းခံ၍ ဆောက်လုပ် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဟံသာဝင်း၏ ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့ ယာယီ နေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်နေထိုင်ရေးနှင့် ကျောက်ကြီး- နတ်သံကွင်း- ပဲနွယ်ကုန်းလမ်းအား အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ကျောက်ကြီး-နတ်သံကွင်း ကားလမ်းတစ်လျှောက်တွင် KNU/ PDF အကြမ်းဖက် အဖွဲ့များက တပ်မတော်/လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းပစ်ခတ်ခြင်း၊ အများပြည်သူများ သွားလာအသုံးပြုသည့် မော်တော်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် လတ်တလောတွင် ကျောက်ကြီး-နတ်သံကွင်း ကားလမ်းအား အသုံးပြု၍ မရနိုင်သေးပါကြောင်း၊ ကျောက်ကြီးမြို့နယ်တွင် ပြောင်းရွှေ့/ ရောက်ရှိ/ ထွက်ခွာမည့်ဝန်ထမ်းများ၊ တက္ကသိုလ်များသို့ ပညာသင်ကြားရန်သွားရောက်မည့် ကျောင်းသား ကျောင်းသူများ၊ ကျန်းမာရေးအရ ဆေးဝါးကုသမှု ခံယူမည့်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက သက်ဆိုင်ရာ နယ်မြေခံတပ်နယ်သို့ ခရီးသွားရောက်မည့် အခြေအနေကို သတင်းပို့တင်ပြကာ တပ်မတော် ယာဉ်တန်းဖြင့် ပို့ဆောင်ပေးလျက်ရှိပါကြောင်း။

 

ကျောက်ကြီးမြို့နယ် ကျောက်ကြီး-နတ်သံကွင်း ကားလမ်းမကြီး၏ ဝဲ/ယာတွင်ရှိသော အကြမ်းဖက် သောင်းကျန်းသူများ ခိုအောင်းလှုပ်ရှားနေသည့် ကျေးရွာများသို့ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိပြီး ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် အကြမ်းဖက်သောင်းကျန်းသူများ မြှုပ်နှံထားသည့်မိုင်းများကို တပ်မတော်မှ ရှင်းလင်း ဆောင်ရွက်လျက်ရှိပါသောကြောင့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းသည့် အချိန်မှသာ သွားလာနေထိုင်နိုင်မည်ဖြစ်ပါကြောင်း။

 

ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စိစစ်၍ ပြန်လည်နေရာချထားခြင်းနှင့်စပ်လျဉ်း၍ ယာယီ နေရပ်စွန့်ခွာ ပြည်သူများနှင့်အတူ အကြမ်းဖက်သမားများ ရောနှောဝင်ရောက်လာမှု မရှိစေရေး အတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျ စိစစ်ပြီး အိမ်ထောင်စုအလိုက် ပြန်လည်နေရာချထားနိုင်ရန် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုက်ပွဲဖြစ်ပွားခဲ့သော ကျေးရွာများ၏ တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာမှ ပံ့ပိုး ကူညီခြင်းများ ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးပစ္စည်းများ အချိန်မီရရှိနိုင်ရေး သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများ နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ယခုအချိန်တွင် နတ်သံကွင်းမြို့ အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက ရံဖန်ရံခါ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ Drop Bomb များ FPV drone များဖြင့် တိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လျက် ရှိသဖြင့် လတ်တလောတွင် လုံခြုံရေးအခြေအနေ အရ ဒေသခံပြည်သူများ ပြန်လည်နေထိုင်ရန် မသင့်လျော်သေးပါကြောင်း၊ လုံခြုံရေးအခြေအနေများ ကောင်းမွန်သည့် အချိန်မှသာ ယာယီနေရပ်စွန့်ခွာ ပြည်သူများကို ပြန်လည်နေရာချထားခြင်း၊ တိုက်ပွဲဖြစ်ပွားခဲ့သော ကျေးရွာများ၏ ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ပေါင်းတည်မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်း၏ မျိုးဆက်သစ်များ၏ ကျောင်းပညာရေးတွင် ယဉ်ကျေးမှုဘဝ နေနည်းဆိုင်ရာ အသိပညာစာပေများ သင်ကြားပေးနိုင်ရေး မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပညာရေး ဝန်ကြီးဌာနအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ထူးချွန် ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာ စေရန်ရည်မှန်း၍ ယဉ်ကျေးမှုဆိုင်ရာ ပြည်သူ့နီတိ၊ ဒီမိုကရေစီသဘောသဘာဝ၊ ဥပဒေဆိုင်ရာ သင်ခန်းစာများ၊ ယဉ်ကျေးမှုဘဝနေနည်းဆိုင်ရာ အသိပညာ စာပေများစသည်တို့ကို ကျောင်းသား ကျောင်းသူများအား သင်ကြားပေးရုံသာမက မျိုးဆက်သစ်များအား လေ့ကျင့်ပြုစု ပျိုးထောင်ပေးလျက်ရှိသည့် ဆရာဆရာမများနှင့် ပညာရေးဒီဂရီကောလိပ်များတွင် တက်ရောက်လျက်ရှိသည့် ဆရာ ဆရာမ လောင်းလျာများကိုလည်း ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) သင်တန်းများ ပို့ချ သင်ကြားပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြား သည်။

