နေပြည်တော် အောက်တိုဘာ ၂၈
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင် လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် AA အဖွဲ့ဝင် ၁၅ ဦး၊ PLF အဖွဲ့ဝင် တစ်ဦးနှင့် PDF အဖွဲ့ဝင် ၁၂ ဦး စုစုပေါင်း ၂၈ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူများမှာ AA အဖွဲ့ဝင်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်မှ အမျိုးသား ငါးဦး၊ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ အမျိုးသား ခုနစ်ဦး၊ ပေါက်တောမြို့နယ်မှ အမျိုးသား တစ်ဦး၊ မြောက်ဦးမြို့နယ်မှ အမျိုးသား တစ်ဦး၊ မင်းပြားမြို့နယ်မှ အမျိုးသား တစ်ဦး AA အဖွဲ့ဝင် စုစုပေါင်း ၁၅ ဦး၊ PDF အဖွဲ့ဝင်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့မှ အမျိုးသားခြောက်ဦး၊ ကြံခင်းမြို့နယ်မှ အမျိုးသားတစ်ဦး၊ ညောင်တုန်းမြို့နယ်မှ အမျိုးသား တစ်ဦး၊ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်မှ အမျိုးသား တစ်ဦး၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှ အမျိုးသားတစ်ဦး စုစုပေါင်း PDF အဖွဲ့ဝင် ၁၂ ဦးနှင့် PLF အဖွဲ့ဝင်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ အမျိုးသားတစ်ဦး စုစုပေါင်း ၂၈ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူများအား အသိပညာပေး အမှာစကားပြောကြားသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် အမ်အေ-၁ သုံးလက်၊ အမ်အေ-၃ တစ်လက်၊ အမ်-၂၂ တစ်လက်၊ အမ်အေ -၁၁ တစ်လက်၊ Type -81 တစ်လက်၊ ပါရီအမျိုးအစား မောင်းပြန်ရိုင်ဖယ် သုံးလက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၉၁ တောင့်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်လျှင် ဆုကြေးငွေကျပ်သိန်း ၅၀ နှုန်းဖြင့် သေနတ် ၁၀ လက်အတွက် ကျပ်သိန်း ၅၀၀ နှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ၂၈ ဦးအတွက် ငွေကျပ် ၈၄ သိန်း စုစုပေါင်းချီးမြှင့် ငွေကျပ် ၅၈၄ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူများကိုယ်စား အုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူများအား ခံဝန်ကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံအဖွဲ့ဝင်များသည် မိသားစု ဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်နေမှုများကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်း ခွဲခြား၍ အချင်းချင်း ဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊ အနေအစား ဆင်းရဲ၍ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ် ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်း တို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အလင်းဝင်(၁)
