နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KIA ၊ KNU ၊ AA ၊ ABSDF ၊ SAF နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် အမျိုးသား ၂၈၀၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၃၀၃ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ
နေပြည်တော် ဩဂုတ် ၁
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများ ကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည် လွှဲပြောင်း အပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KIA၊ KNU ၊ AA ၊ ABSDF ၊ SAF နှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များ နှင့် အကြမ်းဖက်အဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်အမျိုးသား ၂၈၀ နှင့် အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၃၀၃ ဦးတို့သည် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ရန်အောင်မြင် ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေဆိုင်ရာ ပုဒ်မများအား အသိပညာပေး စကားများ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA -1 အမျိုးအစား သေနတ်နှစ်လက်၊ MA -2 အမျိုးအစား သေနတ် တစ်လက်၊ MA -3 အမျိုးအစား သေနတ်တစ်လက်၊ MA -4 အမျိုး အစား သေနတ်တစ်လက်၊ M-22 အမျိုးအစား သေနတ် တစ်လက်၊ Type 81 အမျိုးအစား သေနတ် နှစ်လက်၊ ပွိုင့် ၂၂ စနိုက်ပါ အမျိုးအစား သေနတ် တစ်လက်၊ လက်လုပ်သေနတ် တစ်လက်၊ စုစုပေါင်းလက်နက်မျိုးစုံ ၁၀ လက်၊ ကျည်အိမ်မျိုးစုံ ၁၇ ခု၊ ကျည် မျိုးစုံ ၆၇၈ တောင့်၊ လက်ပစ်ဗုံး မျိုးစုံ ၁၂ လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူ သည်။(အပေါ်ပုံ)
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ် ကိုးလက်အတွက် ဆုကြေးငွေကျပ် သိန်း ၄၅၀၊ လက်လုပ်သေနတ် တစ်လက်အတွက် ဆုကြေးငွေ ကျပ် ငါးသိန်း၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ လုံးအတွက် ဆုကြေးငွေကျပ် ၃၆ သိန်းနှင့် လက်နက်မပါဘဲ ဥပဒေဘောင်အတွင်း ရောက်လာသူများအတွက် ငွေကျပ် ၂၉၁ သိန်း စုစုပေါင်း ဆုကြေးငွေကျပ် ၇၈၂ သိန်းနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြ သူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြ သူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံပေးကြသည်။
ယနေ့ အခမ်းအနားတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ်မှ အမျိုးသားလေးဦး၊ မဟာအောင်မြေမြို့နယ်မှ အမျိုးသား နှစ်ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ရှစ်ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား နှစ်ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား နှစ်ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး နှစ်ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား နှစ်ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား ကိုးဦး၊ အမျိုးသမီး တစ်ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား ငါးဦး၊ အမျိုးသမီး သုံးဦး၊ ပျော်ဘွယ် မြို့နယ်မှ အမျိုးသား နှစ်ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား ၈၇ ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး နှစ်ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး လေးဦး၊ မိုးမိတ် မြို့နယ်မှ အမျိုးသား လေးဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား တစ်ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး၊ တောင်သာမြို့နယ်မှ အမျိုးသား နှစ်ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား၁၂ ဦး၊ ချောက်မြို့နယ်မှ အမျိုးသား ငါးဦး၊ စေတုတ္တရာ မြို့နယ်မှ အမျိုးသား ခြောက်ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား သုံးဦး၊ မင်းလှမြို့နယ်မှ အမျိုးသား နှစ်ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား တစ်ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုး သား ၂၁ ဦး၊ အမျိုးသမီး နှစ်ဦး၊ ပေါင်း အမျိုးသား ၂၈၀ နှင့် အမျိုး သမီး ၂၃ ဦး စုစုပေါင်း ၃၀၃ ဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အများစုသည် မိသားစုဝင် ဆွေမျိုးများအား ခြိမ်းခြောက် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင် အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြု လိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး၍ မိဘအုပ်ထိန်း သူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိ နေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုနဲ့ အိမ်က အဆင်မပြေမှုတွေကြောင့် ရောက်သွားတာ။ အဲဒီ အဖွဲ့အစည်းမှာ ကျွန်တော် သင်တန်းနှစ်ပတ် တက်ခဲ့ရပါတယ်။ အဖွဲ့အစည်းမှာ မနေချင်တော့တဲ့ အကြောင်းရင်းတစ်ခုက ကျွန်တော်တို့ကို ရှေ့တန်းမှာ အသေခံပုံစံမျိုးကြီးထားထားတာ။ ဘယ်လိုပဲဖြစ်နေနေ ကျွန်တော်တို့သေ သူတို့မသေရင် ပြီးတာပဲ။ ဘယ်သူသေသေ ငတေ မာပြီးရောဆိုတဲ့ သဘောနဲ့ ကျွန်တော်တို့ကို ထားထားတယ်။ သေနတ်ကိုလည်း မကောင်းတဲ့ GUN နဲ့ ကောင်းတဲ့ GUN ဆို မကောင်းတဲ့ GUN က သုံးလလောက်နဲ့ ကောင်းတဲ့ GUN က တစ်လလောက်ပဲ ပေးထားတယ်။ ရွာထဲကိုသွားပြီးတော့ သောက်လိုက်၊ စားလိုက်၊ ပျော်လိုက်၊ ပါးလိုက်နဲ့။ ကျွန်တော်တို့ဆီမှာကျတော့ ဘာပျော်ရွှင်မှု၊ ဘာလွတ်လပ် ခွင့်မှမရှိဘူး။ နောက်ပြီးတော့ ခေါင်းဆောင်ပိုင်းတွေ ရှိတယ်။ အလှူခံ အလှူခံဆို သူတို့အိတ်ထဲကို ထည့်တယ်။ သူတို့မိန်းမတွေ ဆီ လွှဲပေးတယ်။ သူတို့သားသမီးတွေ ကောင်းစားဖို့အတွက် လုပ်နေတာ။ တန်းစီကွင်းထဲရောက် တိုင်းလည်း အမြဲတမ်းပြောတယ်။ တပ်မတော်ဘက်ကိုသွားရင် နင်တို့ကို ညှဉ်းပန်းနှိပ်စက်မယ်၊ သတ်မယ်၊ အရှင်လတ်လတ် မီးရှို့တာတွေရှိတယ်။ ကျွန်တော် အခုရောက်တော့ အဲဒီလိုမဟုတ်ဘူး။ တပ်မတော်ဘက်က ကျွန်တော်တို့ကို နွေးနွေးထွေးထွေးကြိုဆိုတယ်၊ နေစရာ ထိုင်စရာပေးတယ်၊ စားစရာပေးတယ်၊ ထောက်ပံ့တယ်၊ မိဘထံ ပြန်အပ်နှံပေးတယ်။ တောထဲမှာ ကျန်ခဲ့တဲ့ညီအစ်ကို မောင်နှမတွေလည်း တပ်မတော်နဲ့ အမြန်ဆုံးပူးပေါင်းပြီး အလင်းဝင်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။