 

ဟားခါးမဲဆန္ဒနယ်မှ ဦးဗန်နီ ၏ ဥပဒေမဲ့ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင်ကျောင်းများအား အရေးယူ ရန်နှင့် တရားဝင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကပိုင် ကျောင်းများအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက် ခြင်းရှိ/မရှိ စောင့်ကြည့်ကြပ်မတ်ရန် အစီအစဉ် ရှိ /မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ခွင့်ပြုခဲ့သည့် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိက ကျောင်းများတွင် သင်ကြားရေး တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂလိကကျောင်းဆရာများ၊ စီမံဝန်ထမ်းများ (အချိန်ပိုင်း၊ အမြဲတမ်း)တို့အား DCS ပြုလုပ်ထားသည့် ဆရာ ဆရာမများ သင်ကြားမှုမရှိစေရေး သေချာစွာ စိစစ်ကြပ်မတ်ရန်၊ စာသင်ကြားခြင်းတွေ့ရှိပါက ကျောင်းများအား ပိတ်သိမ်းအရေးယူရန်နှင့် ပုဂ္ဂလိက ဆရာ ဆရာမများ၏ ကိုယ်ရေးအချက်အလက်များအား သေချာစွာစိစစ်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် ညွှန်ကြားဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ကိုယ်ရေးမှတ်တမ်းများ တင်ပြရာတွင်လည်း ယခင်ပညာရေး ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်း ရှိ/ မရှိ၊ DCS ပြုလုပ် ခဲ့ခြင်းမရှိကြောင်း ဝန်ခံကတိပြုချက်၊ ဘွဲ့လက်မှတ် မိတ္တူများအား ကာယကံရှင်နှင့် သက်ဆိုင်ရာကျောင်း တည်ထောင်သူတို့က မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပြီး ကျောင်းအလိုက် စုစည်းကာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့သို့ ပေးပို့စေလျက်ရှိပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေမဲ့ လုပ်ထုံး လုပ်နည်းနှင့်မညီဘဲ အတန်းကျော်လွန်တက်ရောက် ခွင့်ပြုခြင်း ဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက ပုဂ္ဂလိကပညာရေးဥပဒေ ပုဒ်မ ၅၁ အရ စီမံခန့်ခွဲရေး နည်းလမ်းအတိုင်း ပြစ်ဒဏ်ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ ဥပဒေပညာ ဘာသာရပ်ကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းများတွင် သင်ကြားနိုင်ရေး မည်သည့် နှစ်မှစတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အဆင့်မြင့်ပညာ ဦးစီးဌာနအနေဖြင့် တက္ကသိုလ်များ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥပဒေအပါအဝင် သိသင့်သိထိုက်သည့် ဥပဒေတို့နှင့်စပ်လျဉ်း၍ ဥပဒေပညာအသိပညာပေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အခြေခံပညာ အလယ်တန်းဆင့် Grade-8၊ Grade-9 တွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များ သင်ကြား ပို့ချပေးလျက်ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11၊ Grade-12 တန်းများတွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များ သင်ကြားပို့ချ ပေးလျက်ရှိသည့်အပြင် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ပြုစုထားသည့် ဥပဒေအသိပညာ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်၍ သင်ကြားပို့ချပေးလျက် ရှိပါကြောင်းနှင့် ဆက်လက်၍လည်း နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ ကျောင်းကုန်းမြို့နယ် ဂုံမင်းကျေးရွာ လျှပ်စစ်မီးလင်း ရေးနှင့် 66KV ခွဲရုံ တည်ဆောက်ပေးရန် မည်သည့် ဘဏ္ဍာနှစ်မှစ၍ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ကျောင်းကုန်း မြို့နယ် ဂုံမင်းကျေးရွာ ဓာတ်အားရရှိရေးအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် ၆၆ ကေဗွီ ကျောင်းကုန်း (လှည်းဆိပ်) ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက အဆိုပါ ဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားရယူ၍ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ ဒသမ ၂ မိုင်နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တည်ဆောက်၍ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊ ၆၆ ကေဗွီ ကျောင်းကုန်း(လှည်းဆိပ်) ဓာတ်အားခွဲရုံ တည်ဆောက်နိုင်ရေးအတွက် ခွဲရုံမြေနေရာအား အခြားနည်းသုံးစွဲခွင့်ရရှိရေး ဆောင်ရွက်ဆဲဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက နီးစပ်ရာ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်း လျာထားသွားမည် ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ၆၆ ကေဗွီ ကျောင်းကုန်း (လှည်းဆိပ်)ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ဂုံမင်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ ဒသမ ၂ မိုင်နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ၁ လုံး တည်ဆောက်ခြင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