ကျွန်တော် ၂၀၂၄ ခုနှစ် ၈လပိုင်း ၁၅ ရက်နေ့မှာ ရွာကို စောကရင် ဆိုတဲ့ တပ်ခွဲမှူးဝင်လာပါတယ်။ ဝင်ပြီးတော့ တစ်အိမ်တစ်ယောက် မဲနှိုက်ခိုင်းပါတယ်။ မနှိုက်ဘူးလို့ ပြောတဲ့ အခါကျတော့ တစ်အိမ် တစ်ယောက် ဖမ်းဆီးခေါ်သွားပါတယ်။ ပြီးတော့ ကျွန်တော်တို့ကို ကားပေါ်တင်ပြီး ရင်း (၉)ကို ပို့ပါတယ်။ ရင်း (၉)မှာ သင်တန်း သုံးလတက်ပါတယ်။ အလုပ်ကပြီးရင် ကျွန်တော်တို့ သင်တန်း နောက်ထပ် ထပ်တက်ပါတယ်။ တက်တဲ့အချိန်မှာ ကျွန်တော်တို့ကို သင်တန်းသား ရိုက်နည်းနဲ့ရိုက်တာကို မဟုတ်ပါဘူး၊ သူ့ရဲ့စိတ်မှာ ရဲဘော် တစ်ယောက်ကိုရိုက်တာ မဟုတ်ပါဘူး။ နင်းကန်နှိပ်စက် နေတာပါ။ ကျွန်တော်တို့ သင်တန်းသုံးလမှာ လက်နက်ငယ် သင်တန်း၊ တိုက်ခိုက်ရေးသင်တန်း၊ ပြီးရင် ကုန်းထိုး ကျားထိုးတာတွေ သင်ပေးတယ်။ ပြီးရင် ခြံစည်းရိုး ဖြတ်တဲ့နည်းတွေ အဲဒါမျိုးတွေ ကျွန်တော်တို့ကို သင်ပေးပါတယ်။ ကျွန်တော် သင်တန်းဆင်းပြီးတော့ ဧရာဝတီရိုးမစစ်ကြောင်း တပ်ရင်း ၃ ကို ကျွန်တော်တို့ကို ပို့ပါတယ်။ တိုက်တဲ့အချိန်မှာ PDF နှစ်ဦး ကျဆုံးခဲ့ပါတယ်။ ယုံကြည်ချက် မရှိဘဲ ကျွန်တော်အဲဒီထဲ ရောက်သွားတာပါ။ ပြေးခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ ညောင်အိုင်ရွာက နေပြီးတော့ ကွင်းကလေးကို ပြေးပါတယ်။ ပြေးတဲ့အချိန်မှာ ကျွန်တော်တို့ကို ကွင်းကလေး ရွာထိပ်ကနေ ပြန်ဖမ်းပါတယ်။ ဖမ်းပြီးတော့ ကျွန်တော်တို့ကို ၁၅ ရက် ခြောက်ပေါက်ချပါတယ်။ လက်နက် ခဲယမ်းတွေလည်း သိမ်းသွားပါတယ်။ ထပ်ပြေး လည်းပြေးရော ကျွန်တော်တို့ တပ်မတော်အဖွဲ့တွေနဲ့ တွေ့ပါ တယ်။ တပ်မတော်နဲ့ ချိတ်ဆက်ပြီး တပ်မတော်အဖွဲ့ တွေကလည်း ပုသိမ်ဘက်ကို ကျွန်တော်တို့ကို ပို့လိုက်ပါတယ်။ တပ်မတော်ထံ အလင်းဝင်တော့ ကျွန်တော်တို့ကို ရိုက်လည်းမရိုက် ပုတ်လည်းမပုတ်ပါဘူး။ ကျွန်တော် တို့ တပ်မတော်အဖွဲ့ထဲကို အလင်းဝင်မယ်ဆိုရင် PDF သူပုန်တွေက ကျွန်တော်တို့ကို ပြောပါတယ်။ မင်းတို့ တပ်မတော်ထဲဝင်ရင် သတ်မှာဖြတ်မှာ၊ မင်းတို့ကို အရှင်မထားဘူး။ မင်းတို့ကို သတ်ပြီးတော့ ရေထဲမျှောပစ်မှာလို့ ပြောပါတယ်။ ကျွန်တော်တို့ အလင်းဝင်တဲ့အခါကျတော့ တပ်မတော်က ကောင်းမွန်စွာ ကျွေးပါတယ်။ ဒီက အရာရှိပုဂ္ဂိုလ်တွေကလည်း မနက်စာကို ထမင်းကြော်ရယ်၊ လက်ဖက်ရည်ရယ် တိုက်ပါတယ်။ ကျွန်တော်တို့ အလင်းဝင်ရောက် လာတဲ့သူတွေကို တပ်မတော်မှာ ရှိတဲ့ တာဝန်ရှိသူတွေနဲ့ အစိုးရမှာ ရှိတဲ့ တာဝန်ရှိသူတွေက အခမ်း အနားနဲ့ ကြိုဆိုခဲ့ပါတယ်။ ပြီးရင် ကျွန်တော်တို့ကို ထောက်ပံ့ကြေး ငွေတွေလည်း ပေးခဲ့ပါတယ်။ မိသားစုနဲ့ ပြန်ဆုံခွင့်ရအောင် လုပ်ပေးခဲ့တဲ့ တပ်မတော်မှာ ရှိတဲ့ တာဝန်ရှိသူတွေကိုလည်း ကျွန်တော်တို့ အလင်းဝင် ညီအစ်ကိုတွေက အထူးပဲကျေးဇူး တင်ရှိပါတယ်။ PDF အကြမ်းဖက် အဖွဲ့ထဲမှာရှိတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို ကျွန်တော်က ဒီကပဲ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော်တို့ ဒီမှာထားတာ နွေးနွေးထွေးထွေး ကြိုဆိုတယ်။ ဟိုဘက်မှာ နေရတာက ချုံကြိုချုံကြား၊ မြောင်းကြိုမြောင်းကြားမှာ အိပ်နေရတဲ့ သူငယ်ချင်းအပေါင်းတို့ကို ဒီကပဲ ခေါ်ချင်ပါတယ်။ တပ်မတော်ကလည်း နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ တကယ်လို့ လာချင်ခဲ့ရင် တပ်မတော်ကို ချိတ်ဆက်လုပ်ပြီးတော့ အလင်းဝင်လာခဲ့ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