၂။ ကျွန်မ ဒီထဲကိုစရောက်တာတော့ ကျွန်မသူငယ်ချင်း တစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ စရောက်တာပါ။ သူငယ်ချင်းက ဒီထဲကိုလာခဲ့ဖို့ခေါ်တော့ ကျွန်မလည်း အဆင်ပြေပြေနဲ့ဆိုတော့ ရောက်သွားတယ်။ ရောက်သွားတော့ ကျွန်မ အဲဒီမှာ တစ်လသင်တန်းတက်ခဲ့ရတယ်။ သင်တန်း တက်ပြီး ကျွန်မတို့ကို စားဖိုမှာ တာဝန်ထမ်းဆောင်ခိုင်းတယ်။ ကျွန်မတို့ စားဖိုမှာ တစ်ပတ်တစ်ခါ အသီးအရွက်နဲ့ ဆန်ရိက္ခာတွေ လာပို့တယ်။ လာပို့တဲ့အချိန်မှာ ကျွန်မတို့ ထမင်းတစ်နေ့ကို နှစ်နပ်စာပဲ စားရတယ်။ တစ်ခါတလေကျရင် ခရမ်းချဉ်သီး တစ်ခွက်နဲ့လည်း စားခဲ့ရတယ်။ ဒုက္ခတွေလည်း အများကြီးကြုံခဲ့ရတယ်။ စားဖိုဝင်ပြီး နောက်ပိုင်းကျတော့ ကျွန်မတို့ကို ရွာတွေမှာ ထောက်ပို့ထီ ရောင်းခိုင်းတယ်။ အစပိုင်းကတော့ ပြည်သူတွေက ကျွန်မတို့ကို ကြည်ဖြူတယ်။ နောက်ပိုင်းကျတော့ ကျွန်မတို့ကို မကြည်ဖြူတော့ဘူး။ ထီရောင်းမယ်ဆိုရင် ထောက်ပို့ထီလေး အားပေးပါဦးလို့ ကျွန်မတို့က ပြောလိုက်ရင်တောင် ‘သွားသွား မလာနဲ့၊ နင်တို့ကို လက်မခံတော့ဘူး၊ နင်တို့ထီတွေလည်း အားမပေးချင်တော့ဘူး’ ဆိုပြီး ပြောခဲ့တယ်။ ကျွန်မတို့ ထောက်ပို့ထီတွေ ရောင်းလို့ရတဲ့ ငွေတွေကျတော့ ကျွန်မတို့ ရောင်းပေးရနဲ့ သူတို့အကြီးပိုင်းတွေကို အကုန်လုံးပြန်အပ်ရတယ်။ အဲဒီငွေတွေကလည်း ဘယ်နေရာမှာ ဘယ်လိုသုံးတယ် ဆိုတာလည်း ကျွန်မတို့ကို မပြောပြဘူး။ ဒါပေမဲ့ သူတို့ကတော့ အမြဲတမ်း KTV သွားတယ်၊ ဘီယာဆိုင် ထိုင်တယ်။ သူတို့ ကိုယ်ကျိုးအတွက်ပဲ အမြဲတမ်းရှိတာ။ အောက်က ရဲဘော်တွေ ဖြစ်ချင်သလိုဖြစ်၊ နေချင်သလိုနေ သူတို့ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ ပိုဆိုးလာခဲ့တယ်။ အဲဒီ အချိန်မှာ ကျွန်မက ဒီထဲမှာ မနေ ချင်တော့တဲ့အတွက် ထွက်ပြေးလာခဲ့တာ။ ပြီးတော့ ကျွန်မတို့ အဲဒီထဲမှာနေခဲ့ရတဲ့ နှစ်နှစ်တာ အတွင်းမှာ ကျွန်မတို့အတွက် အသက်အာမခံဆိုတာ မရှိခဲ့ဘူး။ လုံခြုံရေးဆိုတာလည်း မရှိခဲ့ဘူး။ ဘယ်အချိန် ကိုယ့်ကို ဘယ်လိုလုပ်မလဲဆိုတာပဲ တွေးပြီးတော့ ကြောက်နေရတာ။ အဲဒီအချိန်မှာ သူငယ်ချင်းတွေကလည်း အလင်းဝင်သွားတဲ့သူတွေ ရှိတဲ့အတွက် အလင်းလာပြီးတော့ ဝင်ရောက် တာပါ။ တောထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း ပြောချင်ပါတယ်။ သူတို့ ပြောသလိုမျိုး ဒီထဲကို အလင်းလာဝင်ရင်လည်း သတ်ဖြတ်ပြီးတော့ နှိပ်စက်နေတာ မဟုတ်ပါဘူး။ ထင်သလိုမျိုး တစ်ခုမှမဟုတ်ပါဘူး။ အကုန်လုံးက မောင်နှမတွေလို နွေးနွေးထွေးထွေးနဲ့ ကြည်ကြည်ဖြူဖြူနဲ့ အစားအသောက် အနေအထိုင်ကစ အကုန်လုံးပြည့်စုံအောင်ထားတာ။ အဲဒါကြောင့်မို့ တောထဲ မှာနေတဲ့ PDF တွေအကုန်လုံးကို ဒီမှာ အလင်းလာရောက် ဝင်စေချင်ပါတယ်လို့ ပြောချင်ပါတယ်။
သတင်းစဉ်


