UFC 332 တွင် ဝမ်ချုန်းကို အနိုင်ယူပြီး အမျိုးသမီးဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်လာသည့် နာတာလီယာ

အမေရိကန်ပြည်ထောင်စု ယူတားပြည်နယ် ဆော့တ်လိတ်မြို့ရှိ Delta Center ၌ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့်   UFC 332  ပြိုင်ပွဲ၏ ခေါင်ပွဲတွင်  ဘရာဇီးသူ   နာတာလီ ယာဆီးလ်ဗားက တရုတ်ဖိုက်တာ   ဝမ်ချုန်းကို   ဒိုင်များ၏  တညီတညွတ်တည်း အမှတ်ပေးမှုဖြင့် အနိုင်ရရှိပြီး အမျိုးသမီး  ဖလိုင်းဝိတ်တန်းချန်ပီယံ ခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သည်။ 

၎င်းသည် ကနဦးတွင် ကာဂျစ်စတန် ဖိုက်တာ ဗယ်လန်တီယာရှက်ဗ်ရှန်ကိုနှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ရှက်ဗ်ရှန်ကို ဒဏ်ရာရရှိခဲ့သည့် အတွက် ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

 ငါးမိနစ် ငါးချီယှဉ်ပြိုင်ရသည့် အဆိုပါ ချန်ပီယံခါးပတ်လုပွဲတွင် ဆီးလ်ဗားက ၎င်း၏ လျင်မြန်သော လှုပ်ရှားမှုများ၊ တိကျသေချာသည့် ထိုးချက်၊ ကန်ချက်များနှင့်အတူ  ပြိုင်ဘက်  ဝမ်ချုန်းကို အသာစီးမှ ထိုးသတ်နိုင်ခဲ့သည်။ ဝမ်ချုန်းသည် နောက်ပိုင်းအချီများတွင် ဆီးလ်ဗားကို ပြန်လည်ဖိအားပေး ထိုးသတ်နိုင်ခဲ့သော်လည်း အားပါပြင်းထန်သည့် ထိုးချက်၊ ကန်ချက်များ လုပ်ဆောင်နိုင်ခြင်းမရှိသည့် အတွက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၉ နှစ်ရွယ် နာတာလီယာသည် ယခုအနိုင်ပွဲကြောင့် UFC ပြိုင်ပွဲတွင် ကိုးပွဲထိုးသတ်ပြီး ကိုးပွဲစလုံး နိုင်ပွဲရရှိသည့် မှတ်တမ်းတစ်ရပ်  ပိုင်ဆိုင်ခဲ့သည့်အပြင် ၂၀၁၇ ခုနှစ် နောက်ပိုင်း MMA ကစားသမားဘဝ ၁၅ ပွဲဆက် နိုင်ပွဲရရှိသည့် မှတ်တမ်းတစ်ရပ်လည်း ပိုင်ဆိုင်ခဲ့သည်။

အဆိုပါ ပွဲစဉ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးအမျိုးသမီးခေါင်ပွဲစဉ်ဖြစ်ကြောင်း သိရသည်။

ဒုခေါင်ပွဲအဖြစ် ထိုးသတ်ခဲ့သည့် ဘန်တန်ဝိတ်တန်းပြိုင်ပွဲတွင် အမေရိကန်ဖိုက်တာ  ပေတန်တားဘော့လ်က ဘရာဇီးဖိုက်တာ ဖေဂူရီဒိုကို ပထမအချီတွင် အလဲထိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

မိုးဇက်