အလင်းဝင် (၂)
ကျွန်တော် AAထဲကို ရောက်သွားတဲ့ အကြောင်းရင်းကတော့ ကျွန်တော်နေတဲ့ ရပ်/ရွာမှာ လာပြီးတော့ စစ်မှုထမ်းဖို့၊ မင်းငါတို့နဲ့ သင်တန်းတက်ဖို့ ဒီတစ်ခေါက်မှာ လိုက်ခဲ့ဖို့ ကျွန်တော့်ကို ခေါ်သွားတယ်။ ဒီတစ်ခေါက်မှာ မင်းလိုက်ရင်လိုက် မလိုက်လို့ရှိရင် နောက်တစ်ခါဆိုလည်း မင်းတို့တွေ မဖြစ်မနေ ဒီထဲကို ဝင်ရမှာပဲဆိုပြီးတော့၊ ငါခေါ်တဲ့ ဒီတစ်ခေါက်မှာလိုက်ရင်လိုက် မလိုက်လို့ရှိရင် နောက်တစ်ခေါက်ကျလို့ရှိရင် မင်းအိမ်ကိုလည်း ပြန်လာရမှာ မဟုတ်ဘူး။ ငါဒီတစ်ခေါက် ခေါ်တယ်ဆိုတာ မင်းတို့ကို စေတနာရှိလို့ခေါ်တာ။ အဲဒီလိုမျိုး ကျွန်တော့်ကို ပြောပြီးတော့ ခေါ်သွားတယ်။ အလင်းသာကို ပို့တယ်။ အလင်းသာ တောကျောင်းဆိုတဲ့နေရာမှာ ကျွန်တော် သင်တန်းကျောင်းတက်ရတယ်။ ကျွန်တော်တို့ ရဲဘော်တွေပဲ ရှေ့တန်းမှာ နေရတယ်။ သူတို့က တော့ နောက်ကနေ နေတယ်။ ကျွန်တော်တို့ကတော့ ရှေ့မှာ တိုက်ရတာပေါ့။ အသေခံ ပြီးတော့ ကုန်းတစ်ကုန်းထိုးလို့နိုင် သွားရင်ကောင်းတယ်။ မနိုင်ဘဲနဲ့ ပြန်ဆုတ်သွားရင်လည်း နောက်က တပ်ခွဲမှူး ဆိုတဲ့လူက သေနတ်ကို မောင်းတင်ပြီး စောင့်နေတယ်။ မင်းတို့ လုံးဝဆုတ်မိန့်မရှိဘဲနဲ့ မဆုတ်ရဘူး။ အဲဒီတော့ ကျွန်တော် တို့ထဲကပဲ သူငယ်ချင်း တစ်ယောက်နဲ့ တွေ့ပြီးတော့ အဲဒီ သူငယ်ချင်းနဲ့ ကျွန်တော် တိုင်ပင် တယ်။ အေး ငါတို့ ဒီထဲမှာ ရှေ့ဆက်ပြီး နေလို့ရှိရင် ဘာမှ အကျိုးမရှိဘူး၊ ငါတို့အသက်တွေ ဆုံးရှုံးသွားတာပဲရှိမယ်။ ကျွန်တော်တို့နှစ်ယောက် ထွက်ပြေးဖို့ တိုင်ပင်ကြပါတယ်။ တိုင်ပင်ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ထွက်ပြေးလာတယ်။ ရဲစခန်းကို ကျွန်တော်တို့ အဆက်အသွယ်လုပ်တယ်။ ရဲစခန်းက ရဲတွေလာပြီးတော့ ကျွန်တော်တို့ကို ခေါ်တယ်။ ကျွန်တော်တို့ကို ပုသိမ်ပို့တယ်။ ပုသိမ် ပို့ပေးတဲ့အချိန်မှာလည်း ပုသိမ်ရောက်တာနဲ့ ကျွန်တော်တို့ကို နွေးနွေးထွေးထွေးပဲကြိုဆိုကြပါတယ်။ နွေးနွေးထွေးထွေး ကြိုဆိုတဲ့အပြင် ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန်ပဲ ထားပါတယ်။ ကျွန်တော်တို့ အလင်းဝင်လာတဲ့ လူတွေကို နိုင်ငံတော်နဲ့ တပ်မတော်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အခမ်းအနားကြီးတွေနဲ့ လုပ်ပေးတယ်။ ပြီးလို့ရှိရင် ထောက်ပံ့ကြေး ငွေဆိုလည်း ပေးပါတယ်။ ပြီးလို့ရှိရင် မိဘတွေနဲ့ ကွဲကွာနေတဲ့လူတွေကို မိဘတွေနဲ့လည်း အဆက်အသွယ်ရအောင် လုပ်ပေးတယ်။ နိုင်ငံနဲ့ တပ်မတော်မှာ တာဝန်ရှိတဲ့လူတွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လိုပဲ အလင်းလာဝင်ကြပါ။ ကိုယ့်ဘဝခံယူချက် ဘာမှမရှိဘဲနဲ့ အဲဒီမှာ ဆက်ပြီးတော့ မနေကြပါနဲ့၊ ကျွန်တော် အားလုံးကို ဖိတ်ခေါ်ပါတယ်။
သတင်းစဉ်