သာကေတမဲဆန္ဒနယ်မှ ဒေါ်အေးမြမြကြိုင်၏ သာကေတမြို့နယ်အတွင်း 11KV Feeder Lines များ၊ 400 V Lines များနှင့် Transformer များကို အပိုင်းလိုက် အသစ်လဲခြင်း သို့မဟုတ် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို လက်ရှိဘဏ္ဍာနှစ်နှင့် လာမည့် ဘဏ္ဍာနှစ်အတွင်း မည်သို့စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က သာကေတမြို့နယ်အတွင်းရှိ စက်မှုဇုန်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ LNG ဓာတ်အားဖြင့်လည်း ဓာတ်အားဖြန့်ဖြူးပေးထား ပါသဖြင့် ယခင်နှစ်များထက် ဓာတ်အားပိုမိုဖြန့်ဖြူး ပေးနိုင်ခဲ့ပါကြောင်း၊ ယူနစ်ပျောက်ဆုံးမှုလျော့နည်း ကျဆင်းစေရေး၊ မီးသုံးစွဲသူများအနေဖြင့် သုံးစွဲသည့် ယူနစ်အား မိမိကိုယ်တိုင် ဖတ်ရှုမှတ်သားနိုင်ရေး အတွက် AMI စနစ်သို့ပြောင်းလဲခြင်း လုပ်ငန်းများအား ယခုနှစ် စက်တင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်ထိ မီတာအလုံး ၆၇၈၀ အား AMI စနစ်သို့ ပြောင်းလဲပေးထားပြီး ကျန်မီတာ ၃၃၉၂၆ လုံးအား ယခုနှစ်အကုန်တွင် အပြီးသတ်ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်းနှင့် 11KV Feeder Line များ၊ 400V Line များနှင့် ထရန်စဖော်မာများအား အပိုင်းလိုက် အသစ်လဲခြင်း (သို့မဟုတ်) အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို လက်ရှိဘဏ္ဍာရေးနှစ်နှင့် ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်ခွင့်ပြုချက်ပေါ် မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မိုးနဲမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းလင်း၏ မိုးနဲမြို့နယ် နောင်ဟီးကျေးရွာအုပ်စုရှိ လွယ်ဆိုင်၊ နမ့်အွန် နှင့် ပါဟာကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ နောင်ဟီးကျေးရွာအုပ်စုအတွင်းရှိ လွယ်ဆိုင်၊ နမ့်အွန် နှင့် ပါဟာကျေးရွာသုံးရွာ ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၂ ဒသမ ၃၅ မိုင်၊ ၁ဝဝ ကေဗွီအေ ထရန်စဖော်မာ ၃ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ ဒသမ ၄၇ မိုင် အား ရှမ်းပြည်နယ်အစိုးရငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ဘဏ္ဍာနှစ် အလိုက် ဦးစားပေးထည့် သွင်းလျာထားသွားမည် ဖြစ်ပြီး ဘဏ္ဍာငွေ ခွင့်ပြုရရှိမှုအပေါ် မူတည်၍ ရွာစဉ် အလိုက် ဆက်လက် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို နိုဝင်ဘာ ၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

 သတင်းအဖွဲ့